ပြည်သူ့ဘဏ္ဍာအပေါ် တန်ဖိုးထားတတ်ရန်လိုခြင်း

ပြည်သူ့ဘဏ္ဍာအပေါ် တန်ဖိုးထားတတ်ရန်လိုခြင်း
Published 2 July 2019

 

လတ်တလောတွင် လျှပ်စစ်မီတာခတိုးမြှင့်လိုက်မှုပြဿနာသည် ပြည်သူများအကြား  ပြောစရာဖြစ်ခဲ့ရသည်။ ပြည်သူ့ဆန္ဒမပါဘဲ မီတာခတိုးမြှင့်လိုက်သည့်အတွက်ဟုဆိုကာ ဆန္ဒပြသူများလည်း ရှိလာခဲ့သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ လက်ရှိတိုးမြှင့်လိုက်သည့် မီတာခများမှာ အိမ်သုံးအမျိုးအစားတွင် တစ်ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ယူနစ် ၅၀ အထိ ကျပ် ၅၀၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ကျပ် ၇၀၊ ၇၆ ယူနစ်မှ ယူနစ် ၁၀၀ အထိ ကျပ် ၉၀၊ ၁၀၁ ယူနစ်မှ ယူနစ် ၁၅၀ အထိ ကျပ် ၁၁၀၊ ၁၅၁ ယူနစ်မှ ယူနစ် ၂၀၀ အထိ ကျပ် ၁၂၀၊ ယူနစ် ၂၁၀ နှင့်အထက်ကို ၁၂၅ ကျပ်ဖြင့် အသီးသီးပြောင်းလဲခဲ့သည်။ အိမ်သုံးမဟုတ်သည့် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင် သာယာရုံးဌာန/ လုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့ အစည်းများစသည့် ခေါင်းစဉ်အောက်တွင် တစ်ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ်၊ ၅၀၁ ယူနစ်မှ ယူနစ် ၅၀၀၀ အထိ ၁၃၅ ကျပ်၊ ၅၀၀၁ ယူနစ်မှ ယူနစ် ၁၀၀၀၀ အထိ ၁၄၅ ကျပ်၊ ၁၀၀၀၁ ယူနစ်မှ ၂၀၀၀၀ အထိ ၁၅၅ ကျပ်၊ ယူနစ် ၂၀၀၀၁ မှ ၅၀၀၀၀ အထိ ၁၆၅ ကျပ်၊ ယူနစ် ၅၀၀၀၁ မှ ၁၀၀၀၀၀ အထိ ၁၇၅ ကျပ်၊ ယူနစ် ၁၀၀၀၀၁ အထက်ကို ၁၈၀ ကျပ်နှုန်းဖြင့် သတ်မှတ်ခဲ့သည်။ ယင်းသို့မီတာခများ တိုးမြှင့်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်မည့် ကုန်စျေးနှုန်းကြီးမြင့်ခြင်းနှင့် အထွေထွေကုန်ကျစရိတ်မြင့်တက် လာနိုင်မှုအပေါ်လူထုက စိုးရိမ်နေကြသည်။ ထိုအခါ ပြည်သူပေးရသော အခွန်အခနှင့် အစိုးရ၏ဝန်ဆောင်မှုများမှ ပြန်ရနိုင်မည့် ရလဒ်ကို ချိန်ထိုးဝေဖန်လာကြသည်။ မီတာခတက်၍ အစိုးရဘက်မှ မည်သို့သောတာဝန်ယူမှု၊ တာဝန်ခံမှုပြန်လည်ပေးမည်နည်းဆိုသည့် မေးခွန်းများလည်း ထွက်လာသည်။

