အင်စတီကျူးရှင်းပြုခြင်း

အင်စတီကျူးရှင်းပြုခြင်း
Published 2 July 2019

အင်စတီကျူးရှင်းပြုခြင်း (Institutionalization) ဟူသည် အဖွဲ့အစည်းတစ်ရပ်အတွင်း၊ လူမှုရေးစနစ်တစ်ရပ်အတွင်း သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွင်း အချို့သော သဘောတရားများ (ဥပမာအားဖြင့် ယုံကြည်ချက်၊ စံသတ်မှတ်ချက်၊ လူမှုရေးအခန်း ကဏ္ဍ၊ သက်ဆိုင်ရာ စံတန်ဖိုး သို့မဟုတ် အပြုအမူဆိုင်ရာလမ်းကြောင်း) အား ထူထောင်သည့် လုပ်ငန်းစဉ်တစ်ရပ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ယင်းစကားရပ်ကို စိတ်ကျန်းမာရေးဆိုင်ရာ သို့မဟုတ် လူမှုဖူလုံရေးဆိုင်ရာ အင်စတီကျူးရှင်းများကဲ့သို့သော သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ သို့မဟုတ် အုပ်စုများအား အင်စတီကျူးရှင်းတစ်ရပ်အဖြစ် စုစည်းမှုကို ရည်ညွှန်းရာ၌လည်း အသုံးပြုသည်။ ယင်းစကားရပ်ကို အစိုးရအင်စတီကျူးရှင်းများ ဖန်တီးခြင်း သို့မဟုတ် စုစည်းခြင်းအတွက်လည်းကောင်း၊ (ဥပမာအားဖြင့် လူမှုဖူလုံရေး သို့မဟုတ် ဖွံ့ဖြိုးရေးအတွက်) မူဝါဒများကို ကြီးကြပ်ရန် သို့မဟုတ် အကောင်အထည်ဖော်ရန် တာဝန်ရှိသော သက်ဆိုင်ရာအဖွဲ့များအား ရည်ညွှန်းရန် နိုင်ငံရေးဆိုင်ရာ အသိအမြင်တစ်ရပ်ဖြင့်လည်းကောင်း အသုံးပြုသည်။

ဥရောပတိုက်၌ စက်မှုတော်လှန်ရေးကာလအတွင်း နိုင်ငံများစွာတို့သည် အင်စတီကျူးရှင်းပြုခြင်း ကာလတစ်ရပ်ကို ဖြတ်သန်းခဲ့ရသည်။ ယင်းကို လူ့အဖွဲ့အစည်းအတွင်း (အထူးသဖြင့် ယခင်က ပုဂ္ဂလိကရပ်ဝန်းဟု ရှုမြင်ထားသောနယ်ပယ်များအတွင်း) အစိုးရ၏ အခန်းကဏ္ဍအား အကြီးအကျယ်ချဲ့ထွင်ခြင်းနှင့် အကြီးအကျယ်ဖွံ့ဖြိုးအောင် ပြုလုပ်ခြင်းအဖြစ် ရှုမြင်ကြသည်။ အင်စတီကျူးရှင်းပြုခြင်းကို ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ခေတ်မီအောင် ပြုလုပ်ရေး လုပ်ငန်းစဉ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ယင်းတွင် အစိုးရဌာနများ၏ ဖွဲ့စည်းပုံအား ချဲ့ထွင်ခြင်းနှင့် တိုးတက်အောင်ပြုလုပ်ခြင်းလည်း ပါဝင်သည်။

၁၈၅၀ ပြည့်နှစ်မှ ၁၉၃၀ ပြည့်နှစ်အတွင်း လူအသီးသီး၏ လိုအပ်ချက်အတွက် အိမ်ရာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပညာရေးနှင့် ဘဏ္ဍာရေးထောက်ပံ့မှုများ ပြုလုပ်ရန် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ ပါလီမန်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် အင်စတီကျူးရှင်း အမျိုးအစားများစွာကို ဖန်တီးခဲ့ကြသည်။ ကိုလိုနီနိုင်ငံများတွင် အုပ်စိုးသူများက ကလေးများ၏ ပညာရေးနှင့်ပတ်သက်၍ မြင့်မားလာသော တောင်းဆိုမှုနှင့်အညီ အစိုးရကျောင်းများကို အကြီးအကျယ်ထူထောင်ချဲ့ထွင်ခဲ့ကြသည်မှာ သာဓ ကတစ်ရပ်ဖြစ်သည်။ ၎င်းတို့အား လူမှုရေးဆိုင်ရာ တိုးတက်မှုနှင့် ပတ်သက်သော ပုံစံများအဖြစ် ရှုမြင်ကြသည်။ ဗြိတိန်နိုင်ငံရှိ ခရိုင်အသီးသီးတွင် သူဆင်းရဲများ၊ အိမ်ခြေယာ ခြေမဲ့များ၊ ထောင်ထွက်များ၊ ပြစ်ဒဏ်စီရင်ခံရသူများ၊ မိဘမဲ့များ၊ မသန်မစွမ်းစစ်ပြန်များ၊ သက်ကြီးရွယ်အိုများ၊ ထောက်ပံ့ရေးမဲ့သူများ၊ ဆွံ့အနားမကြားနှင့် မျက်မမြင်ကျောင်းများ၊ ဉာဏ်ရည်မမီသူများနှင့် စိတ်ကျန်းမာရေးပြဿနာရှိသူများအတွက် ဂေဟာများ အစရှိသည်တို့အတွက် ထောက်ပံ့မှုများပြုလုပ်ရန် မှတ်ပုံတင်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေ၊ အင်စတီကျူးရှင်းပြုခြင်းသည် အဖွဲ့အစည်းတစ်ရပ်၏ အရာရှိများ နှင့် အခြားဝန်ထမ်းများ နေ့စဉ်လုပ်ငန်းများ လုပ်ဆောင်ရာ၌ အလုပ်လမ်းညွှန်များအဖြစ် အသုံးပြုရမည့် အဖွဲ့အစည်းတစ်ရပ်၏ ကျင့်ဝတ်များ၊ တာဝန်ဝတ္တရားများ၊ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာမြောက်အစီအစဉ်များ ချမှတ်ရေးလုပ်ငန်းစဉ်ဖြစ်သည်။  အင်စတီကျူးရှင်းပြုခြင်း၏ ရည်ရွယ်ချက်မှာ အခြေခံစံတန်ဖိုးများနှင့် ရည်မှန်းချက်များကို စုစည်းကာ သက်ဆိုင်ရာအဖွဲ့အစည်း၏ အစဉ်အလာ ဓလေ့ထုံးတမ်းနှင့် ဖွဲ့စည်းပုံအဖြစ် တည်ဆောက်ရန်ဖြစ်သည်။ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသည့် အခါ၌ အင်စတီကျူးရှင်းပြုခြင်းသည်လည်း ဒီမိုကရေစီစံတန်ဖိုးများနှင့် ကိုက်ညီရန် လိုအပ်၍လာသည်။

ထို့ကြောင့် အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အင်စတီကျူး ရှင်းပြုခြင်းလုပ်ငန်းစဉ်သည် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်ပင်ဖြစ်သည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent