တနင်္သာရီတိုင်းအတွင်း မိရိုးဖလာကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ၏ အရွယ်လွန် လှေပြဿနာ

တနင်္သာရီတိုင်းအတွင်း မိရိုးဖလာကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ၏ အရွယ်လွန် လှေပြဿနာ
တနင်္သာရီတိုင်းအတွင်း ကမ်းခြေတစ်နေရာတွင် ငါးဖမ်းလှေများကို တွေ့ရစဉ်
တနင်္သာရီတိုင်းအတွင်း ကမ်းခြေတစ်နေရာတွင် ငါးဖမ်းလှေများကို တွေ့ရစဉ်
Published 30 June 2019
ဖြိုးဇင် (ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိရိုးဖလာကမ်းနီးငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် အရွယ်လွန်လှေများကြောင့် သက်ဆိုင်ရာဌာနက ငါးဖမ်းလိုင်စင်နှင့် လှေဂရမ်၊ စက်ဂရမ်များ ထုတ်ပေး ခြင်းမရှိတော့သဖြင့် လုပ်ငန်းလုပ်ကိုင်နေသူများမှာ တရားမဝင် လုပ်ငန်း လုပ်ကိုင်နေကြသူများသဖွယ် စိုးရိမ်ထိတ်လန့်စွာ လုပ်ကိုင်နေကြရသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ဇွန် ၂၄ ရက်က စတင် ကျင်းပသည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် လောင်းလုံးမဲ ဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက တနင်္သာရီတိုင်း ဒေသကြီးအတွင်း နှစ်ပေါင်းများစွာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေသည့်မိရိုးဖလာ ကမ်းနီးရေလုပ်ငန်းမှ အရွယ်လွန် ငါးဖမ်းလှေများ စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက်နိုင်ရေး သင့်လျော်သည့် ငါးဖမ်းလိုင်စင်ချ ထား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ-မရှိ မေးခွန်းကိုလွှတ်တော်၌ မေးမြန်းခဲ့သည်။

အချို့သော ကမ်းနီးရေလုပ်ငန်း လုပ်ကိုင်ကြသူများအနေဖြင့် ငါးအရအမိရှိသော ငါးဖမ်းကွက် ရှိရာသို့သွားနိုင်ရန်နှင့် ရာသီဥတုဒဏ်ခံနိုင်ရန် လှေအတိုင်းအတာနှင့် စက်အင်အားကိုမဖြစ်မနေ တိုးမြှင့်ပြီး ကြီးမားသောအရင်းအနှီးများဖြင့် မိရိုးဖလာလုပ်ငန်းကို ရွေးချယ်စရာမရှိဘဲ ဆက်လက်လုပ်ကိုင် စားသောက်နေကြရကြောင်း၊ အဆိုပါ လုပ်ငန်းများအနေဖြင့် ငါးဖမ်းကိရိယာ မပြောင်းလဲသော်လည်း အသုံးပြုရသည့် လှေနှင့် စက် အင်အားတိုးမြှင့်မှုကို အကြောင်းပြု၍ သက်ဆိုင်ရာဌာနများက ထုတ်ပေးမြဲ ကမ်းနီးငါးဖမ်းလိုင်စင်နှင့် လှေဂရမ်၊ စက်ဂရမ်များကို ထုတ်ပေးခြင်းမရှိတော့သဖြင့် လုပ်ငန်း လုပ်ကိုင်နေသူများမှာ တရားမဝင် လုပ်ငန်းလုပ်ကိုင်နေကြသူများသဖွယ် စိုးရိမ်ထိတ်လန့်စွာ လုပ်ကိုင်နေကြရုံသာမက နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများလည်း နစ်နာလျက်ရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို Close Season, Close Area များ သတ်မှတ်၍နိုင်ငံတော်က မြန်မာ့ရေ သယံဇာတများကို ထိန်းသိမ်းလျက်ရှိရာ လိုင်စင်မဲ့အရွယ်လွန်မိရိုးဖလာ ကမ်းနီးလုပ်ငန်းများပါ စိုးရိမ်ထိတ်လန့်စွာ လုပ်ငန်းများရပ်နားနေကြရကြောင်း၊ ပင်လယ်ပြင်ကြီးရှိသရွေ့ ငါးဖမ်းလုပ်ငန်းရှိနေမည့် တိုင်းဒေသကြီးအတွင်းရှိ ကမ်းနီးရေလုပ်ငန်းအတွက် တိကျသောအစီအမံ၊ ညွှန် ကြားချက်များ ကြိုတင်ထားရှိရန် အထူးလိုအပ်နေပြီး ယင်းလုပ်ငန်းကို တိုင်းဒေသကြီး၏ SME အဖြစ် သတ်မှတ်၍ရနိုင်သော လုပ်ငန်း ဖြစ်သောကြောင့် လိုအပ်ပါက နီးစပ်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပေး ခြင်းနှင့်ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြခြင်းများဆောင်ရွက်ပေးရန် အလေးအနက်တိုက် တွန်းအကြံပြုလိုကြောင်း ဦးဗိုလ်ထွေးက လွှတ်တော်၌မေးခွန်းမေးမြန်းရာတွင် ပြောကြားသည်။

ယင်းသို့ မေးမြန်းမှုအပေါ် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ကမ်းနီးငါးဖမ်းလုပ်ငန်းကို ကမ်းရိုးတန်းဒေသတစ်လျှောက် ကမ်းခြေမှ ၁၀ မိုင်အတွင်းရေပြင်ကို ကမ်းနီးရေပြင်ဟု သတ်မှတ်ထားပြီး ငါးလုပ်ငန်းဦးစီးဌာန၏ ၃၁.၅.၁၉၉၆ ရက်စွဲပါ ညွှန်ကြား ချက်အမှတ် (၃/၉၆) ဖြင့် အလျား ပေ ၃၀ နှင့် မြင်းကောင်ရေ ၁၂ ကောင်ထက်မပိုသော ရေယာဉ်များကိုသာ ကမ်းနီးငါးဖမ်းလှေဟု သတ်မှတ်ထားသော်လည်း ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကျင်းပသည့်  မြန်မာ့ ပင်လယ်ငါးလုပ်ငန်းရေပြင်၏ ငါး၊  ပုဇွန်သယံဇာတတည်ရှိမှု အခြေ  အနေနှင့် ထုတ်ယူသုံးစွဲမှုဆိုင်ရာ စာတမ်းဖတ်ပွဲဆွေးနွေးချက် ရလဒ်များအရ အလျားပေ ၃၀ နှင့် မြင်းကောင်ရေ ၂၅ ကောင်သို ့တိုးမြှင့်သတ်မှတ်ပေးထားကြောင်း၊ ကမ်းနီး ငါးလုပ်ငန်းရေပြင်သည်ငါး၊ ပုစွန်များ ဥချသားပေါက်ဖွားရာနှင့် ကြီးပြင်းကျက်စားရာဖြစ်ပြီး အခြေခံ ရေလုပ်သားများ၏အဓိကအသက် မွေးဝမ်းကျောင်းပြုရာ နေရာဖြစ်၍ ကမ်းနီးဒေသတွင် လှေအရွယ်အစားနှင့် စက်အင်အားမြင့် ငါးဖမ်းလှေများကို ဖမ်းဆီးခွင့်ပြုပါက ငါးသယံဇာတကို ထိခိုက်စေမည်ဖြစ်ပြီး စက်အင်အားသုံး ငါးဖမ်းကိရိယာများ အသုံးပြု ငါးဖမ်းဆီးခြင်းများ ဆောင်ရွက်လာပါက ငါးသယံဇာတကို ပိုမိုထိခိုက်စေနိုင်ကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်  ကမ်းနီးငါးဖမ်းကိရိယာ ၃၅ မျိုးဖြင့် စက်တပ်ငါးဖမ်းရေယာဉ် ၇၂၀၆ စီးနှင့် စက်မဲ့ငါးဖမ်းရေယာဉ် ၃၀၅၈ စီး စုစုပေါင်း ၉၈၂၃ စီး ငါးဖမ်းလုပ် ကိုင်နေကြောင်း၊ တိုင်းဒေသကြီး အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရိုင်တို့တွင် ပြီးခဲ့သည့် မတ်အတွင်းက ကျင်းပခဲ့ပြီးဆွေးနွေးပွဲတွင် ကမ်း နီးငါးဖမ်းရေယာဉ်များနှင့် ပတ်သက်၍ လှေအရွယ်အစားကို အလျားပေ ၆၀ အောက်၊ မြင်းကောင်ရေ ၁၂၀ အောက်သတ်မှတ်ပေးရန်နှင့် ကမ်းနီးကမ်းဝေးငါးဖမ်း  ကိရိယာအရေအတွက်နှင့် အရွယ်အစားများကိုပါ ဆွေးနွေးညှိနှိုင်း ရရှိခဲ့ရာ ဆွေးနွေးချက်များအား နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် မတ်၂၂ ရက်က ပြုလုပ်သည့် ငါးလုပ်ငန်းစီမံခန့်ခွဲမှု စီမံချက်ဖော် ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးထားကြောင်း ဦးမြင့်စန်းက ဆိုသည်။

မြန်မာ့ ပင်လယ်ငါးလုပ်ငန်း ဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု၏ လုပ် ပိုင်ခွင့်ဖြစ်နေသဖြင့် ကမ်းနီးငါးဖမ်းရေယာဉ်များ၏ စက်အင်အားနှင့် လှေအရွယ်အစား သတ်မှတ်ချက်ထက် ကျော်လွန်နေမှုကို ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်မှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်နေကြောင်း ဦးမြင့်စန်းက ဖြေကြားခဲ့သည်။

ထိုသို့ ဝန်ကြီး၏ဖြေကြားမှု အပေါ် မပြည့်စုံဟုဆိုကာ ဦးဗိုလ်ထွေးက ထပ်ဆင့်မေးခွန်းပြန်လည် မေးမြန်းခဲ့ပြီး ဝန်ကြီးက စာဖြင့် ဖြေကြားပေးမည်ဟု ပြောကြားသည်။

“ကျွန်တော့် မေးခွန်းက ကမ်းနီး မဟုတ်ဘူး။ အရွယ်လွန်ကမ်းနီး ငါးဖမ်းလှေပေါ့နော်။ တစ်ချိန်တုန်းကတော့ ဒီလှေတွေက ကမ်းနီးဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတယ်။ ကိရိယာလမ်း ကမ်းနီးကိရိယာကိုး။ သို့ သော်လည်း လှေတွေအရွယ်အစားက ကြီးလာတဲ့အတွက် ကျွန်တော် မေးတဲ့ မေးခွန်းအပြည့်အစုံကတော့ အရွယ်လွန်လှေတွေ ဘယ်လိုလုပ်မလဲပေါ့။ ဒါကိုသင့်တော်တဲ့ လိုင်စင်ချပေးဖို ့ဆိုတော့ ကမ်းနီး လိုင်စင် ချပေးဖို့အတင်းတောင်းတာ မဟုတ်ဘူး။ သင့်တော်တဲ့လိုင်စင်တစ်ခုခုပေါ့။ ဒီလှေတွေကိုကမ်းနီးကတော့ မရတော့ဘူး။ ကမ်းဝေးဆိုလည်း သူတို ့လျှောက်ကြမှာပဲ။ အခုက Close Season ဆိုပြီးတော့ ကမ်းဝေး လှေတွေကို သုံးလ နားတယ်ပေါ့။ လိုင်စင်မရှိတဲ့ လှေတွေကျတော့ သူတို့က လှေအရွယ်အစား ကြီးနေတဲ့ အတွက်ကြောင့်မို ့သူတို့ကိုယ်သူတို့ ကမ်းနီးအဖြစ်နဲ့လည်း မနေရဲ ၊ ကမ်းဝေးကလည်း မဟုတ်ဆိုတော့သူတို့ ပါ ရောနားနေတဲ့ အနေအထားရှိတာပေါ့။ ကျွန်တော်ဆိုလိုတာက ဒီစီမံချက်ကြီးပေါ့။  Close Season ၊ Close Area စီမံချက်ကြီးပြီးသွားလို့ရှိရင် ဘာဆက်ဖြစ်မလဲဆိုတဲ့ဟာက တော်တော်ကြောက်ဖို့ ကောင်းတဲ့  အနေအထားပေါ့။ အဲဒါလေးတွေကို လွှတ်တော်ဆီ တင်ပြပေးတာ ဖြစ်ပါတယ်” ဟု ဦးဗိုလ်ထွေးက ဆိုသည်။

လက်ရှိတွင် ကမ်းနီးလှေပိုင်ရှင်များ ကြုံတွေ့နေရသည့် လှေအရွယ်အစားနှင့် စက်အင်အားများမှာ သတ်မှတ်ချက်ထက် ကျော်လွန်နေသည့်အခက်အခဲများကို ပြေလည်နိုင်စေရန် သင့်တော်သည့် လိုင်စင်အမျိုးအစားတစ်ခုကို ခွင့်ပြုပေးရန် လိုအပ်နေပြီး ယင်းပြဿနာကို ဥပဒေကြောင်းအရ မဟုတ်ဘဲ

စီမံခန့်ခွဲမှုနည်းဖြင့်ဖြေရှင်း၍ ရနိုင်ကြောင်း၊ ယင်းလှေများမှာလည်း ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ထုတ်ပေးထားသည့် လှေဂရမ်နှင့် စက်ဂရမ်များရှိပြီး ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပေးသည့်လိုင်စင် တစ်ခုသာ မရှိကြောင်း ဦးဗိုလ်ထွေးက ဆိုသည်။

ယင်းကဲ့သို ့ပြဿနာများနှင့် ပတ်သက်၍အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင်လည်း အစိုးရက အမိန့်ညွှန်ကြားစာထုတ်၍ ဖြေရှင်းမှုများရှိသည်ကိုတွေ့ရသောကြောင့် တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်ရှိ အရွယ်လွန် ကမ်းနီးလှေများအတွက် ပြဿနာကိုဖြေရှင်းရန် သက်ဆိုင်ရာဌာနများ သို့တိုင်းဒေသကြီးအစိုးရအဖွဲ့က အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပေးမည်ဆိုပါက ထုတ်ပေး၍ရ သည်ဟုယူဆကြောင်း၊ အဆိုပါ အရွယ်လွန်ကမ်းနီးလှေများကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ခွင့်ပြုမိန် ့ တစ်စုံတစ်ရာ ထုတ်ပေးလိုက်ပါက  အဆင်ပြေသွားမည် ဖြစ်သည့်အပြင် စည်းကမ်း သတ်မှတ်ချက်ထက် ပိုမိုလုပ်ဆောင်ထားမိပါကလည်း လှေများကိုပြန်လည်ပြင်ဆင်၍ရနိုင်ကြောင်း၊ လက်ရှိတွင် ကမ်းနီးငါးဖမ်း လှေများအတွက် မူလညွှန်ကြားချက်ဖြစ်သည့် မြင်းကောင်ရေ ၂၀ ထက်မပိုရဆိုသည့် သတ်မှတ်ချက်မှာ ခေတ်ကာလအနေအထားနှင့် ရာသီဥတုအခြေအနေများအရ လုံးဝမဖြစ်နိုင်တော့ကြောင်း ၎င်းက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ကျွန်းပေါင်း ၈၀၀ ကျော်တည်ရှိပြီး မြန်မာ့ပင်လယ်ပြင်ကို မိုင် ၈၀၀ ကျော်အထိ အလျားလိုက်ပိုင်ဆိုင်ထားသော တိုင်းဖြစ်ကာ မြို့နယ် ပေါင်း ၁၀ ခုအနက် ကိုးခုက ပင်လယ် ငါးဖမ်းခြင်းလုပ်ငန်းကို  အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ရှေးနှစ်ပေါင်းများစွာမှ ယနေ့ အချိန်အထိ လုပ်ကိုင်လျက်ရှိကြောင်း ၎င်းက လွှတ်တော်၌မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

လက်ရှိတွင် ကမ်းဝေး ငါးဖမ်းလှေများအား ငါးမဖမ်းရ ရာသီအဖြစ် ဇွန်လမှ သြဂုတ်အထိ သုံးလ ပိတ်သိမ်းထားသော်လည်း ပြီးခဲ့သည့် ငါးဖမ်းရာသီဖွင့်ချိန်၌ ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးသို့ တရားမဝင်ဝင်ရောက်ကာ ငါးခိုးဖမ်းခြင်းနှင့်ကမ်းနီးလှေများ၏ငါးဖမ်းပိုက်များကို ဖျက်ဆီးခြင်းခံရမှုတို့ကြောင့် ဒေသခံကမ်းနီးငါးဖမ်း လှေလုပ်ကိုင်သူများ နစ်နာမှုများ ရှိနေပြီး လက်ရှိတွင်လည်း လှေ အရွယ်အစား သတ်မှတ်ချက်ထက် ကျော်လွန်နေသောကြောင့် ငါးဖမ်းဆီးခွင့်လိုင်စင် မရရှိသဖြင့်လှေများ ရပ်နားထားရပြီး အခက်အခဲကြုံ တွေ့နေရသည်ဟု သိရသည်။

 

Most Read

Most Recent