ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ အား အဓိပ္ပာယ် ဖွင့်ဆိုပေးရန် ပြည်ခိုင်ဖြိုးပါတီမှ လျှောက်လဲ တင်ပြခြင်းနှင့် ပတ်သက်၍ ယင်းပုဒ်မသည် လုပ်ထုံးလုပ်နည်း ဖြစ်ခြင်းကြောင့် ထပ်မံ အဓိပ္ပာယ်ဖွင့်စရာ မရှိဟုဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ အား အဓိပ္ပာယ် ဖွင့်ဆိုပေးရန် ပြည်ခိုင်ဖြိုးပါတီမှ လျှောက်လဲ တင်ပြခြင်းနှင့် ပတ်သက်၍ ယင်းပုဒ်မသည် လုပ်ထုံးလုပ်နည်း ဖြစ်ခြင်းကြောင့် ထပ်မံ အဓိပ္ပာယ်ဖွင့်စရာ မရှိဟုဆို
Published 28 June 2019
အောင်မင်းသိန်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ အား အဓိပ္ပာယ်ဖွင့်ဆိုပေးရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့  ပြည်ခိုင်ဖြိုးပါတီမှ လျှောက်လဲ တင်ပြခြင်းနှင့် ပတ်သက်၍ ယင်းပုဒ်မသည် လုပ်ထုံးလုပ်နည်း ဖြစ်ခြင်းကြောင့် ထပ်မံ အဓိပ္ပာယ်ဖွင့်စရာ မရှိဟု ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ တင်ပြလာကြောင်း ပြည်ထောင်စု လွှတ်တော် အခွင့်ရကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

ဇွန် ၂၇ ရက်က နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ အား အဓိပ္ပာယ် ဖွင့်ဆိုပေးရန် အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အကျိုးဆောင်ရှေ့နေက လျှောက်လဲ တင်ပြခဲ့ခြင်းအား အဖွဲ့ဝင် ကိုးဦး ပါဝင်သည့် ခုံရုံးက လက်ခံကြားနာခဲ့သည်။

ယင်းနောက် ရရှိလာသည့် တွေ့ရှိချက်ကို ပြည်ထောင်စုလွှတ်တော် အခွင့်ရကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်တို့က ယင်းလျှောက်လဲ တင်ပြချက်နှင့် ပတ်သက်၍ ပြန်လည် တင်ပြခဲ့သည်။

ရှေ့နေချုပ်ရုံးမှ ဘယ်လိုများ သဘောထားပေးလဲ ဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို “အခုနတုန်းက လျှောက်လဲချက် ပေးတာကတော့ ဒါ ၄၃၃ တို့၊ ၄၃၄ တို၊ ၄၃၅ တို့ ဆိုတာက လုပ်ထုံးလုပ်နည်းတွေ ဖြစ်တယ်။ တစ်ဖက် တင်ပြတဲ့ အကျိုးဆောင်ကလည်း ဘာပြောလဲဆိုတော့ ဒါဟာ Special Producer ဖြစ်တယ်လို့ ပြောတယ်။ လုပ်ထုံးလုပ်နည်းရဲ့ Special Producer အပေါ်မှာ နောက်ထပ် ထပ်ပြီးတော့ အဓိပ္ပာယ် ဖွင့်ဆိုစရာ မရှိဘူး။ ဒါဟာ ပုဒ်မ ၃၂၂ နဲ့တော့ အကျုံးမဝင်ဘူးလို့တော့ လျှောက်လဲချက်မှာ တင်ပြသွားတာ  ကြားရပါတယ်” ဟု ဦးအောင်ကြည့်ညွှန့်က ပြန်လည် ဖြေကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို သင့်တော်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဇန်နဝါရီ ၂၉ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က တင်သွင်းခဲ့ပြီး ယင်းအဆိုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားများက ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီ ၆ ရက်တွင် လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း သိရသည်။

 ဦးအောင်ကြည်ညွှန့်က “အဓိက ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ကို စောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း ကော်မတီတစ်ရပ် ဖွဲ့ဖို့ဆိုတာ ၆ ရက်နေ့မှာ လွှတ်တော်မှာ အတည်ဖြစ်သွားတယ်။ အတည်ဖြစ်သွားတော့ အဲဒီလုပ်ငန်း Process စတဲ့ အခါကျတော့မှ ၁၁ ရက်နေ့ကျတော့မှ ၈ ရက်နေ့ ရက်စွဲနဲ့ ၁၁ ရက်နေ့ကျတဲ့ အခါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ဒုတိယအကြိမ် ပြင်ဆင်ချက် ဥပဒေဆိုပြီး တက်လာတယ်။ အဲဒါတွေက ခုနက လုပ်ထုံးလုပ်နည်းအတိုင်းပဲ နောက်ပိုင်းကျတော့ ဟိုဘက်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာစိစစ်ရေး ဥပဒေကြမ်း ပူးပေါင်းကော်မတီကို ရောက်တဲ့အခါမှာ ဒီပုဒ်မ တစ်ခုတည်းကို လုပ်နေတာနဲ့ ဟိုမှာ စုပေါင်းပြီးတော့ ခြုံပြီးလုပ်နေတာ ရှိတယ်။ ဘယ်ဟာက ပိုပြီး အဆင်ပြေမလဲ ဆိုတာကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဆွေးနွေးကြတယ်။ အဲဒီဆွေးနွေးကြတဲ့ အပေါ်မှာ မူတည်ပြီးတော့မှ လွှတ်တော်ထဲမှာ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေ ခံယူလိုက်တယ်။ အဲဒီလို ဆုံးဖြတ်ချက်တွေ ခံယူတဲ့အခါမှာ ဒုတိယအကြိမ် အခုတင်တဲ့ ဥပဒေကြမ်းဟာ နောင်တစ်ပေါင်းတည်း ဆက်ပြီးတော့ ဆောင်ရွက်သွားကြမယ်ဆိုတဲ့ သွားနေတဲ့ အစီအစဉ်ရှိတယ်။ အဲဒီအစီအစဉ်ကြားထဲမှာပဲ ဒါကို တစ်ဖက်ကနေပြီးတော့ ဒေါ်နန်းနီနီအေးတို့ အပါအဝင် ကနေပြီးတော့ ဒါ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၅ မှာ ဖော်ပြထားတဲ့ အချက်ကို ၄၃၃ အရ တင်ပြလာမယ်ဆိုရင် ၄၃၅ အရ လက်ခံ စဉ်းစားရမယ် ဆိုပြီးတော့ အဓိပ္ပာယ် ဖွင့်ဆိုလိုက်တာ။ အမှန်ကတော့ ဒါ လုပ်ထုံးလုပ်နည်းအရ နဂိုကလည်း ရှင်းရှင်းလင်းလင်း ရှိပြီးသား ဖြစ်ပါတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ပြောတာပါ” ဟု ဆိုသည်။

လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ရှင်းရှင်းလင်းလင်း သိရှိ၍ ထည့်သွင်း စဉ်းစားနိုင်ရန်အတွက် လွှတ်တော်အခွင့်ရ ကိုယ်စားလှယ်အနေဖြင့် လာရောက် တင်ပြခြင်းဖြစ်ကြောင်း ဦးအောင်ကြည်ညွှန့်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅ အား အဓိပ္ပာယ် ဖွင့်ဆိုပေးရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ပြည်ခိုင်ဖြိုးပါတီက လျှောက်လဲ တင်ပြခြင်းနှင့် ပတ်သက်၍ အမိန့်ချမှတ်မည့် နေ့ရက်နှင့် အချိန်အား နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွှန့်က ပြောကြားသည်။                                    

Most Read

Most Recent