ကိုင်းဖျားကိုင်းနားများဖြင့်သာ ကျေနပ်နေရသည့် မူးယစ်တိုက်ဖျက်ရေး

ကိုင်းဖျားကိုင်းနားများဖြင့်သာ ကျေနပ်နေရသည့် မူးယစ်တိုက်ဖျက်ရေး
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ကုန်တင်ယာဉ်ရပ်နားကွင်း၌  အမေရိကန်ဒေါ်လာ ၁၀၈ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဇွန် ၂၆ ရက်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ကုန်တင်ယာဉ်ရပ်နားကွင်း၌ အမေရိကန်ဒေါ်လာ ၁၀၈ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဇွန် ၂၆ ရက်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 30 June 2019
မင်းသိန်းနိုင်၊ အောင်မျိုးသန့်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ၏ ငါးနှစ်သက်တမ်း ကာလအတွင်း ဒုတိယမြောက်သမ္မတဖြစ်သည့် ဦးဝင်းမြင့် စတင် တာဝန်ယူသည့်အချိန်တွင် အဓိက ဦးစားပေးလုပ်ငန်းမှာ လူငယ်များအတွင်း နှစ်ကာလကြာမြင့်စွာ အမြစ်တွယ်နေသည့် မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းဖြစ်သည်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို တိုင်ကြားသတင်းပေးနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးတွင်လည်း မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ် ဇွန် ၂၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူလူထုက တိုင်ကြားလာသည့်  တိုင်ကြားစာ၊ တိုင်တန်းချက်များကို လက်ခံ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရန် ဆောင်ရွက်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးခြင်း၊ မူးယစ်သတင်းပေးသူများကို ဆုကြေးချီးမြှင့်ခြင်း၊ အခြေအနေအရ လိုအပ်ပါက လျှပ်တစ်ပြက် ဝင်ရောက်ဖမ်းဆီးနိုင်ရန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့တစ်ဖွဲ့ထားရှိပြီး ဆောင်ရွက်စေခြင်းများကို ချမှတ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် တစ်နှစ်အကြာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မူးယစ်ဆေးမှုများနှင့် ပတ်သက်ပြီး  အားမလိုအားမရဖြစ်သည့် ပြောဆိုမှုများ ထွက်ပေါ်လာပြီဖြစ်သည်။

ဇွန် ၂၆ ရက်က နေပြည် တော် ရှှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနား၌ နိုင်ငံတော်သမ္မတက “မူးယစ်ဆေးဝါးများ အထူးသတင်းတိုင်ကြားရေးဌာနကို ပြည်သူလူထုထံမှ ပေးပို့တိုင် ကြားလာတဲ့ တိုင်ကြားစာ သတင်း အချက်အလက်များကို စနစ်တကျ စိစစ်လက်ခံပြီး ဖမ်းဆီးလျက်ရှိရာမှာ အတန်အသင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော်လည်း ပမာဏကြီးမားတဲ့ထုတ်လုပ်မှု၊ ဖြန့် ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှု သတင်းရရှိမှု အားနည်းနေတဲ့အတွက် လုံခြုံစိတ်ချစွာ သတင်းပေး တိုင်ကြားကြဖို့လည်း တိုက်တွန်းလိုပါတယ် “ ဟု  သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အနေဖြင့် အစိုးရ၏ မူးယစ်ဆေးနှိမ်နင်းမှုများတွင် ပမာဏကြီးမားသည့် မူးယစ်ဆေးဖြန့်ဖြူးသူများကို ဖမ်းဆီးရမိခြင်းမရှိသေးသည်ကို အားမလိုအားမရ ဖြစ်နေခြင်းပင် ဖြစ်သည်။

ပြည်တွင်း၌ မူးယစ်ဆေးဝါးများ ပျံ့နှံ့နေမှုသည် အချိန်ကာလ များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။  ယင်းသို့ ပျံ့နှံ့နေမှုကို ထိန်းချုပ်နိုင်ရန် ပြည်တွင်းမှ ရဲတပ်ဖွဲ့ဝင်များ စီမံချက်အကြိမ်ကြိမ်ချမှတ်၍ ဖမ်းဆီးခဲ့သော်လည်း မူးယစ်ဆေးဝါးများမှာ နေရာအနှံ့ ပျံ့နှံ့နေဆဲပင် ဖြစ်သည်။

မူးယစ်ဆေးဝါးများဖြစ်သည့် ဆေးခြောက်၊   WY  ဆေးပြား၊  WY  ဆေးပြားကဲ့သို့ အသွင်ပြောင်းဆေး ပြားများ၊  ICE  မူးယစ်ဆေးခဲများ၊ ဘိန်းဖြူမှုန့်၊ ဘိန်းခဲ စသည့် မူးယစ် ဆေးဝါးများအနက် ဆေးခြောက် နှင့် WY  ဆေးပြားများမှာ ပျံ့နှံ့မှု များနေကြောင်းသိရပြီး လူငယ်အများ အကြား အရွက်/ အသီး စသည့် အခေါ်အဝေါ်များခေါ်ဆိုကြောင်း သိရကာ စွဲစွဲလမ်းလမ်း သုံးစွဲသူများ ရှိနေဆဲပင်ဖြစ်သည်။

ယင်းကဲ့သို့ စွဲလမ်းစွာ သုံးစွဲနေသည့် လူငယ်လူရွယ်များ ရှိခဲ့ခြင်းမှာ အဆိုပါ  WY  ဆေးပြား များ၊ ဆေးခြောက်များကို မိမိတို့၏အချိတ်အဆက်များဖြင့် အလွယ်တကူ ဝယ်ယူ၍ ရသောကြောင့်ဟု ဆိုရပေမည်။ 

မြန်မာနိုင်ငံ၏အဆင်းရဲဆုံး ပြည်နယ်နှစ်ခုဖြစ်သည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အနက် မူးယစ်စိတ်ကြွ ဆေးပြား ဖမ်းဆီးရမိမှုများသည် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ ပိုမိုများပြားလာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း နယ်စပ်မြို့နယ်ဖြစ်သည့် မောင်တော ခရိုင်၊ မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့များတွင် မူးယစ်ဆေးဝါးများအနက် WY ဆေးပြားများ သိန်းချီ၊ သောင်းချီ ဖမ်းဆီးရမိမှုများရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကင်းလှည့်နေသည့် တပ်မတော် စစ်ရေယာဉ်များက မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း ဘင်္ဂါလီ သုံးဦးပါ  လှေတစ်စင်းပေါ်မှ ကျပ် ၁၉၃၀၅ သိန်းတန်ဖိုးရှိ WY  ဆေးပြား ၉၆၅၂၅၀ ပြား တွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။

ယင်းသို့ပင် ရခိုင်ပြည်နယ်အတွင်း စိတ်ကြွ ဆေးပြားများ သိန်းချီ၊ သောင်းချီ ဖမ်းမိမှုဆက်တိုက်ဖြစ်ပွားခဲ့ပြီး အဆိုပါစိတ်ကြွ ဆေးပြားများ သိန်းချီဖမ်းမိမှု၏ နောက်ကွယ်၌ စိတ်ကြွ ဆေးပြား အဓိက ထုတ်လုပ်၊ ဝယ်ယူ၊ ရောင်းချ ဖြန့်ဖြူးနေသည့် လက်ကြီးသမား မည်သူနည်းဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာခြင်းမဟုတ်ဘဲ ရခိုင်ပြည်နယ်ဘက်မှ တင်ပို့နေသည့် လက္ခဏာများ ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်တာတော့မရှိဘူး။ အဲဒီဘက်က ဝင်တာက ဆေးဝါးတွေပေါ့။ ဒီက တားမြစ်ထားတဲ့ ဆေးဝါးတွေပေါ့” ဟု အဆိုပါရဲအရာရှိက ဆိုသည်။

သယ်ဆောင်မှုများမှာလည်း နည်းမျိုးစုံဖြင့် သယ်ဆောင်နေခြင်းဖြစ်ပြီး အဆိုးရွားဆုံးမှာ တောလမ်းခရီးမှ သယ်ဆောင်ခြင်းပင်ဖြစ်သည်။

“သယ်တဲ့ကောင်တွေက ဆိုင်ကယ်နဲ့လည်းသယ်တယ်။ ဆိုင်ကယ်နဲ့တောလမ်းကနေဖြတ်ပြီး စစ်ဆေးရေးဂိတ်ကို ရှောင်ပြီး သယ်ရင်တော့ စစ်ဆေးရေးဂိတ်လည်း ဘာမှမတတ်နိုင်ဘူး။ နောက် တစ်ခါ ရေလမ်းနဲ့ဆိုရင်လည်း မြစ်ချောင်းအသေးလေးတွေလည်း ရှိ တယ်။ နှစ်ထပ်လှေလေးတွေနဲ့ တစ်နေရာမှာ သိုလောင်တယ်။ သိုလောင်ပြီးသယ်တဲ့အချိန်မှာ မိတာမျိုးတော့ ရှိတာပေါ့။ သင်္ဘောလမ်းလောက်ပဲ မျက်လုံးထဲမြင်လို့မရဘူး။ မြစ်ချောင်းအသေးလေးတွေလည်း ရှိသေးတယ်။ ရေလမ်းခရီးတွေက အများကြီးပဲ။ ရေလမ်းကဆိုရင်လည်း တပ်မတော်လှည့်ကင်း ရေယာဉ်တွေကတွေ့လို့ ဖမ်းမိတာတွေ ရှိတယ်”ဟု  အဆိုပါ အရာရှိက ပြောကြားသည်။

ယင်းမှာ အုပ်ချုပ်ရေးလက်တံ အလှမ်းဝေးနေသည့် နယ်စပ်များတွင် ဖြစ်ပွားနေသည့် အခြေအနေများဖြစ်ပြီး မြန်မာနိုင်ငံ၏ လုံခြုံရေး အတင်းကျပ်ဆုံးနေရာဟု ခေါ်ဆိုရမည့် ရန်ကုန်မြို့တွင်လည်း မူးယစ်ဆေးဝါး သယ်ဆောင်ဖမ်းဆီးရမိမှုများမှာလည်း ဒုနှင့်ဒေးပင်ဖြစ်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် ဗဟိုစာတိုက်ကြီးတွင် ဂျာမနီနိုင်ငံမှ ပေးပို့သည့် ပါဆယ်ပုံးအတွင်းမှ ကျပ်သိန်း ၁၀၀၀၀ ကျော်တန်ဖိုးရှိ Ecstasy ပန်းရောင် မူးယစ်ဆေးပြား ၂၆၀၀၀ ကျော် သိမ်းဆည်းရမိခဲ့သည်။ ယင်းဖြစ်စဉ်မှ ပါဆယ်ပုံး လာရွေးသည့် ရှမ်းပြည်နယ်နေ ကျော်ဇေယျ (ခ)ကောင်းမြတ်(၂၈ နှစ်)ကို ဖမ်းဆီး ရမိကြောင်း သိရပြီး အဓိက ပေးပို့ သည်ဟုဆိုသူကို  ဖမ်းမိ-မမိကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပေ။

