AA ထိပ်ပိုင်းခေါင်းဆောင်ငါးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ရဲတပ်ဖွဲ့က မြောက်ဦးမြို့နယ်တွင် အမှုဖွင့်ထား

AA ထိပ်ပိုင်းခေါင်းဆောင်ငါးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ရဲတပ်ဖွဲ့က မြောက်ဦးမြို့နယ်တွင် အမှုဖွင့်ထား
Published 6 July 2019
မင်းနိုင်စိုး

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)  စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်အပါအဝင် AA အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်ငါးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ဒုရဲမှူးတစ်ဦးက မြောက်ဦးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာ ဒေသခံ ခုနစ်ဦးနှင့် AA ထိပ်ပိုင်းခေါင်း ဆောင်ငါးဦးတို့ကို ဒုရဲမှူးအောင်သူရက တရားလိုပြုလုပ်၍ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ပုဒ်မ ၅၂ (က) ဖြင့် ဧပြီလက တည်းက အမှုဖွင့်ထားကြောင်း စွပ်စွဲခံထားရ သူများ၏ ရှေ့နေဖြစ်သူ ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ပြောကြားသည်။

“အမှုဖွင့်ထားတာတော့ ကြာလှပါပြီ။အခုမှ စစ်တွေခရိုင်တရားရုံးကို ရောက်လာတာပေါ့။ စစ်တွေခရိုင်တရားရုံးကို ရောက်တဲ့အခါမှာ ကျွန်မက အဲဒီအမှုရဲ့မူလအမှုမှာ တရားခံ  ၁၂  ယောက်ထဲက ခြောက်ယောက်ကို လိုက်တဲ့အတွက် သိတာ။ ဧပြီလကတည်းက ဖွင့်ထားတာ။ အမှုမလိုက်ရင်တော့ မသိပါ ဘူး။ အမှုလိုက်တဲ့အခါ ဆက်စပ်ရင်းလေ့လာတော့ သိတာ။ တရားလိုက ဒုရဲမှူး အောင်သူရတဲ့။ မြောက်ဦးရဲစခန်းမှာ ဖွင့်ထားတာ” ဟု ရှေ့နေဖြစ်သူ ဒေါ်အေးနုစိန်က ပြောကြားသည်။

AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဦးကျော်ဟန် ၊ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ၊ စံရွှေမောင်တို့သည် ၎င်းတို့လိုချင်သော အရာကို တရားဝင်ပြောဆို၍ လက်နက်စွဲကိုင်ကာ တော်လှန်ရေးလုပ်နေခြင်းဖြစ်ပြီး ၎င်းတို့ကို  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှု ဖွင့်ခြင်းသည် ရယ်စရာကောင်းကြောင်း ဒေါ်အေးနုစိန်က ပြောကြားသည်။

AA အဖွဲ့သည် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီး အောက်ခြေတွင် အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားခြင်းသည် ဟာသတစ်ခုဖြစ်သည်ဟု   ရှေ့နေဖြစ်သူ ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ပြောကြားသည်။

“အမှန်တကယ်ကတော့ ကျွန်တော် မြင်တာကတော့ သူတို့ရဲ့လုပ်ရပ်တွေနဲ့ဆိုရင်တော့ ကျွန်တော်တို့က ဖွင့်လို့ရတဲ့ အခြေအနေမျိုးပဲ၊ ဒီလောက်ပဲ ကျွန်တော် ပြောချင်ပါတယ်။ ဘာလို့ ဖွင့်လို့ရတဲ့အခြေအနေမျိုးလဲ ဆိုတော့ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာ မိုင်းထောင်တာ၊ မိုင်းခွဲတာ၊ ပြီးရင် အများပြည်သူရဲ့ လုပ်ငန်း အကျိုးစီးပွား အဆောက်အအုံတွေကို အကြမ်းဖက်မှုဥပဒေထဲမှာ ဖျက်လို ဖျက်ဆီးလုပ်ရင် ဒါကို အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်တာမျိုးရှိတယ်။ ကျွန်တော်တို့ ပလက်ဝတံတားစီမံကိန်းအတွက် သံပေါင်တွေ သယ်သွားတဲ့ရေယာဉ်ဖျက်ဆီးတာမျိုးတို့ ပြီးရင် ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတို့ ဒါတွေကတော့ ကျွန်တော်တို့ အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းပါတယ်” ဟု အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။

အိန္ဒိယအစိုးရကို လက်နက်ကိုင်တော်လှန်နေသည့် အာသံ၊ ကသည်းသူပုန်များနှင့် ဆက်သွယ်ခြင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လက်ခံထားခြင်းတို့ကြောင့် နာဂ လက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင် ငါးဦးကို မတရားအသင်း ဆက်သွယ်မှုဖြင့် တပ်မတော်က ဖမ်းဆီးခဲ့ပြီး အမှုဖွင့်တရား စွဲဆိုရန် ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ကြောင်းသိရသည်။

ထိုသို့သော ဖြစ်စဉ်မျိုးကြောင့် လက်ရှိ အစိုးရ၊ တပ်မတော်တို့နှင့် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့၏ ဆွေးနွေးပွဲမှာ ကြန့်ကြာခဲ့ခြင်းဖြစ်နိုင်သလားဟု မေးမြန်းမှုအပေါ် မသက်ဆိုင်လောက်ကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ပြောကြားသည်။

 “အဲဒါနဲ့တော့ မဆိုင်လောက်ပါဘူး။ သူတို့ကိုယ်တိုင်ကလည်း သူတို့ကို တရားစွဲထားလို့ စွဲထားမှန်း သိချင်မှသိ မှာ။ ဒီဟာကလည်း တရားစွဲထားတယ်ဆိုတာကို ကျွန်တော်တို့ ခုမှသိရတာကို။ ကျွန်တော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေတဲ့ အချိန်မှာ ဒီကြားထဲမှာလည်း တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ထားတာရှိတာပဲ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးစဉ် ယခုကဲ့သို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရမှုနှင့်ပတ်သက်၍ အရေးယူမှု ရှိ မရှိ ဆိုသည်မှာ ဥပဒေကျွမ်းကျင်သူများက ပိုသိလိမ့်မည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) အရ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ခွဲငယ် (၁၆) မှ (၁၈) အထိပါရှိသော ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် အနည်းဆုံးထောင်ဒဏ် သုံး နှစ်မှ အများဆုံးထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) ၊ ပုဒ်မခွဲငယ် (၁၆) မှ (၁၈) အထိ သတ်မှတ်ချက်များမှာ အကြမ်းဖက်အုပ်စုဖွဲ့စည်းရန် ၊ အကြမ်းဖက်အုပ်စု တစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန် တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများ၊ အကြမ်းဖက်သမားကိုဖြစ်စေ ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန်အလို့ငှာ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့်ခှိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်း ခိုနေထိုင်ခွင့်ပေးခြင်း၊ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုတစ်ခုခုကို အဆောက်အအုနှင့်နေရာတစ်ခုခု သုံးပြုခွင့်ပေးခြင်း၊ အကြမ်းဖက်သင်တန်းပေးရန် နေရာစီစဉ်ပေးခြင်းတို့ ပါဝင်သည်။

 

Most Read

Most Recent