မြန်မာအစိုးရက ဖွဲ့စည်းသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ဇန်နဝါရီလကတည်းက ကော့ဘဇားသို့ သွားရောက်ရန် သုံးကြိမ်တိုင် မေတ္တာရပ်ခံခဲ့သော်လည်း အကြောင်းပြန်မှု မရှိသေးဘဲ ကောင်းမွန်သည့် အစီရင်ခံစာထွက်ရှိရန် ဘင်္ဂလားဒေ့ရှ်၏ ပူးပေါင်းဆောင်ရွက်မှုလိုကြောင်း မြန်မာအမြဲတမ်း ကိုယ်စားလှယ် ပြောကြား

မြန်မာအစိုးရက ဖွဲ့စည်းသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ဇန်နဝါရီလကတည်းက ကော့ဘဇားသို့ သွားရောက်ရန် သုံးကြိမ်တိုင် မေတ္တာရပ်ခံခဲ့သော်လည်း အကြောင်းပြန်မှု မရှိသေးဘဲ ကောင်းမွန်သည့် အစီရင်ခံစာထွက်ရှိရန် ဘင်္ဂလားဒေ့ရှ်၏ ပူးပေါင်းဆောင်ရွက်မှုလိုကြောင်း မြန်မာအမြဲတမ်း ကိုယ်စားလှယ် ပြောကြား
ကုလသမဂ္ဂတွင် ရှင်းလင်းပြောကြားနေသည့် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း (ရှေ့တန်း) ကို တွေ့ရစဉ်
ကုလသမဂ္ဂတွင် ရှင်းလင်းပြောကြားနေသည့် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း (ရှေ့တန်း) ကို တွေ့ရစဉ်
Published 13 July 2019
မင်းနိုင်စိုး

မြန်မာအစိုးရက ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခုနှစ် ဇန်နဝါရီလ ကတည်းက ကော့ဘဇားသို့ သွားရောက်ရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ သုံးကြိမ်တိုင်တိုင် မေတ္တာရပ်ခံ ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာမရှိဘဲ ကောင်းမွန်သည့် အစီရင်ခံစာ ထွက်ရှိရန် ဘင်္ဂလားဒေ့ရှ်၏ ပူးပေါင်းဆောင်ရွက်မှုလိုကြောင်း မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြားသည်။

ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း ဇူလိုင် ၁၀ ရက်၌ ပြုလုပ်သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အပြန်အလှန် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်စား ဒုတိယမဟာမင်းကြီးက နှုတ်ဖြင့် အစီရင်ခံ တင်ပြခဲ့ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက သက်ဆိုင်ရာနိုင်ငံ အနေဖြင့် ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး ထိုသို့ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်၍ ခိုင်မာသည့် သက်သေအထောက်အထားများ ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ ယင်းကော်မရှင်သည် ယခုနှစ် ဇန်နဝါရီလ ကတည်းက ကော့ဘဇားသို့ သွားရောက်ရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ သုံးကြိမ်တိုင်တိုင် မေတ္တာရပ်ခံ ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ယခုအချိန်အထိ အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာ မရှိသေးကြောင်း၊ ကောင်းမွန်သော အစီရင်ခံစာတစ်ခု ထွက်ရှိရန် ကော်မရှင်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုလိုကြောင်း၊ မြန်မာအစိုးရအနေဖြင့် ထိခိုက်ခံစားခဲ့ကြရသည့် အသိုက်အဝန်း အားလုံးထံသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရန်နှင့် အသိုက်အဝန်းများ အားလုံးအကြား သဟဇာတ ပိုမိုရှိလာစေရေးနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် ဆောင်ရွက်နေကြောင်း” ဟု မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေးအတွက် နိုင်ငံတော်မှ အရင်းအမြစ်များ အသုံးပြု၍ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ရှင်းလင်းခဲ့သည်။

