ဝင်ငွေ မညီမျှမှုနှင့် အခွန်ကောက်ခံခြင်း

ဝင်ငွေ မညီမျှမှုနှင့် အခွန်ကောက်ခံခြင်း
Published 27 June 2019

၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုများ ဆောင်ရွက်လာကြချိန်တွင် ဝင်ငွေထိပ်ပိုင်း၌ ရှိသူများကို အခွန်နှုန်းထား တိုးမြှင့်ရေး၊ ချမ်းသာကြွယ်ဝမှုအပေါ် အခွန်ကောက်ခံရေးနှင့် အမေရိကန် အိမ်ခြံမြေ အခွန်ကောက်ခံမှုအား မကြာသေးမီက လျှော့ချခဲ့ခြင်းကို ပြောင်းပြန်ပြန်လှန်ခြင်း အစရှိသည်တို့ အပါအဝင် အခွန်ကောက်ခံမှု အဆိုပြုချက်အသစ် မူကြမ်းကို သမ္မတ ကိုယ်စားလှယ်လောင်းများက ကြေညာ၍ လာကြသည်။ ယင်းအဆိုပြုချက် သုံးရပ်စလုံးကို စီးပွားရေး ပညာရှင်များက Progressive Taxes ဟု ခေါ်ဆိုပြီး ချမ်းသာကြွယ်ဝသူများကို အခွန်အများဆုံး ကောက်ခံရန် ဖြစ်သည်။ ယင်းသည် Regressive Taxes ဟုခေါ်သော ဝင်ငွေနိမ့်ပါးသော နိုင်ငံသားများကို ပို၍ထိစေမည့် အခွန်ကောက်ခံခြင်းမျိုးနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

ထောက်ခံသူများက ယင်းနည်းလမ်းများသည် စီးပွားရေး မညီမျှမှုကို ကိုင်တွယ်ရန် ဖြစ်သည်ဟုဆိုကာ စက်မှုဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံများ အုပ်စုဖွဲ့ထားသည့်  စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) နိုင်ငံများ၌ အမေရိကန်သည် ဝင်ငွေညီမျှမှု မရှိဆုံးနိုင်ငံ ဖြစ်ကြောင်း ထောက်ပြကြသည်။ သို့သော် ဆန့်ကျင်သူများက ယင်းကဲ့သို့ အဆိုပြုမှုများသည် စီးပွားရေးကြီးထွားမှုကို အဟန့်အတားဖြစ်စေပြီး စီးပွားရေးဆိုင်ရာ ဆန်းသစ ်မွမ်းမံမှုများကို ချည့်နဲ့သွားစေလိမ့်မည်ဟု ဆိုကြသည်။ ၎င်းတို့က ချမ်းသာ ကြွယ်ဝသော အခြားနိုင်ငံများ၏ အတွေ့အကြုံများက အလားတူမူဝါဒများနှင့် ပတ်သက်၍ ရောထွေးနေသော မှတ်တမ်းများရှိကြောင်း ထောက်ပြကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက စီးပွားရေး ပညာရှင်များနှင့် မူဝါဒချမှတ်သူများသည် ဝင်ငွေမညီမျှမှု မြင့်တက်လာခြင်းနှင့် ပတ်သက်သော စီးပွားရေးဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရိုက်ခတ်ချက်များအပေါ် စိုးရိမ်မှု မြင့်တက်လာကြပြီး ချမ်းသာကြွယ်ဝမှုကို ပြန်လည်ခွဲဝေ ချထားရေး၌ အစိုးရ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ငြင်းခုံမှုများအပေါ် ပြန်လည်သုံးသပ်၍ လာကြသည်။ ယခင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက “ကျွန်ုပ်တို့၏ခေတ်နှင့် ပတ်သက်သော အဆုံးအဖြတ်ပေးမည့် အကြောင်းအရာ” ဟု ခေါ်ဆိုပြီး နိုဘယ်ဆုရှင် ဂျိုးဆက်စတစ်လစ်က ဝင်ငွေမညီမျှမှုသည် ငယ်ရွယ်သော မဲဆန္ဒရှင်များ၏  စျေးကွက်၌ ယုံကြည်မှုကို လျော့ကျစေနိုင်ပြီး စီးပွားရေး ကြီးထွားမှု ပို၍ ချည့်နဲ့ခြင်းဆီသို့ ဦးတည်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု၌ ပြီးခဲ့သည့် ရာစုနှစ်ဝက်အတွင်း (အထူးသဖြင့် ၁၉၉၀ ပြည့်လွန်နှစ်များ နောက်ပိုင်းတွင်) ဆင်းရဲချမ်းသာ မညီမျှမှုများ ပိုမိုနက်ရှိုင်း၍ လာခဲ့သည်။

မြန်မာနိုင်ငံ၌လည်း ယခုအခါ တစ်နှစ်ထက် တစ်နှစ် ဆင်းရဲချမ်းသာ မညီမျှမှု ပြဿနာက ပို၍ပို၍ ကြီးထွား၍ လာနေသည်။ အမှန်တကယ်၌ အခွန်ကောက်ခံခြင်းနှင့် ပတ်သက်သော အဓိက ရည်ရွယ်ချက် တစ်ရပ်တွင် ယင်းဝင်ငွေ မညီမျှမှုကို အထိုက်အလျောက် ထိန်းညှိပေးရေး ပါဝင်သည်။ ဝင်ငွေမြင့်မားသော/ချမ်းသာကြွယ်ဝသော သူများအား အခွန်ပို၍ ကောက်ခံကာ ယင်းမှရရှိသော ငွေများထဲမှ အချို့ကို အများပြည်သူ ဝန်ဆောင်မှုများ၌ ပြန်လည် အသုံးပြုခြင်း ဖြစ်သည်။ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးတို့နှင့် ပတ်သက်သော အများပြည်သူဝန်ဆောင်မှုများသည် ဆင်းရဲချမ်းသာမရွေး ပြည်သူများအား လုံးအတွက် ဖြစ်သည်။ ယင်းကဲ့သို့ ဝင်ငွေမြင့်မားသူများကို အခွန်ပို၍ ကောက်ခံကာ အများပြည်သူ ဝန်ဆောင်မှုများ၌ အသုံးပြုခြင်းသည် ဝင်ငွေမညီမျှမှုကို ထိန်းညှိပေးခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနည်းဆုံး လုပ်ခမှာ တစ်နေ့ ၄၈၀၀ ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံသား အများစု၏ ဝင်ငွေမှာလည်း ယင်း ၄၈၀၀ ကျပ်ပင် ဖြစ်သည်။ ၄၈၀၀ ကျပ်ပင် မရသူများနှင့် အလုပ်လက်မဲ့များလည်း မြန်မာနိုင်ငံ၌ များစွာရှိသည်။

ထို့ကြောင့် ယင်းကဲ့သို့သော အနေအထားမျိုး၌ ဝင်ငွေမညီမျှမှုကို ထိန်းညှိသည့်အနေဖြင့် အစိုးရသည် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများ၌ မဖြစ်မနေ ဘဏ္ဍာငွေ စိုက်ထုတ် ထောက်ပံ့ရမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာ ရေးသား အပ်ပါသည်။

ဇွန်လ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent