ဆိုက်ဘာအနိုင်ကျင့်မှု သို့မဟုတ် လေသေနတ်ဖြင့်လူသတ်ခြင်း

ဆိုက်ဘာအနိုင်ကျင့်မှု သို့မဟုတ် လေသေနတ်ဖြင့်လူသတ်ခြင်း
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည့် ကိုကျော်ဇင်ဝင်း၏ နာရေးကို တွေ့ရစဉ်  (ဓာတ်ပုံ- လွင်မျိုးသူ)
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည့် ကိုကျော်ဇင်ဝင်း၏ နာရေးကို တွေ့ရစဉ် (ဓာတ်ပုံ- လွင်မျိုးသူ)
Published 30 June 2019
ဇော်မင်းနိုင်

ပေ၂၀ နီးပါးခန့်ရှိတဲ့ တိုက်ခံအိမ်တစ်အိမ်ထဲမှာ လူတွေပြည့်နေပါတယ်။ အိမ်ရဲ့ ဧည့်ခန်းထဲမှာတော့ အသက်၂၀ ကျော်  အရွယ်ရှိတဲ့ လူငယ်တစ်ဦးရဲ့ ဓာတ်ပုံကို စားပွဲခုံတစ်ခုပေါ်မှာ တင်ထားပါတယ်။

အဲဒီရဲ့ မလှမ်းမကမ်းမှာတော့ ခေါင်းတစ်ခုလုံးနီးပါး ဆွတ်ဆွတ်ဖြူနေတဲ့ အဘွားအိုတစ်ဦး ထိုင်နေပါတယ်။ အဘွားအိုရဲ့ မျက်လုံးအစုံမှာတော့ မျက်ရည်တွေ ပြည့်နေပါတယ်။

အဘွားအိုရဲ့အနားမှာတော့ အနက်ရောက်အကျႌတွေကို ဝတ်ဆင်ထားတဲ့သူအချို့ကထိုင်ပြီး အဘွားအိုကို အားပေးစကားပြောနေပါတယ်။ သူတို့ ပြောနေတဲ့အချိန်မှာ အဘွားအိုဆီက ရှိုက်သံတစ်ချက် ထွက်ပေါ်လာပါတယ်။

အဲဒီမြင်ကွင်းကတော့ ဇွန် ၂၄  ရက်ကမှ  ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ ကိုကျော်ဇင်ဝင်းရဲ့ နာရေး နေအိမ်မြင်ကွင်းပဲဖြစ်ပါတယ်။

“အဘွားက တစ်ယောက်က လာမေးတိုင်းတစ်ခါငိုနေတာ။ မျက်လုံးတွေကြည့်ရင် သိမယ်။ ကျွန်တော်တို့ မမေးရက်ဘူး”  လို့ နာရေးအိမ်ကို လာရောက်တဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ကျော်ဇင်ဝင်းဟာ သာကေတမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး မိဘများနဲ့ နေထိုင်ခြင်းမရှိဘဲ အဘွားဖြစ်သူနဲ့ အတူနေထိုင်နေခြင်း ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့  ကိုကျော်ဇင်ဝင်းက Myanmar Imperial University မှာ စာကြည့် တိုက်မှူးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး အဲဒီမှာ အလုပ်လုပ်နေတာ ခန့်မှန်းခြေအားဖြင့် တစ်နှစ်ခွဲ၊ နှစ်နှစ် ခန့်ရှိပြီဖြစ်ပါတယ်။

ဒါပေမဲ့ ကိုကျော်ဇင်ဝင်းအတွက် ကံဆိုးမှုတစ်ခုကတော့ ရှိခဲ့ပါတယ်။ အဲဒါကတော့ လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံခံရခြင်းပါပဲ။ သူ့အနေနဲ့ ပတ်ဝန်းကျင်ကို ပေးမသိခဲ့တဲ့ သူ့ရဲ့ လိင်နဲ့ပတ်သက်ပြီး ခံယူချက်ကို အလုပ်က အထက်အရာရှိ သိသွားရာကနေ အစပြုခဲ့ခြင်းဖြစ်ပါတယ်။

ကိုကျော်ဇင်ဝင်းနေထိုင်တဲ့ သာကေတမြို့နယ် ထူပါရုံ ၁၃ လမ်း ထဲမှာတောင် သူဟာ Gay တစ်ယောက်ဖြစ်တယ်ဆိုတာကို မသိကြပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်ထဲက လူအချို့ကတော့ သိသွားကြပါပြီ။

အဲဒီနောက်မှာတော့ သူ့ကို လှောင်ပြောင်မှုတွေက ထွက်ပေါ်လာပါတော့တယ်။

သူမသေခင်မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ Facebook မှာ သူ့ခံစားချက်တွေကို ရေးသားထားခဲ့တာကို တွေ့ရပါတယ်။

ကိုကျော်ဇင်ဝင်း အသုံးပြုခဲ့တဲ့ Kyaw Zin Win အကောင့်မှာ လုပ်ငန်းခွင်ထဲမှာ လှောင်ပြောင်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေ လူတစ်ဦးရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး အထက်လူကြီးက အတင်းအကျပ် မေးမြန်းခြင်းတွေကို ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေကို ရေးသားထားပါတယ်။

‘Viber မှာ လှောင်ခံရတာ meeting လုပ်တဲ့အချိန် အကုန်ထွက်သွားပြီး ကျနော် တစ်ယောက်တည်းပဲ ကွက်ချန်ခိုင်းပြီး ကျနော်မဖြေချင်တဲ့ ကျနော့ရဲ့ လိင်စိတ်ခံယူချက်ကို အတင်းမေးပါတယ်။ ကျနော့်မိသားစုတောင် ကျနော်ပေး မသိခဲ့ပါ။ ဒီအစ်မကတော့ အတင်း မေးပါတယ် မဖြေချင်လို့ စကားလမ်းကြောင်း လွှဲလည်းမရပါ နောက်ဆုံး ပြီးပြီးရော ကျနော်လည်း ဝန်ခံခဲ့ပါတယ်။...ဒီနေရာမှာ ကျနော် မဖြေတာလည်း ကျနော့ Right ပါပဲ။ ဒါကိုအတင်းမေးခဲ့လို့ ကျနော်ဖြေလိုက်ရပါတယ်။ အဲ့လိုဝန်ခံပြီး နောက်တစ်ရက်ကျတော့ ခုလိုတွေ Viber chat မြင်ရတာပါပဲ စိတ်ဆင်းရဲလွန်းလို့ viber gp ကပါ ထွက်ခဲ့ လိုက်ရပါတယ်။ နောက်တစ်ခုက အပေါ်မှာရေးထားတဲ့ feedback မှာဆို ကျနော့ကို မကောင်းရေးထားတာ ရုံးက ကလေးမက အမ အဲဒီလိုကြီးတော့ ရေးထားတယ် ထည့်ပေးရမှာဆိုတာကို အင်းထည့်ပေးလိုက်ဆိုပြီး ကျနော့ကို အဲ့ဒီ Negative feedback တွေမြင်စေခဲ့ပါတယ်။ ဒါပေမဲ့ MD ဆီ report ရောက်တဲ့အခါ ကျနော့ကို အဲ့လို  personal attack ဆန်ဆန် feedback က ပြုတ်ကျန်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ကာယကံရှင်ပဲ သိမှာပါ။သူဟာအပြင်မှာ ဘယ်လိုပဲ human right ကို လေးစားပါတယ်။ လူလူချင်း တန်ဖိုးထားတယ်ပဲ ပြောပြော သူ့စိတ်ထဲမှာတော့ နင်တို့ အခြောက်တွေ အဲဒီလိုအပြောခံသင့်တယ်ဆိုပြီး တွေးလေမလား မသိ” လို့ ရေးသားထားခဲ့တာကို တွေ့ရပါတယ်။

သူမသေခင် တစ်ရက်အလို ဇွန် ၂၃ ရက်မှာတော့ အနက်ရောင် အကျႌကို ဝတ်ဆင်ထားပြီး  A New Day Has Come ဆိုတဲ့စာကို နောက်ဆုံးရေးသားခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ‘ဘဝ ဆက်တိုင်း ဆက်တိုင်းမှာ လူကြီးနဲ့ လူငယ်မှာ လူငယ် ဘယ်လောက်မှန်မှန် လူငယ်ကပဲ တောင်းပန်ရမယ် လူကြီးက ဘာလုပ်လုပ်အကုန်အမှန်ဆိုတဲ့ နိုင်ငံလူတစ်ယောက်ရဲ့ဖြစ်တည်မှုကို လှောင်ပြောင်တဲ့နိုင်ငံ အထက်ဖား အောက်ဖိတွေ ပေါသောနိုင်ငံ ရာထူးရှိနဲ့ ရာထူးမဲ့မှာ ရာထူးမဲ့ ဘယ်လောက်မှန်နေနေ အမှန်တရားကို ပြောပြထောက်ပြလို့မရသော နိုင်ငံ ဒီလို နိုင်ငံမျိုးမှာ လူမဖြစ်ပါရစေနဲ့ Tomy Family သားမရှိလည်း သားကို သတိရနေပေးကြပါ သား ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှ ခုခံ နိုင်စွမ်းမရှိတော့လို့ပါ။ အဖွားနဲ့ အန်တီ့ကိုလည်း သားချစ်ပါတယ်။ ပြီးတော့ သား ဒါတွေသောက်ဖို့ အရမ်းကြောက်နေခဲ့တယ်။ ဒါပေမဲ့ လူတွေကို ပိုကြောက်တဲ့အတွက် ခုလို လုပ်လိုက်ရတာပါ။ သားကို နားလည် ပေးပါနော် စိတ်မဆိုးပါနဲ့’ လို့ ထပ်မံ ရေးသားခဲ့ပါတယ်။

ကိုကျော်ဇင်ဝင်း သေဆုံးမှုကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ LGBT အရေးလှုပ်ရှားတဲ့သူတွေ၊ ခွဲခြား ဆက်ဆံခြင်းကို တိုက်ဖျက်နေတဲ့သူတွေ အတွက်ကတော့ အချက်ပေး ခေါင်းလောင်းထိုးသံတစ်ခုပဲ ဖြစ်ပါ တယ်။

ဘာကြောင့်လဲဆိုတော့ ကိုကျော်ဇင်ဝင်း အလုပ်လုပ်ကိုင်တဲ့ Myanmar Imperial University ဆိုတာက စီးပွားရေးလုပ်ငန်းတွေမှာ ခေါင်းဆောင်မှု အရည်အသွေးတွေ၊ ဘဝမှာ အောင်မြင်လိုသူ လူငယ်တွေ၊ မတူကွဲပြားမှုကို နားလည်လက်ခံဖို့ သင်ကြားနေတဲ့နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေကို နားလည်လက်ခံတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ University of Northampton နဲ့ ချိတ်ဆက်ထားပါတယ်။

