ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အင်္ဂလန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကဏ္ဍများ၌် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးလျက်ရှိ

ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အင်္ဂလန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကဏ္ဍများ၌် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးလျက်ရှိ
Published 6 July 2019
နီလာ

ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အင်္ဂလန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“အင်္ဂလန်က ကုမ္ပဏီတစ်ခုဆိုရင် နော်ဝေရဲ့ နည်းပညာ၊ ဂျာမနီရဲ့ စက်ပစ္စည်း၊ အင်္ဂလန်နိုင်ငံရဲ့ စီမံခန့်ခွဲမှုနဲ့ စင်ကာပူမှာ မှတ်ပုံတင်မယ်။ အဲဒီလိုမျိုး Multiple၊ အဲဒီလောက်ကို သူတို့က စနစ်တကျ လုပ်ပြီးလာတာ။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ဆွေးနွေးနေပါတယ်။ သူတို့က ရေအား၊ နောက်တစ်ခုက Gas Turbine ဖြစ်ပါတယ်” ဟု ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ကျွန်တော်တို့ဆီကို လာရောက် ဆွေးနွေးတာတွေ ရှိပါတယ်။ ဒါက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှာ ပဏာမ ဆွေးနွေးပြီးတော့မှ ဥပမာ လုပ်ငန်းလုပ်မယ်ဆိုရင် လိုအပ်တဲ့ Survey လုပ်တာတွေ၊ လိုအပ်တဲ့ MoU ထိုးတာတွေ စျေးနှုန်းညှိတာတွေ၊ ဘယ်နေရာမှာ လုပ်မလဲဆိုတဲ့ တိုင်းဒေသကြီးရဲ့ သဘောထား တူညီချက်တွေ၊ ဒေသခံတွေရဲ့ သဘောတူညီချက်တွေ စတဲ့ဟာတွေ အားလုံးပြီးမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို လာမှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ ဆွေးနွေးထားပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

လျှပ်စစ်ကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လာရောက် ဆွေးနွေးရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ စသည့် လိုအပ်ချက်များအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြောင်းလဲလိုက်သည့် မီတာခနှုန်းထားအရ နှစ်နှစ်အတွင်း တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ပေးနိုင်မည်ဟု ယူဆကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံများကလည်း တစ်ယူနစ် ကျပ် ၁၁၀ ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားမှုများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားမှုများ ရှိကြောင်း၊ ယင်းကဲ့သို့ ကမ်းလှမ်းရာတွင် တစ်ယူကို ကျပ် ၁၁၀ နှုန်းထားဖြင့် အဆိုပြု တင်ပြထားမှုများရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကို လာဆွေးနွေးတဲ့ အခြေအနေတွေက ပြီးခဲ့တဲ့ အစည်းအဝေး တွေမှာလည်း ပြောပါတယ်။ ၁၁၀ ကျပ်ဝန်းကျင်မှာ စျေးနှုန်းက ရှိနေပါတယ်။ အဲဒါက ကျွန်တော်တို့က LNG ကို ပြောတာပါ။ ဒီစျေးနှုန်းမျိုး ဖြစ်တဲ့အတွက် အခုစျေးနှုန်းက မျှခြေဖြစ်ပါတယ်။ ကျွန်တော်တို့က အစိုးရ အကျိုးအမြတ်ရဖို့ မဟုတ်ပါဘူး။ မျှခြေတစ်ခုမှာ နည်းနည်းပေးရတဲ့သူနဲ့ များများပေးရတဲ့သူ မျှခြေတစ်ခုမှာ ဖြစ်ဖို့ပဲ မျှော်မှန်းတာ ဖြစ်ပါတယ်}} ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။                         

 

Most Read

Most Recent