ထို့ပြင် ၂၀၁၈ ခုနှစ် သြဂုတ် ကလည်း ရန်ကုန်စာတိုက်ကြီးသို့ အမေရိကန်နိုင်ငံမှ ပေးပို့သည့် ပါဆယ်ပုံးအတွင်း ဆေးခြောက် များ၊ ဆေးခြောက်ဆီများ ဖမ်းဆီး ရမိခဲ့ပြီး စက်တင်ဘာကလည်း အမေရိကန်နိုင်ငံ မှပေးပို့သည့် ပါကင်ထုပ်အတွင်း စားသောက်ကုန်များဖြင့် ရောနှောထားသည့် ကော်ဖီထုပ်များအတွင်းမှ Katamine မူးယစ်ဆေးဝါးများကို လည်းကောင်း၊ ဂျာမနီနိုင်ငံမှ ပေးပို့သည့် အထုပ်အတွင်း မှ ကိုကင်းများကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ ထည့်ထားသည့် ပါဆယ်ထုပ်များမှာ လေဆိပ်အတွင်း စစ်ဆေးမှုများ ကိုကျော်ဖြတ်ကာ စာတိုက်ကြီးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး လေဆိပ်တွင်း စစ်ဆေးမှု၊ စစ်ဆေးသည့် စက်ကိရိယာပစ္စည်းများ အဆင့် နိမ့်ကျနေပြီလားဟု ပြည်သူလူထုကြားတွင် မေးခွန်းထုတ်စရာပင် ဖြစ် နေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “တစ်ခုရှိတာက လေဆိပ်မှာ အဝင်ပစ္စည်းစစ်တဲ့အပိုင်းကို လေဆိပ်က တာဝန်ရှိတဲ့သူတွေကို မေးကြည့်မှရမယ်။ ကျွန်တော်တို့ တပ်ဖွဲ့ အနေနဲ့ကတော့ မရေရာဘဲ ရမ်းမပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်လေဆိပ်ကနေ X-Ray ဖြတ်ပြီး ဝင်လာတယ်ဆိုတော့ အဲဒီလို အပိုင်းတွေတော့ ရှိ နိုင်တာပေါ့” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိက ပြောကြားသည်။

ရန်ကုန် အပြည်အပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့်သူများထံမှလည်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပြီး ဇွန် ၂၃ရက် နံနက် ၁ နာရီခွဲခန့် တွင် ဟောင်ကောင်သို့လိုက်ပါမည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ခရီးဆောင်အိတ်ကို  X-Ray ဖြတ်သန်းစစ်ဆေးစဉ် အိတ်အတွင်းမှ ဘိန်းဖြူ ၂၀၀၀ ဂရမ်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ ဘိန်းဖြူများကို ပြည်တွင်းလေကြောင်းလိုင်းတွင် လေယာဉ်မောင် လုပ်ကိုင်ဖူးသည့် လှကြိုင် (၂၆ နှစ်)ဆိုသူက ဟောင်ကောင်သို့ သယ်ယူရန် လာပို့သွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ဘိန်းဖြူများကို တာချီလိတ်မှတစ်ဆင့်ဝယ်ယူပြီး ရန်ကုန် သို့သယ်ဆောင်ကာ ဟောင်ကောင်ပို့ရန် စီစဉ်သူ နီပေါနိုင်ငံသားနှင့် အပေါင်းပါလေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်သည့်လမ်းကြောင်းများအနက် မူးယစ်ဆေးဝါးပင်ရင်း ဖြန့်ဖြူးသူများ၏ လှုပ်ရှားမှုများကို နောက်ယောင်ခံလိုက်ရန်မှာ လွယ်ကူသည့် အခြေအနေတစ်ခု မဟုတ်ပေ။

“ဒီကောင်တွေလုပ်နေတဲ့  ဗျူဟာက သူတို့ဆီကို မရောက်နိုင်အောင် အကန့်စနစ်နဲ့ ဖြတ်ဖြတ်ပြီး လုပ်တယ်။ သဘောက အောက်မှာ ဆေးပြားရောင်းတယ်။ ရောင်းတဲ့နေရာမှာ ဖမ်းမိတယ်။ ဖမ်းမိတော့ နောက်ကွင်းဆက်ကို ထပ်လိုက်တော့ နှစ်ဆက်လောက်ပဲ ဖမ်းမိတယ်။ အပေါ်ပိုင်းကျတော့ သူတို့က တယ်လီဖုန်းနဲ့ ဆက်သွယ်တာတွေ လူချင်းအတွေ့မခံတာတွေ ပြုလုပ်တဲ့အတွက် လက်ကြီးသမားတွေကို ဖမ်းမိဖို့ ခက်ခဲတာပေါ့” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေသူများမှာ ၎င်းတို့ လက်ဝယ်တွင် မည်သည့်ပစ္စည်းမျှ မထားဘဲ ကွင်းဆက်များစွာ ထားရှိကြောင်း၊ ယင်းကွင်းဆက်များမှာလည်း တစ်ခုနှင့်တစ်ခုအလွယ်တကူ မသိရှိနိုင်ရန် လုပ်ဆောင်ထားကြောင်း အဆိုပါရဲအရာရှိက ပြောကြားသည်။

“တချို့ဆိုရင် ကွင်းဆက်တစ်ဆက်တည်းနဲ့တောင် ဂိတ်ဆုံးသွားတာတွေ ရှိတယ်။ မူးယစ်ဆေးဝါး တကယ်လုပ်နေတဲ့ လက်ကြီးသမားတွေက သူတို့ကိုယ်တိုင် မလုပ်ဘူး။သူတို့အောက်က တစ်ဆင့်ကို ခိုင်း လိုက်တယ်။ ဥပမာ ခိုင်းတဲ့ တစ်ဆင့်က (၁) ကိုထပ်ခိုင်း တယ်ပေါ့။ (၁) ကလည်း ခိုင်းတဲ့သူရဲ့ ကိုယ်ရေးအ ချက်အလက်တွေကို ဘာတစ်ခုမှ မသိဘူး။ (၁) ကို အခကြေးငွေ ပုံမှန်ထက်ပိုပေးပြီး တစ်နေရာကို မောင်း  ခိုင်းပြီး ထားခိုင်းတယ်။ ပြီးတော့ (၂) ကိုဆက်သွယ်ပြီး ကားကိုယူခိုင်းတယ်။ (၂) ကို လမ်းမှာ ဖမ်းမိပြီး စစ်တော့ (၂) က (၁) ကိုမသိဘူး။ စေခိုင်းတဲ့သူကလည်း သူ့ရဲ့နာမည် အချက်အလက်တွေကို (၂) ကို မပြောပြတော့ ဖမ်းမိတဲ့(၂) ကလည်း ဘာမှမပြောနိုင်ဘူး။ အဲဒီလိုနဲ့ပဲကွင်းဆက်က ပြတ်သွားတာများတယ်။ တကယ့်လက်ကြီးသမားတွေက သူတို့အိမ်မှာ ပစ္စည်းတွေလုံးဝမထားဘူး။ သူတို့က တိုက်နဲ့ကားနဲ့ နေကြတာ။ သူတို့အနားတောင် ကပ်လို့မရဘူး”ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲ အရာရှိတစ်ဦးက ပြောကြားသည်။

၂၀၁၉ ခုနှစ် ဇွန် ၂၆ ရက်က (၃၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးတန်ဖိုးမှာ ၂၀၁၈ ခုနှစ်ထက် အမေရိကန်ဒေါ်လာ နှစ်ဆနီးပါး များပြားခဲ့သည်။