သေဆုံးသွားတဲ့သူရဲ့အဖြစ်ကိုကြည့်မယ်ဆိုရင် ဒါကသာမန်လုပ်ငန်းခွင် မဟုတ်ပါဘူး။ သူက ဘာလဲဆိုတော့ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ဆက်သွယ်ထားတဲ့ ကျောင်းဆိုတဲ့ ပတ်ဝန်းကျင်မှာ လုပ်ဆောင်တာဖြစ်တယ်။သူ့ရဲ့ကျောင်းအတွင်းမှာ ဆိုရင်လည်း စီမံခန့်ခွဲမှု ကို ပို့ချတယ်။ ခေါင်းဆောင်မှုပိုင်းကို အားပေးတယ်ဆိုတဲ့ သင်ကြားမှုတွေရှိတယ်။ အဲဒီလိုနေရာမျိုးမှာ ခွဲ ခြားခံရတဲ့အဖြစ်က ပိုပြီးတော့ ရင်နာဖို့ကောင်းပါတယ်”  လို့ လူ့အခွင့်အရေး လှုပ်ရှားသူလည်းဖြစ်ပြီး Equality Myanmar ရဲ့ ဒါရိုက်တာ တစ်ဦးလည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

 

အွန်လိုင်းမှာ မဟုတ်မမှန် တိုက်ခိုက်ခံရတဲ့ ဝက်ကြီး သို့မဟုတ် ဖရဲသီးသည်

ကျော်ဇင်ဝင်းလိုပဲ ခွဲခြားဆက်ဆံခံရ လှောင်ပြောင်ကဲ့ရဲ့မှုတွေကို ခံရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ သူတစ်ဦးလည်း ရှိပါတယ်။

ဝက်ကြီးလို့ အမည်ရတဲ့ ဖရဲသီးသည်တစ်ဦးပဲ ဖြစ်ပါတယ်။ သူကတော့ သန်လျင်မြို့နယ်မှာ နေထိုင် ပြီးတော့ သူငယ်နာ အကြောတင်းရောဂါ ခံစားနေရတဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝကိုအရှုံးမပေးဘဲ မိသားစုကို ဖရဲသီးရောင်းကျွေးနေတဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အသက်ကို သတ်သေခဲ့တဲ့ဖြစ်စဉ်တစ်ခုကတော့ ၂၀၁၈ ခုနှစ် နှစ်စပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။

အဲဒါကတော့မွေးရာပါ ရောဂါကြောင့် အရာဝတ္ထုတွေကို ကိုင်တွယ်ရာမှာ မမြဲလို့ သူ့ဖရဲသီးဗန်း မှောက်ကျခဲ့ပါတယ်။ အဲဒီလိုဖြစ်တာကို လူတစ်ယောက်က လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာပါ။ ရုပ်သံအဖြစ်တင်ခဲ့ပေမဲ့ အဲဒီအကောင့်ပိုင်ရှင်ရေးတင်ခဲ့တဲ့ Post ကြောင့် သူ့ဘဝက မပြန်လမ်းကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ အဲဒါကတော့ သူ့ကိုလူလိမ်တစ်ဦးလို့ စွပ်စွဲရေးသားခြင်းပဲ ဖြစ်ပါတယ်။

အဲဒီလိုရေးသားချက်တွေကို အစတုန်းကတော့ ဝက်ကြီး (ခ) ကို မျိုးမင်းဦးတစ်ယောက် မသိသေးပါဘူး။ လူမှုကွန်ရက်ပေါ်မှာ သူ့အကြောင်းကို ပြောနေကြတယ်ဆိုပြီး သတင်းကြားတော့မှ စာဖတ်တတ် တဲ့သူတစ်ယောက်ကို ဖတ်ခိုင်းတော့မှ အကြောင်းစုံသိခဲ့တာပါ။

လူကောင်းတစ်ယောက်၊ ပညာသင်ကြားခွင့်ရတဲ့သူ တစ်ယောက်တောင် မခံနိုင်တဲ့ အခြေအနေမှာ မွေးရာပါရောဂါ ခံစားနေရသူတစ်ဦးအတွက်ကတော့ ဆိုဖွယ်ရာမရှိ တော့ပါဘူး။ နောက်ဆုံးမခံနိုင်တဲ့ အဆုံးမှာတော့ အသက် ၂၂ နှစ် အရွယ်ရှိတဲ့ ကိုမျိုးမင်းဦးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာပဲ ဖြစ်ပါတယ်။

သူ့ရဲ့အသုဘက ထင်ထားတာထက် ပိုစည်ကားခဲ့ပြီး မိသားစုရဲ့ ကြိတ်မနိုင်ခဲမရဖြစ်တဲ့ စကားတွေကိုလည်း ကြားခဲ့ရတယ်လို့ အဲဒီအချိန်တုန်းက ကိုမျိုးမင်းဦးရဲ့ နာရေးကို သတင်းသွားယူတဲ့ မီဒီယာသမားတစ်ဦးက ပြောပါတယ်။

 

စာအုပ်ထဲမှာသာရှိတဲ့ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး

မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွင်တော်တော်များများ၊ လူမှုဆက်ဆံရေးနယ်ပယ်အများစုမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောပါတယ်။

အဲဒီလိုခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့အချက်အလက်  ကောက်ယူမှုတွေ မရှိပေမဲ့ အများစုကတော့ လက်တွေ့ခံစားရတဲ့အခြေအနေမှာ ရှိတယ်လို့ ဦး အောင်မျိုးမင်းက သုံးသပ်ပြောပါတယ်။

“အထက်ဖား အောက်ဖိဆိုတဲ့ စိတ်ထားတွေ၊ လုပ်ငန်းခွင်ထဲမှာ ကိုယ်နဲ့မတူရင် လက်မခံချင်တဲ့စိတ်ထားတွေ၊ အောက်ကလူတွေကို ပါ၀ါပြချင်တဲ့ စိတ်ထားတွေက အရမ်းကြီးမားနေတဲ့အခါမှာ လုပ်ငန်းခွင်တင် မကဘဲနဲ့ အထူးသဖြင့် မတူတဲ့သူတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေ အများကြီး ဖြစ်နေတာကို တွေ့ရတယ်။ လုပ်ငန်းခွင်အတွင်းမှာတော့ ပိုမိုဆိုးရွားပါတယ်။ အထူးသဖြင့်ကိုယ်က နောက်မှ အသစ်ရောက်လာတယ်။ ရှိနေတဲ့သူတွေနဲ့ အသွင်မတူဘဲ ကိုယ်ကကွဲပြားနေတဲ့အခါမှာ ဒါမျိုးပုံစံမျိုး ပိုပြီးဖြစ်တာခံရတာ ရှိပါတယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေက ပုံစံနှစ်မျိုးနဲ့ရှိပါတယ်။ ပထမတစ်မျိုးကတော့ သူ့ရဲ့ အားနည်းချက်ကို လှောင်ပြောင်တာ၊ တီးတိုးပြောဆိုတာတွေ၊ အမူအရာ နဲ့ လုပ်ပြတတ်တာတွေ ဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ လုပ်ငန်းခွင်ထဲမှာ သူ့ရဲ့ပြောကြားမှုတွေကို အရေးမလုပ်တာ၊ တခြားသူတွေလို ရရှိမယ့်အခွင့်အရေးတွေကို မပေးဘဲနေတာတွေ ဖြစ်ပြီးတော့ ဒုတိယပုံစံ ခွဲခြားဆက်ဆံမှုကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပဲ ဖြစ်ပါတယ်။

“ခံရတဲ့သူက ငါ့ကို တမင် သက်သက်လုပ်ပါလားဆိုတဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ ဖြစ်လာတတ်တယ်။ လုပ်ငန်းခွင်မှာ မပျော်တော့ဘူး။ သူ့အရည်အချင်းကိုလည်း မယုံကြည်တဲ့အတွက် Bully ဖြစ်တယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အဲဒီလိုဖြစ်စဉ်တွေကို တားဆီးဖို့အတွက် အစိုးရဌာနတွေ၊ ပုဂ္ဂလိကဌာနတွေမှာ သတ်မှတ်ချက် စည်းကမ်းတွေရှိပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေကြတာပါ။

လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံခံရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ကိုကျော်ဇင်ဝင်းကတော့ အကောင်းဆုံး နမူနာတစ်ခု ဖြစ်ပါတယ်။

သူကျင်လည်ခဲ့တဲ့လုပ်ငန်းခွင်ဆိုတာ ပညာတတ်အသိုင်းအဝိုင်းတွေ အများစုကျင်လည်ရာနေရာ ဖြစ်ပေမယ့် သူကိုယ်တိုင် ခွဲခြား ဆက်ဆံ ခံခဲ့ရတာပဲဖြစ်ပါတယ်။

“သူတို့ကျောင်းတွေမှာ ဒါမျိုးကိစ္စတွေကို ကြိုတင်တားဆီးဖို့အတွက် ခွဲခြားဆက်ဆံမှုတွေ၊  နှိမ့်ချမှုတွေကို တားဆီးတဲ့ပေါ်လစီတွေ ဆိုတာ ရှိပါတယ်။ ဖြစ်လာရင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့ လုပ်ထုံး လုပ်နည်းတွေ ချမှတ်ထားတယ်။ ဒီ ကျောင်းတင်မကဘဲနဲ့ သူနဲ့ပူးတွဲလုပ်ဆောင်တဲ့ အင်္ဂလန်ကကျောင်းတွေမှာလည်း ဒါမျိုးတွေဖော်ပြထားတာကို တွေ့ရတယ်။ ဒါပေမဲ့ ပြဿနာက  ခုန ချထားတဲ့  ပေါ်လစီ လုပ် ထုံးလုပ်နည်းတွေက စာရွက်ထဲ၊ စာအုပ်ထဲမှာပဲ ရှိနေတယ်။ ဒီတော့ ဘယ်သူမှ မသိကြဘူး။ ဒါကို ဘယ်သူမှ ကျင့်သုံးဖို့လည်း သဘော မပေါက်ကြဘူး။ ဝန်ထမ်းတွေမှာက စာအုပ်က သပ်သပ် တကယ်တမ်း စိတ်ထဲမှာရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာ လက်ခံယုံကြည်မှုတွေက သပ်သပ်ဖြစ်တဲ့အချိန်မှာ ခုနကလို မျိုးဖြစ်တာတွေက ပေါ်လာတာပေါ့” လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

 

■ ခေတ်စားလာတဲ့ Cyber Bulling

၂၁ ရာစုမှာ တစ်ကမ္ဘာလုံးက လူတော်တော်များများက Facebook ၊ Instagram ၊ Twitter ၊ YouTube အစရှိတဲ့လူမှုကွန်ရက်တွေကို သုံးစွဲနေပါတယ်။

မြန်မာနိုင်ငံမှာတော့ Facebook လူမှုကွန်ရက်သုံးစွဲသူက အများဆုံးဖြစ်ပါတယ်။ အာဆီယံဒေ သတွင်းမှာဆိုရင်တော့ အဆင့် ၆ နေရာမှာရှိနေပါတယ်။ အများဆုံး အသုံးပြုတဲ့ အသက်အရွယ်တွေကတော့ ၁၈ နှစ်ကနေ ၂၄ နှစ်အရွယ်များ ဖြစ်ပါတယ်။ နောက်ပြီးတော့ အသက် ၂၄ နှစ်ကနေ ၃၅ နှစ်အရွယ်အထိက Facebook အသုံးပြုသူ စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၄၀ အထိ ရှိနေပြီးတော့ ၃၅ နှစ်နောက်ပိုင်းမှာတော့ အသုံးပြုသူ နည်းပါးတယ်လို့ Social Media Development Myanmar (SMDM) က ထုတ်ပြန်ထားပါတယ်။ အဲဒီအဖွဲ့က မြန်မာနိုင်ငံမှာ အင်တာနက်လူမှုကွန်ရက် အသုံးပြုသူတွေအတွက် ကောင်းမွန်သော လူမှုကွန်ရက် ပတ်ဝန်း ကျင်ရရှိစေရေး သတင်းအချက်အလက်နဲ့ နည်းပညာတွေဖြန့်ဝေဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

အဲဒီအဖွဲ့က ကောက်ယူထားတဲ့ အချက်အလက်တွေအရတော့ Facebook သုံးစွဲသူ အများဆုံးက ရန်ကုန်မြို့မှာ နေထိုင်သူတွေဖြစ်ပြီးတော့ တစ်နိုင်ငံလုံး သုံးစွဲသူတွေရဲ့ ၄၂ ရာခိုင်နှုန်း ရှိပါတယ်။ ဒုတိယ အများဆုံးကတော့ မန္တလေးမြို့ဖြစ် ပြီးတော့ သုံးစွဲသူ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။

ကျန်တဲ့မြို့တွေမှာအများဆုံးကတော့ တောင်ကြီးမြို့နဲ့ မြစ်ကြီးနားမြို့တွေပဲဖြစ်ပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်းမှာ နေထိုင်သူတွေ ရဲ့ လူမှုကွန်ရက် Facebook သုံးစွဲမှုက တစ်ဟုန်ထိုး တိုးတက်လာပြီး တော့ ၂၀၁၇ ခုနှစ်မှာ သုံးစွဲခဲ့တဲ့သူ  အရေအတွက်ထက် တစ်သန်းကျော် တိုးတက်ခဲ့တယ်လို့ SMDM က ထုတ်ပြန်ထားပါတယ်။

သုံးစွဲမှုများပြားလာတာနဲ့အမျှ လူမှုကွန်ရက်စာမျက်နှာတွေ မှာ Cyber Bulling လုပ်ခံရတဲ့ ဖြစ်စဉ်တွေက များလာပါတယ်။

ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ ဖရဲသီးသည်၊ FoodBox ထဲက အစားအသောက်တွေကို  သားသမီးတွေကို ကျွေးဖို့သွားယူမိတဲ့ စျေးသည်အမျိုးသမီးရဲ့ဖြစ်စဉ်တွေ နဲ့ အခုနောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ကိုကျော်ဇင်ဝင်းရဲ့ဖြစ်စဉ်တွေက ထင်ရှားတဲ့ နမူနာတွေပဲဖြစ်ပါတယ်။

Cyber Bulling လုပ်တယ်ဆိုတာက ဖုန်း ၊ ကွန်ပျူတာ အစရှိတာ တွေကို အသုံးချပြီး တစ်ဖက်သား ထိခိုက်အောင် အနိုင်ကျင့် စော်ကားတာပါပဲ။ Message ပို့ပြီးခြိမ်းခြောက်တာ၊ လူမှုကွန်ရက်တွေမှာ ပို့စ်တင်ပြီး အရှက်ခွဲတာ၊ ဓာတ်ပုံတွေ ဖြန့်ဝေတာ၊ ကာယကံရှင် မသိစေချင်တဲ့ ကိစ္စတွေကိုတင်ပြီး အရှက်ခွဲတာတွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူမှုကွန်ရက် Facebook အသုံးပြုသူတွေက မိုဘိုင်းဖုန်းနဲ့ အသုံးပြုကြပါတယ်။ SMDM က ထုတ်ပြန်ထားတဲ့ အချက်တွေအရဆိုရင် ၉၇ ရာခိုင်နှုန်း ရှိပြီးတော့ အာဆီယံနိုင်ငံတွေထဲမှာ ဆိုရင် ဖုန်းနဲ့အသုံးပြုတဲ့သူ ရာခိုင်နှုန်း အများဆုံးပဲဖြစ်ပါတယ်။

