နှစ်ပေါင်း ၃၀ အတွင်း မြန်မာနို်င်ငံ၏ အဓိကကဏ္ဍ ၁၁ ခု၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၈၈၀၀ ကျော်ခွင့်ပြုထားပြီး အိမ်ခြံမြေကဏ္ဍ၌ ၂၂ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ခွင့်ပြုထား

နှစ်ပေါင်း ၃၀ အတွင်း မြန်မာနို်င်ငံ၏ အဓိကကဏ္ဍ ၁၁ ခု၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၈၈၀၀ ကျော်ခွင့်ပြုထားပြီး အိမ်ခြံမြေကဏ္ဍ၌ ၂၂ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ခွင့်ပြုထား
မေလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အခြေအနေ ဖော်ပြထားမှုကို တွေ့ရစဉ် (Photo : DICA)
မေလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အခြေအနေ ဖော်ပြထားမှုကို တွေ့ရစဉ် (Photo : DICA)
Published 6 July 2019
ဇေယျာငြိမ်း

နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံ၏ အဓိကကဏ္ဍ ၁၁ ခု၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၈၈၀၀ ကျော် ခွင့်ပြုပေးထားပြီး အိမ်ခြံမြေကဏ္ဍ၌ ၂၂ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် မေလအကုန်အထိ နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၅၇၄ ခု ခွင့်ပြုပေးထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၈၃၅ ဒသမ ၄၇၅ ဘီလျံကျော်အထိ ရှိကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း အိမ်ခြံမြေကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းဆိုင်ရာ အိမ်ခြံမြေကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သတ္တုတွင်းထွက်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားကဏ္ဍ စသည့်ကဏ္ဍ ၁၁ ခုသို့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အဓိက ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို လေ့လာကြည့်ပါက အိမ်ခြံမြေကဏ္ဍတွင် လုပ်ငန်း ၈၀ ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၄၁၈၂ ဒသမ ၂၉၀ ဘီလျံရှိသည်။ ရာခိုင်နှုန်းအားဖြင့် ၂၂ ရာခိုင်နှုန်းကျော်ရှိပြီး အများဆုံး ခွင့်ပြုပေးထားသည့် ကဏ္ဍဖြစ်သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်း ပေါင်း ၈၆၈ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၄၁၂ ဒသမ ၂၅၀ ဘီလျံကျော် ခွင့်ပြုပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၈ ရာခိုင်နှုန်းကျော်ရှိသည်။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးကဏ္ဍတွင် လုပ်ငန်းပေါင်း ၅၁ ခု၊ ရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၂၈၅၄ ဒသမ ၃၁၀ ဘီ လျံကျော် ခွင့်ပြုပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၅ ရာခိုင်နှုန်းကျော်ရှိသည်။

အခြားကဏ္ဍများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ခွင်ပြုမှု ၁၀ ရာခိုင်နှုန်းကျော်၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ခြောက်ရာခိုင်နှုန်းခန့်၊ စက်မှုဇုန်လုပ်ငန်းဆိုင်ရာ အိမ်ခြံမြေကဏ္ဍတွင် လေးရာခိုင်နှုန်းကျော်၊ လျှပ်စစ်ကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်၊ အခြားကဏ္ဍများတွင် ၁၇ ရာခိုင်နှုန်းကျော်ဖြင့် အသီးသီးရှိကြောင်း သိရသည်။

ထို့ပြင် မွေးမြူရေးကဏ္ဍတွင် နှစ်ရာခိုင်နှုန်းနီးပါး၊ သတ္တုတွင်းထွက် ကဏ္ဍတွင် တစ်ရာခိုင်နှုန်းကျော်နှင့် စိုက်ပျိုးရေးကဏ္ဍတွင် သုည ဒသမ ၅ ရာခိုင်နှုန်းအောက်သာရှိပြီး အနည်းဆုံးဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ ဇွန် ၂၈ ရက်အထိ ခွင့်ပြုအ တည်ပြုပေးခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၂၆ ခုရှိပြီး ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၂၆ ဒသမ ၈၈၄ သန်းအပါအဝင် ကျပ် ၉၁၅ ဒသမ ၁၈၄ ဘီလျံကျော်ရှိကြောင်း သိရသည်။

ထို့အတူ အဆိုပါကာလအတွင်း ယခင်က ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းသည် အမေရိကန် ဒေါ်လာ ၆၆ ဒသမ ၁၃၈ သန်းအပါအဝင် ကျပ် ၂၁၈ ဒသမ ၄၄၆ ဘီလျံကျော်ရှိကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလနီး ပါးတွင် ခွင့်ပြုအတည်ပြုပေးထားသည့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၃၉၃ ဒသမ ၀၂၂ သန်းအပါအဝင် ကျပ် ၁၁၃၃ ဒသမ ၆၃၀ ဘီလျံကျော်ရှိသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက် ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent