ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တစ်ဆို့မှုများ ကျော်လွှားနိုင်ရေးအတွက် PPSTအလုပ်အဖွဲ့၏ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် သုံးရက်ကြာပြုလုပ်နေ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တစ်ဆို့မှုများ ကျော်လွှားနိုင်ရေးအတွက် PPSTအလုပ်အဖွဲ့၏ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် သုံးရက်ကြာပြုလုပ်နေ
ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အလုပ်အဖွဲ့၏ အစည်းအဝေးကျင်းပနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- Myo Win Facebook)
ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အလုပ်အဖွဲ့၏ အစည်းအဝေးကျင်းပနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- Myo Win Facebook)
Published 6 July 2019
မင်းနိုင်စိုး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာတစ်ဆို့မှုများ ကျော်လွှားနိုင်ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အလုပ်အဖွဲ့၏ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဇူလိုင် ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ပြုလုပ်နေကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)  ၏ အစည်းအဝေးကို မေ ၁၄ ရက်မှ ၁၈ ရက် အထိ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်ခဲ့ပြီး အ ဆိုပါအစည်းအဝေးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တစ်ဆို့မှုများ ကျော်လွှားနိုင်ရေးအတွက် ယခု အလုပ်အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

“အခုက EAO အလုပ်အဖွဲ့ရဲ့ အစည်းအဝေးပါ။ အလုပ်အဖွဲ့က ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ကိစ္စလေးတွေ ဘယ်လိုကျော်လွှားသွားကြမလဲဆိုတာပါတယ်လေ။ အဲဒီကိစ္စကို အဓိကထားပြီး ကျွန်တော် တို့ ဆွေးနွေးနေပါတယ်” ဟု RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

သုံးရက်ကြာ ပြုလုပ်နေသည့် PPST အလုပ်အဖွဲ့ အစည်းအဝေးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တစ်ဆို့မှုများ ကျော်လွှားနိုင်ရေးအတွက် သဘောထားစုစည်းချက်များကို ရယူသွားမည်ဖြစ်ပြီး အဆိုပါသဘော ထား စုစည်းချက်များကို ဆွေးနွေးရေးအဖွဲ့က ယူဆောင်၍ အစိုးရနှင့် သွားရောက်တွေ့ဆုံဆွေးနွေးရန် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက စီစဉ်ထားသည်။

“အဲဒါ ဆွေးနွေးပြီးမှပဲ အဆင်သင့်ဖြစ်တဲ့အချိန်ကျရင်ရင် ခုနကပြောသလို တစ်ဖက်က အစိုးရနဲ့ သွားဆွေးနွေးဖို့ ရှိပါတယ်။အဓိကကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေပါပဲ”  ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ယခုအစည်းအဝေးမှ ရရှိလာသော သဘောထားစုစည်းချက်များကို အစိုးရနှင့် ဆွေးနွေးပြီးနောက် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည် ကျင်းပနိုင်ရေးသည်လည်း လမ်းပွင့်သွားပြီဟု ပြောနိုင်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

၂၀၁၉ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပြုလုပ်သည့် PPSTအဖွဲ့၏ အလုပ်အဖွဲ့အစည်းအဝေး ပထမနေ့သို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်မှ ကိုယ်စားလှယ် တက်ရောက်ခဲ့ခြင်း မရှိကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။ 

၂၀၁၈ ခုနှစ်  အောက်တိုဘာက နေပြည်တော်တွင် ကျင်းပခဲ့သော အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် ခွဲမထွက်ရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ တစ်ခုတည်းသော တပ်မတော် ထားရှိရေး ဟူသော အချက်သုံးချက်နှင့်ပတ်သက်၍ ဆွေးနွေးဖက်များအကြား ပြေလည်မှုမရရှိသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ရပ်တန့်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့နောက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (UMC) စသည့်အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည်လည်း ရှမ်းပြည်နယ် JMC အစည်းအဝေး တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခဲ့သည်။

 

Most Read

Most Recent