လူတစ်ယောက်ကို ဝေဖန်နိုင်ပေမဲ့ အမှန်မဟုတ်တဲ့ သတင်းတု သတင်းယောင်တွေနဲ့ တိုက်ခိုက်တာတွေကြောင့် သတ်သေခဲ့တဲ့ အဖြစ်တွေ ပေါ်လာတာကောင်းတဲ့ အရာမဟုတ်ဘူးလို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

“လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် အနှောင့်အယှက်ပေးတာ၊ သူ့ကိုခြိမ်းခြောက်တာ၊ သူ့ရဲ့စိတ်ပိုင်းကျအောင် လုပ်ဆောင်နေတာ၊ မလိုအပ်ဘဲနဲ့အမှန်အတိုင်း မဟုတ်ဘဲနဲ့ သူ့ကိုအရှက်ခွဲပြီးတော့ သူ ကြေကွဲဝမ်းနည်းပြီး ဘဝပျက်သွားအောင်၊ နာကြည်းအောင် လုပ်ဆောင်တဲ့ပုံစံတွေ အများကြီး ဖြစ်လာတာကို တွေ့ရ တယ်။  တစ်ခါတလေကျရင်  မခိုင်လုံတဲ့ သတင်းတွေကိုအခြေခံပြီးတော့ လူတစ်ယောက်ပေါ်မှာ မုန်းတီးမှုကို အခြေခံပြီးတော့ တိုက်ခိုက်တာတွေ၊ ၀ိုင်းဝန်းပြောဆိုတာတွေက Bully ပဲ။ လူတစ်ယောက်ရဲ့အပေါ်မှာ ကိုယ့်ရဲ့ဝေဖန်ထောက်ပြမှုလုပ်နိုင်ပေမယ့် သူ့ကို တမင်သက်သက် နာကြည်းအောင် ပြောဆိုမှုတွေ၊ သူ စိတ်ထိခိုက်အောင် ရည်ရွယ်လုပ်ဆောင်တာတွေက မဖြစ်သင့်တဲ့ Cyber Bully များဖြစ်ပါတယ်။ အဲဒါတွေရဲ့ရလဒ်က သူ့ကိုယ်သူသတ်သေသွားတဲ့ဟာတွေ၊ ဘဝပျက်မှာ စိုးလို့ ရေစုန်မျှောလိုက်ရတဲ့ဘဝမျိုးတွေ အဲဒါမျိုးဖြစ်နေပြီ” လို့ ဦးအောင်မျိုးမင်းက သတိပေး ပြောဆိုပါတယ်။

CyberBulling ကျူးလွန်တာကို ဘယ်လိုအမှုဖွင့်မလဲ

တရားဥပဒေစိုးမိုးရေး လျော့ရဲနေတယ်လို့ဆိုနိုင်တဲ့ မြန်မာနိုင်ငံမှာ ဆိုင်ဘာအနိုင်ကျင့်ခြင်း (Cyber Bulling) ဖြစ်စဉ်တွေ များပြားလာတဲ့အတွက် မည်သို့တု့ံပြန်ရမလဲဆိုတဲ့မေးခွန်းကတော့ ပြည်သူတွေ ကြား စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် မှုခင်းဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရက ၂၀၁၅ ခုနှစ်မှာ  Cyber Crime ဌာနကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီဌာနကို Cyber Crime ဌာန တစ်ခုလို့ သီးခြားသတ်မှတ်ထားပေမယ့် နည်းပညာနဲ့ ပတ်သက်တဲ့ အမှုတွေသာမက ရာဇဝတ်မှုခင်းတွေကိုပါ ကိုင်တွယ်နေရပါတယ်။

အကြောင်းကတော့ လူသတ်မှုတစ်ခုဖြစ်ပြီဆိုရင်လည်း ဖုန်းအသုံးပြုပြီး ချိန်းဆိုတာတွေ၊ မူးယစ် ဆေးရောင်းဝယ်တာတွေဆိုရင်လည်း ဖုန်းအသုံးပြုပြီး ကျူးလွန်ကြတာဖြစ်တဲ့အတွက်ကြောင့် တရားခံ တွေဆီက ရလာတဲ့ ဖုန်းတွေကိုပါ စစ်ဆေးပြီး အမှုနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို ဖော်ထုတ်ရတာကြောင့် ဖြစ်ပါတယ်။

Cyber Bulling ပြုလုပ်ခံရတယ်ဆိုရင်တော့ သက်ဆိုင်ရာနယ်မြေရဲစခန်း ဒါမှမဟုတ် 199 ကို ဆက်သွယ်ပြီး အမှုဖွင့်နိုင်ပါတယ် လို့ နေပြည်တော် Cyber Crime ဌာနက အရာရှိတစ်ဦးက ပြောပါတယ်။

အွန်လိုင်းပေါ်မှာ မှန်ကန်တဲ့ အကြောင်းအရာတွေနဲ့ ဝေဖန်ပြောဆိုနိုင်ပေမယ့် လူတစ်ဖက်သားကို မဟုတ်မမှန်သတင်းလွှင့်နေတဲ့ အခြေအနေတွေ ပေါ်ပေါက်လာမယ် ဆိုရင်တော့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံသားများပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုဥပဒေ စတာတွေ အပြင် အီလက်ထရွန်နစ်ဥပဒေတွေနဲ့ အရေးယူနိုင်ပါတယ်။

“အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သူရဲ့ ရပ်တည်နေထိုင်မှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ဦးက ဝေဖန်လို့ရပါတယ်။ ဥပမာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးဖြစ်ရပါမယ်။ ဒါပေမဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်ကိုဖြစ်စေ၊ သူရဲ့အရှက်ဂုဏ်သိက္ခာကိုဖြစ်စေ ထိခိုက်နစ်နာအောင် လူမှုကွန်ရက်ကဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ၊ နေထိုင်ရာ ပတ်ဝန်းကျင်မှာဖြစ်စေ ဝေဖန်လို့မရပါဘူး။ ဒီလို ဝေဖန်ပြောဆိုမှု တွေကတည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နဲ့ ငြိစွန်းခဲ့မယ်။ ပြီးတော့ နစ်နာသူ ကျေနပ်အောင် တောင်းပန်ခြင်းမပြုခဲ့ဘူးဆိုရင် နစ်နာသူကဖြစ်စေ၊ သူ့ရဲ့အုပ်ထိန်းသူကဖြစ်စေ တည်ဆဲဥပဒေ တစ်ရပ်ရပ်နဲ့ အမှုဖွင့်ဆောင်ရွက်နိုင်သလို တရားမကြောင်းအရလည်း နစ်နာကြေး တောင်းလို့ရတယ်” လို့ တရား လွှတ်တော်ရှေ့နေ ဦးမိုးဟိန်းက ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ အဲဒီ ပုဒ်မတွေဟာ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပုဒ်မတွေပဲ ဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဟာဆိုရင်လည်း ပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် ပြန် လည်ပြင်ဆင်ထားပေမယ့် အားနည်းချက်တွေ ရှိတုန်းပါပဲ။ လတ်တလောမှာဆိုရင်တော့ ဇွန် ၁၄ ရက် က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ မြေပွဲစားတစ်ဦးက လူတစ်ဦးကို တရားစွဲဆိုခဲ့ပါတယ်။ အဲဒီအတွက် တရားရုံးက အမှုလက်ခံခဲ့ပြီး အမိန့် ချမှတ်ရာမှာ တရားစွဲခံရတဲ့သူကို ထောင်တစ်လ (သို့မဟုတ်) ငွေ ဒဏ် ငါးသောင်း ချမှတ်ခဲ့ပါတယ်။ အမှုဖွင့်တဲ့ မြေပွဲစားကတော့ မြေကွက်လိမ်လည်ရောင်းချမှုနဲ့ ဝရမ်း ပြေးတစ်ဦးဖြစ်နေပါတယ်။

ထို့အတူပဲ နိုင်လွတ်လုံ (သို့မ ဟုတ်) နိုင်ငံသားများပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ဥပဒေမှာလည်း လက်ရှိမှာတော့ နိုင်ငံရေးလှုပ်ရှားသူတွေသာမက ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တွေကို နှောင့်ယှက်နေတဲ့ ပုဒ်မတွေပဲဖြစ်ပါတယ်။ အဲဒီ ပုဒ်မဟာဆိုရင် အနည်းဆုံး ထောင်ဒဏ် ခြောက်လကနေ အများဆုံး သုံးနှစ်အထိ ချမှတ်နိုင်ပါတယ်။ အဲဒီအမှုနဲ့ အရင်ဆုံးအမိန့်ချမှတ်ခံရ တာကတော့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ဝေဖန်လို့ အမှုဖွင့်ခံရတဲ့ ဦးအောင်ကိုကိုလွင် ဖြစ်ပြီးတော့ ထောင်တစ်နှစ် ချမှတ်ခံရတာပဲဖြစ်ပါတယ်။

အလားတူ အီလက်ထရွန်နစ် ဥပဒေဟာလည်း  ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဥပဒေပဲဖြစ်ပါတယ်။ အီလက်ထရွန်နစ် ဥပဒေကတော့ ‘အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်းအချက်အလက်နှင့် အီလက်ထရွန်နစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့မဟုတ်) ပြောင်းလဲခြင်း (သို့မဟုတ်) ပြောင်းလဲခြင်း ပြုလုပ် ထားသည့်အချက်ကို ဖြန့်ချိခြင်းတို့ ကို ပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ချမှတ်ခံရမှာဖြစ်ပြီးတော့ ငွေကျပ် ၁၀ သိန်းမှ ငွေကျပ်သိန်း ၁၀၀ အထိ ဒဏ်ငွေပေးဆောင်ရမယ်’ လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီလို အားနည်းချက်တွေရှိနေတဲ့ နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုခံနေရတဲ့ ပုဒ်မတွေကို ပြန်လည် ပြင်ဆင်တာတွေပြုလုပ်ပြီး ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမယ့် ဥပဒေတွေ ပေါ်ထွက်လာဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။

         

Cyber Bulling ကို ဘယ်လိုတားဆီးမလဲ

Cyber Bulling ဖြစ်စဉ်ဆိုတာ လူတန်းစားမရွေး ခံစားရနိုင်တဲ့ ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။