အစိုးရတစ်ရပ်အတွက် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာများဖြင့် အဓိကရပ်တည်ရသည်မှာ အမှန်ပင်ဖြစ်သည်။ ဒီမိုကရေစီအစိုးရအနေဖြင့် ပြည်သူတို့ အတွက် ဝန်ဆောင်မှုပေးရာတွင် ဘဏ္ဍာငွေကောက်ခံရရှိမှုမှတစ်ဆင့် ဘတ်ဂျက်ခွဲဝေမှု ပိုင်းခြားသတ်မှတ်လေ့ရှိသည်။ ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေများ ခွဲဝေသုံးစွဲရာတွင် လွှတ်တော်၌ ကတိကဝတ်ပြုထားသည့်လုပ်ငန်းများကို ဦးစားပေး ထည့်သွင်းလျာထားလုပ်ဆောင်ရသည်။ အစိုးရအနေဖြင့် ဘတ်ဂျက် အနေအထားပေါ်မူတည်၍ နိုင်ငံအတွက် အမှန်တကယ်လိုအပ်သည့် စီမံကိန်းများကို ဦးစားပေးလုပ်ကိုင်ရသည်ဖြစ်ရာ အခွန်ကောက်ခံရရှိမှုသည် အရေးကြီးခြင်းဖြစ်သည်။ သို့သော် ပြည်သူတို့ထံမှ မှန်မှန်ကန်ကန် အခွန်ကောက်ခံရန် အစိုးရက ကြိုးစားရသကဲ့သို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအတွက်လည်း အာမခံချက်ပေး၍ တာဝန်ယူလုပ်ဆောင် ပေးနိုင်ရန်လည်း အရေးကြီးသည်။ အများပြည်သူဝန်ဆောင်မှုများဟူသည် အစိုးရက စရိတ်ခံသော၊ အစိုးရက ဖြန့်ဝေပေးသော ဝန်ဆောင်မှုများဖြစ်သည်။  ဥပမာအားဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို အစိုးရကဝန်ဆောင်မှုပေးခြင်း၊ ဝင်ငွေနိမ့်ပါးသူများကို ထောက်ပံ့ပေးခြင်း၊ အနိမ့်ဆုံး လူနေမှုအဆင့်အတန်းကို အာမခံပေးသည့် အများပြည်သူ ဝန်ဆောင်မှုများထားရှိပေးခြင်းနှင့် အခြားလူမှုဖူလုံရေးလုပ်ငန်းများဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့်လျှပ်စစ်မီးစနစ်များ အစရှိသည်တို့ကို အစိုးရက ပြည်သူ့ဘဏ္ဍာများဖြင့် တည်ဆောက်ပေးခြင်းသည်လည်း စီးပွားရေးဘဝအတွက် လိုအပ်လှသည်။ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် အခွန်အကောက်မှရရှိသော ပြည်သူ့ဘဏ္ဍာဖြင့် တိုးတက်စည်ပင်အောင် ဆောင်ရွက်ကြရသည်မှာ ဓမ္မတာဖြစ်သည်။

ပြည်သူတို့က ကြည်ဖြူစွာဖြင့် အခွန်ငွေပေးဆောင်လျှင်ဖြစ်စေ ပြည်သူ့ဆန္ဒမပါ လျှင်ဖြစ်စေ အစိုးရအနေဖြင့် ပြည်သူ့ချွေးနှဲစာဖြစ်သော ရရှိလာသောဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် လုပ်ဆောင်ရမည့် တာဝန်ရှိသည်။ ထိုသို့လုပ်ဆောင်ရာတွင် အတိမ်းအစောင်း၊ အချွတ်အချော်မရှိ တာဝန်ယူတတ်ရမည်။ ပြည်သူ့ဘဏ္ဍာငွေ အလေအလွင့်မဖြစ်စေရန် အစိုးရက နိုင်ငံပိုင်လုပ်ဆောင်နေသော လုပ်ငန်းများကို စနစ်တကျ ထိန်းကျောင်းနိုင်ရန်လည်း အရေးကြီးသည်။ နှစ်စဉ်ဘတ်ဂျက်ချထားမှုကို တတ်နိုင်သမျှ စိစစ်ပြီး အမြဲတစေ အရှုံးပေါ်နေသောလုပ်ငန်းများကို ပြန်လည်သုံးသပ်သင့်သည်။ အချို့နိုင်ငံပိုင်လုပ်ငန်းများအနေဖြင့် ဘဏ္ဍာနှစ်များစွာအတွင်း အမြတ်မပြနိုင်ဘဲ အရှုံးပေါ်နေခြင်းများကို အကောင်းဆုံးစီမံခန့်ခွဲမှုရှိသည့် အစိုးရအနေဖြင့် ခွင့်မပြုသင့်ပေ။ ထို့ပြင် အုပ်ချုပ်ရေးအာဏာရရှိသော ပြည်ထောင်စု၊ ဒေသဆိုင်ရာ အစိုးရအကြီးအကဲများသည် ပြည်သူ့ဘဏ္ဍာငွေမှ ခွဲတမ်းချထားပြီးသော ဘတ်ဂျက်များအပေါ် မိမိတို့၏ ကိုယ်ပိုင်ဝင်ငွေများထက်ပင် စိစစ်လုပ်ဆောင်နိုင်ရန် လိုသည်။ သို့ဖြစ်ရာ ပြည်သူများမှဆင်းသက်လာသော ဘဏ္ဍာငွေများအပေါ် အကျိုးရှိရှိအသုံးမပြုနိုင်လျှင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အစိုးရအဖြစ် သမိုင်းမှတ်တမ်းတင်ခံရလိမ့်မည်ကို သတိပြုရန် လိုအပ်မည်ဖြစ်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent