ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာ၌ နိုင်ငံခြားသားများနှင့် ပြည်တွင်းပြည်ပမှ နိုင်ငံခြားကုမ္ပဏီအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် စတင်ခွင့်ပြု

ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာ၌ နိုင်ငံခြားသားများနှင့် ပြည်တွင်းပြည်ပမှ နိုင်ငံခြားကုမ္ပဏီအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် စတင်ခွင့်ပြု
ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာ အရောင်းအဝယ်ဖြစ်ပေါ်နေမှုကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာ အရောင်းအဝယ်ဖြစ်ပေါ်နေမှုကို တွေ့ရစဉ်
Published 13 July 2019
ဖြိုးဝေ

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ရာ၌  နိုင်ငံခြားသားများနှင့် ပြည်တွင်းပြည်ပမှ နိုင်ငံခြားကုမ္ပဏီအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က စတင်ခွင့်ပြုလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် အစုရှယ်ယာများ၏ ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားသားများကို ရှယ်ယာထည့်ဝင်ခွင့်ပြုပြီးနောက် အရောင်းအဝယ်ကျဆင်းနေသည့် ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ အစုရှယ်ယာအရောင်းအဝယ်ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအာဏာ တည်သည့် ၂၀၁၈ ခုနှစ် သြဂုတ်ကပင် စတင်ကြိုးပမ်းနေခြင်းဖြစ်သော်လည်း လက်ရှိအချိန်မှသာ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က စတင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ထိုသို့ ခွင့်ပြုလိုက်သော်လည်း လက်ရှိအချိန်တွင် နိုင်ငံခြားသားများအနေဖြင့် အစုရှယ်ယာများ အရောင်းအဝယ်တွင် ချက်ချင်းပါဝင်နိုင်ဦးမည်မဟုတ်ဘဲ ရန်ကုန်စတော့အိတ်ချိန်းက အတည်ပြုကြေညာမှသာ စတင်အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၌ လက်ရှိတွင် စာရင်းဝင်ကုမ္ပဏီငါးခုရှိနေပြီး အဆိုပါ ကုမ္ပဏီများတွင် ပါဝင်ဆောင်ရွက်နိုင်မည့်သူများမှာ နိုင်ငံခြားသားများနှင့် အဖွဲ့အစည်းဖြစ်ပါက ပြည်တွင်း၌ ဖွဲ့စည်းတည် ထောင်ထားသည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအပြင် ပြည်ပနိုင်ငံတစ်ခုတွင် ဥပဒေနှင့်အညီ တည်ထောင်ထားသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများပါ ရန်ကုန် စတော့အိတ်ချိန်း၌ အစုရှယ်ယာ အရောင်းအဝယ် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှိနေသည့် စာရင်းဝင်ကုမ္ပဏီများအနေဖြင့် မိမိတို့၏ ကုမ္ပဏီတွင် နိုင်ငံခြားပိုင်ဆိုင်မှုကို မည်သည့်ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ပြုမည်ကို ရန်ကုန်စတော့အိတ်ချိန်းသို့ ကြို၍ တင် ပြရမည်ဖြစ်ပြီး ထိုသို့တင်ပြရာတွင် သက်ဆိုင်ရာလုပ်ငန်းကြီးကြပ်သည့် အဖွဲ့အစည်း၏ ခွင့်ပြုချက်ရရှိရန် လိုအပ်မည်ဖြစ်သည်။

ထို့အတူ ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ စတင်ရောင်းဝယ်နိုင်မည့် နေ့ရက်အား သတ်မှတ်ကြေညာပေးခြင်း၊ နိုင်ငံခြားသားများ ပါဝင်ရင်းနှီးမြှုပ်နှံရန် လိုအပ်သော စည်းမျဉ်းများကို ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ခွင့်ပြုချက် ကြိုတင်ရယူ၍ ထုတ်ပြန်ခြင်း၊ အစု ရှယ်ယာများအရောင်းအဝယ်ပြုလုပ်ရာ၌ အစုရှယ်ယာတစ်မျိုးတစ်စားတည်း ထားရှိ ဆောင်ရွက်ခြင်း၊ စာရင်းဝင်ကုမ္ပဏီအသီးသီးက ကော်မရှင်သို့ တင်ပြထားသည့် နိုင်ငံခြားပိုင်ဆိုင်မှုကို လက်ခံခွင့်ပြုမည့် ရာခိုင် နှုန်းအတွင်းသာ အရောင်းအဝယ်ဆောင်ရွက်စေခြင်း၊ စာရင်းဝင်ကုမ္ပဏီများ၏ နိုင်ငံခြားပိုင်ဆိုင်မှုကို တွက်ချက်သည့်အခါ ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ပြီးမြောက်၍ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများတွင် အစုရှယ်ယာများ မှတ်တမ်းတင်သည့်အချိန်၌ နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ၎င်းဝယ်ယူထားသည့် တိုက်ရိုက်အစုရှယ်ယာပိုင်ဆိုင်မှုကိုသာ နိုင်ငံခြားပိုင်ဆိုင်မှုဟု တွက်ချက်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လတွင် စတင်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းသည် ယခုနှစ် ဇွန်လကုန်အထိ ကျပ် ၄ ဒသမ ၅၈ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ထားသည်။

 

Most Read

Most Recent