ပညာတွေ ဘယ်လောက်တတ်တတ် လူတစ်ယောက်ကို ခွဲခြားတတ်တဲ့စိတ်၊ မတူကွဲပြားမှုကို လက်ခံလိုခြင်း မရှိတဲ့စိတ်တွေ ရှိနေရင် အဲဒီလိုလူမျိုးတွေက ကြောက်ဖို့ အကောင်းဆုံးလူတွေလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ပညာ ဘယ်လောက်တတ်တတ် တကယ်တမ်း လူကို လူလိုမြင်တဲ့စိတ်၊ မတူကွဲပြားမှုကို လက်ခံလို တဲ့စိတ်မရှိရင် အဲဒီပညာက ပညာပဲ ရှိမယ်။ တကယ်လက်တွေ့အတွက် အသုံးကျမှာ မဟုတ်ဘူး။ ပိုမိုဆိုး ရွားတာက ပညာတတ်ပြီး ဒါမျိုးစိတ် ဓာတ်ရှိရင် သူ့ရဲ့ပတ်ဝန်းကျင်က ပိုပြီးတော့ သူ့ရဲ့ဆိုးကျိုးကို ခံရနိုင်တယ်” လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

အစိုးရအနေနဲ့ မတူကွဲပြားမှုကို လက်ခံနိုင်အောင် ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သွင်းပြဋ္ဌာန်း ပြီးတော့ သင်ကြားပြသတာတွေ လုပ်ဆောင်ရမယ်လို့ သူက ဆိုပါတယ်။

“သင်ခန်းစာတစ်ခုရတာကတော့ ကျွန်တော်တို့ကျောင်းတွေက အတန်းပညာအောင်ဖို့နဲ့ စာကျက် ဖို့လောက်ပေါ့။ စာမေးပွဲတွေမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့အတွက် လုပ်ကြတယ်။ ဒါပေမဲ့ စာမေး ပွဲမဖြေရတဲ့ လူသားတစ်ယောက်က လူသားတစ်ယောက်လို ပီပီသသနဲ့ တစ်ယောက်ကိုတစ်ယောက် လေးစားသော စိတ်ဓာတ်တွေကို ပြပေးဖို့ မေ့များမေ့နေကြလားဆိုတဲ့ မေးခွန်း ရောက်လာတယ်။ အစိုးရတာ ဝန်ကတော့ ဒါမျိုးကိစ္စတွေကို တားဆီးဖို့၊ ကျောင်းတွေမှာ မတူကွဲပြားမှုနဲ့ တစ်ယောက်ကို တစ်ယောက် လူ လူချင်း လေးစားတဲ့စိတ်ထားတွေကို သွန်သင်ဆုံးမဖို့ အသက်အရွယ်နဲ့ အလိုက်သင်ကြားပေးရမယ်။ ကျောင်းစာတင်မကဘဲနဲ့ လူတွေရဲ့ နှလုံးသားကိုပါ ပြုပြင်ပေးတဲ့ ပညာရေးတွေကို သင်ကြားပေးဖို့ အစိုးရကို တိုက်တွန်းလိုတယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

လက်ရှိမှာတော့ အွန်လိုင်းအနိုင်ကျင့်မှု (Cyber Bulling) ဖြစ်စဉ်တွေက အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာမှာတော့ နေရာယူနေပြီ ဖြစ်ပါတယ်။

အဲဒီလိုဖြစ်စဉ်တွေများလာတာနဲ့အမျှ ကိုကျော်ဇင်ဝင်းလို၊ ဝက်ကြီး (ခ) ကိုမျိုးမင်းဦးလို ကိုယ့် ကိုယ်ကိုယ်သတ်သေတဲ့ဖြစ်စဉ်မျိုး၊ Food Box ထဲက အစားအစာတွေကို သားသမီးတွေအတွက် ယူမိတဲ့ စျေးသည်အမျိုးသမီးလို အရှက်ခွဲခံရတဲ့ ဖြစ်စဉ်တွေက များပြားလာမှာ အမှန်ပဲဖြစ်ပါတယ်။

အနိုင်ကျင့်ခြင်းဆိုတာ  အသိဉာဏ်နည်းပါးတဲ့ တိရစ္ဆာန်လောကမှာသာ ပြုမူကျင့်ကြံနေထိုင်တာ ဖြစ်ပေမယ့် အသိဉာဏ်ရှိတဲ့ လူ့အဖွဲ့အစည်းမှာတော့ နေရာယူလာဖို့ မဖြစ်သင့်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ လူ့လောကအတွက် အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာတော့ ဆိုက်ဘာ အနိုင်ကျင့်ခြင်းဖြစ်စဉ်တွေ လျော့နည်းလာအောင်၊ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို မထိခိုက်အောင် အစိုးရအနေနဲ့ အနုစိတ်ကျတဲ့၊ အသေးစိတ်ကျတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။ အဲဒီလိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ လေသေနတ်ပစ်တဲ့သူတွေကြောင့် ဒုတိယကျော်ဇင်ဝင်းလိုအဖြစ်မျိုး၊ ဒုတိယဖရဲသီးသည်လို အဖြစ်မျိုးတွေက ထပ်ရောက်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲမှာခွဲခြားခံရပြီး လူမှုကွန်ရက် Viber Group ထဲမှာပါ ခွဲခြားခြင်းခံခဲ့ရတဲ့ ကိုကျော်ဇင်ဝင်းကတော့သူချစ်တဲ့မိသားစုနဲ့ သူ့အဘွားကိုပါ ခွဲခွာသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အဘွားဖြစ်သူကတော့ သူ့မြေးဖြစ်တဲ့ ကိုကျော်ဇင်ဝင်းကို တမ်းတနေတုန်းပဲဖြစ်ပါတယ်။                        

 

Most Read

Most Recent