“စိတ်ကြွ ဆေးပြားအနေနဲ့ ကျွန်တော်တို့ မနှစ်က ၂၇၆ သိန်း  မီးရှို့ဖျက်ဆီးခဲ့ပြီးတော့ ဒီနှစ်မှာ တော့ ၄၁၂ သိန်းဖိုး မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။၁၃၆ သိန်း ပိုမိုခဲ့ပါတယ်။ ဆေးခြောက်ဆိုရင် မနှစ်က ၆၀ ကီလို ဖျက်ဆီးခဲ့ပြီး ဒီနှစ်မှာ ၈၃ ကီ လိုအထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၃ ကီလို ပိုမိုဖမ်းဆီးခဲ့ပါတယ်။အိုက်စ်ဆိုရင် မနှစ်က ၃၀၅ ကီလို၊ ဒီနှစ်မှာ ၁၉၃၇ ကီလို ဖမ်းဆီးရမိ တော့ ၁၆၂၃ ကီလို ပိုမိုဖမ်းဆီးရမိ ခဲ့ပါတယ်။ ကတ်တမင်းက မနှစ်က ၂၀ ကီလို ဖမ်းဆီးရမိခဲ့ပြီး ဒီနှစ်မှာ  ၁၃၀ ကီလို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စိတ်ကြွ ဆေးပြား အများဆုံးထွက်ရှိနေခြင်းနှင့် ပတ်သက်၍ ဝေးလံခေါင်ပါးသည့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်စစ်ကြောင်းများ မရောက်မပေါက်သော အစွန်အဖျားနေရာများတွင် စိတ်ကြွ ဆေးပြားများ ထုတ်လုပ်ရန် များစွာလွယ်ကူကြောင်း၊ မည်သည့်အပင်မှ ျစိုက်စရာမလိုဘဲ ဓာတုပစ္စည်းသာ လိုအပ်ပြီး ဒြပ်ပေါင်း ပြုလုပ်ကာ စိတ်ကြွ ဆေးပြား ပြုလုပ်ကြခြင်းဖြစ်ပြီး တစ်ရက်လျှင် အကန့်အသတ်မရှိ ထုတ်လုပ်နိုင်ကြောင်း ဒုတိယရဲမှူးကြီးလှဝေက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့်  ၂၀၁၇ ခုနှစ် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀၀၀ ရှိပြီး ထုတ်လုပ်မှု ၅၅၀ မက်ထရစ်တန်ဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုဟက်တာ ၃၇၃၀၀ ခန့်သာရှိပြီး  ထုတ်လုပ်မှု အနေဖြင့် ၅၂၀ မက်ထရစ်တန်သာ ရှိခဲ့ကြောင်း၊  ထို့ကြောင့် ဘိန်းစိုက်ပျိုးမှုမှာ ၉ ဒသမ ၁ ရာခိုင်နှုန်း နှင့် ထုတ်လုပ်မှုမှာ ၅ ဒသမ ၄၅ ရာခိုင်နှုန်း  လျော့နည်းခဲ့သည်။ သို့သော် ဘိန်းစိုက်ပျိုးမှုလျော့ကျခဲ့သော်လည်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်ဖမ်းဆီးရမိမှုများမှာ တစ်နှစ်ထက်တစ်နှစ် မြင့်မားလျက်ရှိနေသည်။

“ပြည်သူတွေအနေနဲ့ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ လိုတာပေါ့။ သတင်းကို တိတိကျကျ ပေးဖို့ လိုတယ်။ သတင်းဆိုတဲ့အပိုင်းမှာ အမျိုးမျိုးရှိတယ်။ ဘယ်သူတွေက ဘာတွေလုပ်တတ်သလဲ။  စီးပွားရေး က ဘာတွေလုပ်လဲ။ အဲဒါတွေနဲ့ ပတ်သက်ပြီး တိတိကျကျသတင်း ပေးနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။ နောက်တစ်ခုက မူးယစ်ဆေးဝါး ဆိုတာကလည်း ဘာမှ အထောက်အထားမရှိဘဲနဲ့ သွားပြီး စွပ်စွဲလို့မရဘူး။ လူ့အခွင့်အရေးက ရှိသေးတယ်”ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ် နင်းမှုများတွင် အလိုအပ်ဆုံးဖြစ် သည့် ပြည်သူများက သတင်းပေး နိုင်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့် က သတင်းစကား ပါးထားသော် လည်း ဆက်သွယ်မှုကွန်ရက်ချိတ် ဆက်လုပ်ဆောင်မှုများကြောင့် ပြည်သူများက အလွယ်တကူ သတင်းပေးနိုင်ရန် လွယ်ကူသည့် အနေအထား မဟုတ်ပေ။

မြန်မာနိုင်ငံရှိ ကျောင်းစာ သင်ခန်းများ၌ပါ မူးယစ်ဆေးဝါးများက နေရယူထားသော်လည်း နောက်ကွယ်မှ ဖြန့်ဖြူးရောင်းချပြီး ကြိုးကိုင်ခြယ်လှယ် နေသူများကို ဖမ်းဆီးရမိရေးအတွက် သမ္မတဦးဝင်းမြင့်၏ နောက်ထပ်အစီအမံများ လိုအပ်နေပြီဟု ယူဆစရာရှိလာပြီဖြစ်သည်။

တိကျခိုင်လုံသောသတင်းများ ရရှိမည်ဆိုပါက သတင်းပေးသူ၏ ကိုယ်ရေးအချက်အလက်များကို မပေါက်ကြားအောင် လျှို့ဝှက်ထားမည်ဟုဆိုသော်လည်း သတင်းပေးများကို ကာကွယ်နိုင်မည်လား ဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

 

Most Read

Most Recent