ဇူလိုင်လကုန်တွင် မြန်မာဘက် ပူးတွဲလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ ကော့ဘဇားသို့ သွားရောက်ရန် စီစဉ်ထားရှိမှု၊ နေရပ်စွန့်ခွာသူများအား အချက်အလက်များ ဖြန့်ဝေရေးနှင့် နေအိမ်များ တည်ဆောက်ရေးတွင် ခင်မင်ရင်းနှီးသော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်တွင် မြန်ဆန်ထိ ရောက်သည့် စီမံကိန်းများ (Quick Impact Projects) တွင် UNDP၊ UNHCR တို့နှင့် ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ AHA Centre နှင့် ပူးပေါင်းဆောင်ရွက်မှု အပါအဝင် မြန်မာဘက်မှ ပြင်ဆင်ထားရှိမှုများကိုလည်း ကောင်စီသို့ အသိပေး ပြောကြားခဲ့ပြီး ကော့ဘဇားသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရရှိလိမ့်မည်ဟု မြန်မာအနေဖြင့် မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။

နေရပ်စွန့်ခွာသူများ ၎င်းတို့၏ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနှင့် လုံခြုံမှုရှိစွာ နေရပ်ပြန်နိုင်ရေးကိစ္စတွင် မြန်မာအစိုးရက ကြိုးပမ်းဆောင်ရွက်မှု နည်းပါးကြောင်း (သို့မ ဟုတ်) ကြိုးပမ်းအားထုတ်မှု မရှိကြောင်း စွပ်စွဲပြောဆိုနေခြင်းများနှင့် ပတ်သက်၍ အခြေအနေအရပ်ရပ်ကို ဓမ္မဓိဋ္ဌာန်ကျကျဖြင့် ရှုမြင်သုံးသပ်ရန် တိုက်တွန်းလိုကြောင်း၊ နေရပ်စွန့်ခွာသူများအပေါ် မုတ်သုံရာသီကြောင့် ကျရောက်နိုင်သည့် ဘေးအန္တရာယ်အတွက် စိုးရိမ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ သဘောတူညီထားသည့်အတိုင်း ပြန်လည်လက်ခံရန် အသင့်ဖြစ်နေကြောင်း ဦးကျော်မိုးထွန်းက ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ စစ်မှန်သော စိတ်ရင်းဖြင့် ပူးပေါင်းဆောင်ရွက်မှု အဓိက လိုအပ်ကြောင်းနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း ကဲ့သို့သော နိုင်ငံတကာ မျက်နှာစာများ (International Platforms) ကို အလွဲသုံးစားပြု၍ မြန်မာနိုင်ငံပေါ် ဖိအားပေးမှုများကို လုံးဝရှောင်ကြဉ်ရန် လိုကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများသည် ရှုပ်ထွေးနက်နဲသည့် စိန်ခေါ်မှုများဖြစ်ပြီး အဆိုပါစိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရေးအတွက် အစိုးရအနေဖြင့် ခိုင်မာစွာ ဆုံးဖြတ်ထားကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းက မည်သို့မျှ အကျိုးမဖြစ်ထွန်းနိုင်သည့် ဖိအားပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှု မရှိသည့် အပြုအမူများနှင့် အပြုသဘော မဆောင်သည့် လုပ်ရပ်များ ဆက်လက် လုပ်ဆောင်နေပါက စိန်ခေါ်မှုများကို ပိုမိုကြာရှည် ဆိုးဝါးလာစေနိုင်သည့်အပြင် ငြိမ်းချမ်းသည့် သံတမန် နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်မှုများကို သွေဖည်သွားစေနိုင်ကြောင်း မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အတည်မပြုနိုင်သည့် စွပ်စွဲချက်များအား လူ့အခွင့်အရေး ကောင်စီ၏ အစီရင်ခံစာများတွင် ဖော်ပြပါရှိနေခြင်းကို စိုးရိမ်ကြောင်း၊ လက်ရှိအစိုးရသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အရေးကြီး ဦးစားပေး ကိစ္စရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ရှင်းလင်းပြောကြားခဲ့သည်။             

 

 

Most Read

Most Recent