ဒီမိုကရေစီနှင့် ကိုယ့်ဘက်သူ့ဘက်

ဒီမိုကရေစီနှင့် ကိုယ့်ဘက်သူ့ဘက်
Published 3 July 2019

နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲမှုတွင် ပြဿနာရပ်များ၊ တစ်ဖက်နှင့် တစ်ဖက် ပွတ်တိုက်မှုများ၊ သူ့ဘက် ကိုယ့်ဘက်အကြား ပဋိပက္ခများသည် ကြီးမားသော စိန်ခေါ်မှုဖြစ်စေပြီး ပြုပြင်ပြောင်းလဲရေး အောင်မြင်ရန် ခဲယဉ်းသည်။ နိုင်ငံ တည်ဆောက်ရေးတွင် ခရီးတုံ့နှေးတတ်သည်။ အခန့်မသင့်လျှင် နောက်ကြောင်း ပြန်နိုင်သည်။ လက်ရှိ မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်လည်း ယင်းသို့သော ပွတ်တိုက်မှုများ၊ ဘက်များအကြား အကဲစမ်းမှုများ၊ ပဋိပက္ခများသည် အကြီးအကျယ် ဒုက္ခတွေ့စေသည်။ ယင်းကို တာဝန်ယူရသော အစိုးရတစ်ရပ် အနေဖြင့် ကောင်းစွာ သဘောပေါက်ပြီး ထိုသို့မဖြစ်ရန် ရှောင်ကြဉ်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးကို လူအများ လက်ခံအောင် ကြိုးစားရမည်။ အရေးကြီးဆုံးမှာ အစိုးရအနေဖြင့် မိမိကို ထောက်ခံ အားပေးသူ၊ မိမိကို ဆန့်ကျင်သူ ဟူ၍ နှစ်မျိုးနှစ်စား မခွဲဘဲ ဥပဒေဖြင့် တစ်ပြေးညီ ဆက်ဆံရန် လိုသည်။ အကယ်၍ အစိုးရအနေဖြင့် ဝေဖန်သူများကို အကဲဆတ်ကာ ဖိနှိပ်မှု ပြုလုပ်မည် ဆိုပါက ထောက်ခံသူနှင့် မထောက်ခံသူကြား ပဋိပက္ခသည် လျော့ပါး သွားနိုင်ဖွယ် မရှိပေ။ အကြောက်တရား လွှမ်းမိုးအောင် လုပ်ဆောင်မည်ဆိုပါက တိုင်းပြည်တွင် ဒီမိုကရေစီ ဖြစ်ထွန်းရန် မရှိပေ။

ဥပဒေစိုးမိုးမှုဟူသည် အစိုးရအနေဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုချင်းအပေါ်တွင် ဖြစ်စေ အထူးအခွင့်အရေး မပေးဘဲ တစ်ပြေးညီ ဆက်ဆံ၍ လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးအတွက် ဘက်လိုက်မှု ကင်းသော ဥပဒေများ ဖြစ်ရေးသည် အရေးကြီးသည်။ မည်သို့သော ဆောင်ရွက်ချက်များတွင်မဆို အစိုးရအနေဖြင့် တရားမျှတသော ဥပဒေများကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ခြင်းသည် တရားဥပဒေ စိုးမိုးရေးကို ဖြစ်ထွန်းစေသည်။ တရား ဥပဒေစိုးမိုးမှုကို ပျက်ပြားစေသော အကြောင်းတရားများတွင် အဂတိသည် အဓိကပင် ဖြစ်သည်။ အဂတိနည်းသော အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံတစ်ခုတွင် တရားဥပဒေ စိုးမိုးရေး အားကောင်းပေလိမ့်မည်။ အဂတိ လိုက်စားမှုများသော နိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး ပျက်ပြားနေသည်ကို တွေ့ရပေလိမ့်မည်။ အာဏာရပုဂ္ဂိုလ်တို့၏ အဂတိသည် ပိုမို၍ ကြောက်စရာကောင်းသည်။ လူ့အဖွဲ့အစည်းနှင့် နိုင်ငံကို ပိုမို၍ သက်ရောက်စေသည်။ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏ အခွင့်အာဏာနှင့် အရင်းအမြစ်များကို အလွဲအသုံးပြုသော အဂတိလိုက်စားမှုသည် အကြီးမားဆုံးသော တရားဥပဒေ ချိုးဖောက်မှု တစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အာဏာပိုင် အဖွဲ့အစည်းများ၊ အာဏာရ ပုဂ္ဂိုလ်များ၏ အဂတိကို ပိုမို၍ သတိပြုကိုင်တွယ် ရှင်းလင်းရန် လိုအပ်ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ၏ အပိုဒ် (၇) ၌ “လူသားတိုင်းသည် ဥပဒေ၏ ရှေ့မှောက်၌ တန်းတူညီမျှမှုရှိပြီး ခွဲခြားဆက်ဆံမှု တစ်စုံတစ်ရာ မရှိဘဲ ဥပဒေ၏ ညီမျှသော ကာကွယ် စောင့်ရှောက်မှုကို ရရှိရမည်” ဟု ဖော်ပြထားသည်။ မျက်မှောက် ဒီမိုကရေစီ လူ့အသိုက်အဝန်းတွင် တရားဥပဒေ၏ ရှေ့မှောက်၌ ပြည်သူအားလုံး တန်းတူညီမျှ ရရှိရေးသည် အရေးကြီးသော အချက်ပင် ဖြစ်သည်။ သန့်ရှင်းသောအစိုးရ၊ အဂတိကင်းသော အစိုးရတစ်ရပ်အဖြစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မှန်ကန်စွာ ဆောင်ရွက်လိုသော အစိုးရတိုင်းသည် ယင်းအချက်ကို လေးလေးနက်နက် သတိပြု လုပ်ဆောင်သင့်ပေသည်။ အချို့သော ကိစ္စရပ်များတွင် အနီနှင့် အစိမ်း သူ့ဘက် ကိုယ့်ဘက် ပြိုင်ဆိုင်မှု၊ တင်းမာမှုများ ရှိလျှင် နိုင်ငံသားတို့၏ ရသင့်ရထိုက်သော အခွင့်အရေးနှင့် ဥပဒေပါ လုပ်ထုံး လုပ်နည်းများအတိုင်း ဖြေရှင်း ဆောင်ရွက်ပေးသင့်သည်။ “ငါနှင့်မတူ ငါ့ရန်သူ” ၊ “အနီဘက်က ဘာလုပ်လုပ် မကောင်း” ၊ “အစိမ်းဘက်က ဘာလုပ်လုပ် မကောင်း” ၊ “အနီလုပ်သမျှ အမှန်”၊ “အစိမ်းလုပ်သမျှ အမှန်” စသော ဘက်များအကြား မှားယွင်းသော အယူအဆ ရှိလင့်ကစား လုပ်ပိုင်ခွင့်ရှိသော သူများအနေဖြင့် အဂတိ ကင်းကင်းဖြင့် ဖြေရှင်းပေးနိုင်ရန် အရေးကြီးသည်။ သို့မဟုတ်ဘဲ “ငါ့ကို ထောက်ခံလျှင် ငါ့လူ”၊ “သူ့ကိုထောက်ခံလျှင် ရန်သူ” စသဖြင့် လူနှင့်မူကို မကွဲသော ကိစ္စရပ်များ ရှင်သန်နေလျှင် နိုင်ငံ၏ ဒီမိုကရေစီသည် ရှင်သန် အားကောင်းနိုင်လိမ့်မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent