မြန်မာနိုင်ငံနှင့် လယ်ယာကဏ္ဍ

မြန်မာနိုင်ငံနှင့် လယ်ယာကဏ္ဍ
Published 28 June 2019

မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေ ၅၁ ဒသမ ၄ သန်းအနက် လေးပုံတစ်ပုံ ကျော်သည်    နိုင်ငံ၏ သတ်မှတ်ချက်အရ ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ နေထိုင်နေရသည်။ လူဦးရေ၏ ရာခိုင်နှုန်း ၇၀ သည် ကျေးလက်ဒေသများ၌ နေထိုင်ကြပြီး စုစုပေါင်း ဆင်းရဲမွဲတေသူများ၏ လေးပုံသုံးပုံသည် ကျေးလက်နေ ပြည်သူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမြေဒေသများအနက် အကြီးဆုံးနိုင်ငံဖြစ်ပြီး ဒေသတွင်း၌ လူဦးရေ သိပ်သည်းဆ အနည်းဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ မြေသြဇာကောင်းမွန်သော မြေဧရိယာမြင့်မားပြီး လယ်ယာကဏ္ဍ၌ ထုတ်လုပ်ရေးနှင့် အကျိုးအမြတ် မြင့်တက်လာရန် အလားအလာကောင်းသည့် အနေအထား၌ ရှိနေသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသည် အဓိကလုပ်ငန်းဖြစ်ပြီး နိုင်ငံ၏ GDP ရာခိုင်နှုန်း ၆၀ မှာ စိုက်ပျိုးရေးကဏ္ဍမှဖြစ်သည့်အပြင် လုပ်သားအင်အား ၆၅ ရာခိုင်နှုန်း လုပ်ကိုင်နေသည့် ကဏ္ဍလည်းဖြစ်သည်။ မြန်မာနိုင်ငံသည် တစ်ချိန်က အာရှတိုက်၏အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ဆန်သည် လယ်ယာကဏ္ဍ၏ အရေးကြီးဆုံးထွက်ကုန် ဖြစ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံသည် လူဦးရေအားလုံးကို ကျွေးမွေးနိုင်ရန် လုံလောက် သည်ထက်ပိုလျှံသော စားနပ်ရိက္ခာ ထွက်ရှိသည့်နိုင်ငံဖြစ်သော်လည်း လူများစွာတို့သည်  ဝယ်ယူနိုင်စွမ်း မရှိသောကြောင့် ငတ်မွတ်နေရဆဲဖြစ်သည်။ ၂၀၀၇ ခုနှစ်အထိ မြန်မာနိုင်ငံက အဓိက ဆန်တင်ပို့သောနိုင်ငံများမှာ ထိုင်း (၄၄ ရာခိုင်နှုန်း)၊ တရုတ် (၇ ရာခိုင်နှုန်း)နှင့် ဂျပန် (၆ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။ ၂၀၁၀ ပြည့်နှစ်အရောက်တွင် တရုတ်သည် အဓိကတင်ပို့ရာ နိုင်ငံဖြစ်လာပြီး မြန်မာနိုင်ငံက ထုတ်လုပ်သော ပြောင်း ၉၇ ရာခိုင်နှုန်းနှင့် ပဲအမျိုးမျိုး ၉ ရာခိုင်နှုန်း တင်ပို့ရာနိုင်ငံ ဖြစ်လာသည်။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်က တွေ့ရှိချက်များ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ လယ်ယာကဏ္ဍသည် မျိုးကွဲစုံလင်မှုရှိပြီး မုတ်သုံရာသီတွင် ဆန်စပါးထုတ်လုပ်ပြီး ခြောက်သွေ့သောရာသီများ၌ ပဲအမျိုးမျိုး၊ ပြောင်းနှင့် ဆီထွက် သီးနှံများ စိုက်ပျိုးသည်။ သို့သော် မြန်မာနိုင်ငံ၏ ထုတ်လုပ်နိုင်စွမ်းမှာ နိမ့်ပါးလွန်းသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် တစ်နေ့တာလုပ်ငန်းခွင်မှ ဆန်စပါးထုတ်လုပ်မှုမှာ ၂၃ ကီလိုဂရမ်သာရှိပြီး ကမ္ဘောဒီးယား (၆၂ ကီလိုဂရမ်)၊ ဗီယက်နမ် (၄၂၉ ကီလိုဂရမ်)၊ ထိုင်း (၅၄၇ ကီလိုဂရမ်) တို့နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ လယ်ယာလုပ်ငန်း လုပ်ကိုင်မှု၌လည်း  လူ၏လုပ်အားအပေါ်၌သာ အကြီးအကျယ် မှီခိုနေဆဲဖြစ်သည်။ ဧရာဝတီတိုင်းတွင် လယ်သမားများသည် မိုးရာသီ ဆန်စပါး စိုက်ပျိုးမှု၌ တစ်ဧကလျှင် ရက် ၁၀၀ ကျော် အလုပ် လုပ်ရပြီး ကမ္ဘောဒီးယား၌ ၅၂ ရက်၊ ဗီယက်နမ်၌ ၂၂ ရက်နှင့် ထိုင်း၌ ၁၁ ရက်တို့နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ နိုင်ငံတကာ၏ လယ်ယာလုပ်ငန်း နေ့စဉ်လုပ်အားခများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ လုပ်အားခမှာ အမေရိကန် ၂ ဒေါ်လာသာရှိပြီး အလွန်နည်းပါးနေဆဲ ဖြစ်သည်။ အာရှတိုက်ရှိ အခြားဆန်စပါးထုတ်လုပ်သော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် ဆန်စပါးထုတ်လုပ်မှုမှ အကျိုးအမြတ် အနည်းဆုံးသာရရှိသော နိုင်ငံ ဖြစ်သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မိုးရာသီ ဆန်စပါးထုတ်လုပ်မှုမှ အကျိုးအမြတ်သည် ပျမ်းမျှအားဖြင့် တစ်ဟက်တာလျှင် အမေရိကန်ဒေါ်လာ ၁၁၄ သာ ရှိသည်။ ထုတ်လုပ်နိုင်စွမ်း နိမ့်ပါးခြင်းသည် အကြောင်းခြင်းရာ အမျိုးမျိုးကြောင့်ဖြစ်ပြီး ယင်းအကြောင်းခြင်းရာ အများအပြားသည် သုတေသနနှင့် ကျေးလက်အခြေခံအဆောက်အအုံတို့ ကဲ့သို့သော အရည်အသွေးမြင့် ပြည်သူ့ဝန်ဆောင်မှုထောက်ပံ့နိုင်ခြင်း နည်းပါးမှုနှင့် သက်ဆိုင်နေသည်။

မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးဖြစ်သော လယ်ယာကဏ္ဍ၌ ထုတ်လုပ်မှုစွမ်းအား မြင့်မားလာစေရန်မှာ ထိရောက်ကောင်းမွန်သော မူဝါဒများ ချမှတ်လျက် ရေရှည်စီမံကိန်းများဖြင့် လုပ်ဆောင်ရမည့် နိုင်ငံ၏အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent