ရှက်ရွံ့စက်ဆုပ်ဖွယ်ကောင်းသော ဆိုက်ဘာအနိုင်ကျင့်မှု

ရှက်ရွံ့စက်ဆုပ်ဖွယ်ကောင်းသော ဆိုက်ဘာအနိုင်ကျင့်မှု
Published 26 June 2019

ဆိုက်ဘာအနို်င်ကျင့်မှုများသည် မြန်မာ့လူ့အသိုက်အဝန်းတွင် လျော့နည်းသွားခြင်း မရှိဘဲ ပို၍တိုးလာသည်ဟု ဆိုရမလို ဖြစ်နေသည်။ လူမှုကွန်ရက်များ၊ ဆိုက်ဘာအသုံးပြုမှု မြင့်မားလာမှုနှင့်အတူ မြန်မာ့လူ့ အသိုက်အဝန်းတွင် ဆိုက်ဘာနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ တိုးလာ၍ ဆိုက်ဘာလုံခြုံရေးမြင့်သော အခြေအနေ တစ်ခုကို ဖန်တီးပေးနိုင်ခြင်း မရှိသည်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်။ ယနေ့ချိန်ထိ လူမှုကွန်ရက် အမျိုးမျိုးကို အသုံးချ၍ အနိုင်ကျင့် စော်ကားမှုများ ပို၍ရဲတင်းစွာ ပြုလုပ်နေမှုများလည်း တွေ့နေရသည်။ လက်တလောတွင် Food Box ပြဿနာနှင့် စပ်လျဉ်း၍ ပြောဆိုဝေဖန်မှုများသည် ဆိုက်ဘာအနိုင်ကျင့်မှု ပုံစံတစ်ရပ်အဖြစ် ရောက်ရှိလာခြင်းကြောင့် အပြန်အလှန် ဝေဖန်မှုများ ရှိနေသည်။ Food Box မှ မုန့်များယူသည့် အမျိုးသမီးတစ်ဦး၏ ရုပ်ပုံများကို လူမှုကွန်ရက်များတွင်တင်၍ အရှက်ခွဲသည့် သဘော ပြုမှုနေကြသည်မှာ ကောင်းမွန်သော လုပ်ရပ်မဟုတ်ပေ။ အဖြစ်အပျက် အကြောင်းအရာများတွင် ကိုယ်ချင်းစားစိတ်ထား၍ ဘက်ပေါင်းစုံမှ ဆင်ခြင်သုံးသပ်မှုမျိုး မပြုဘဲ အလွယ်တကူပင် ဆိုက်ဘာ တိုက်ခိုက်မှုမျိုးကို လုပ်တတ်ကြသည့်ဓလေ့မှာ အရုပ်ဆိုး အကျည်းတန်လှသည်။ အထူးသဖြင့် လူမှုကွန်ရက် Facebook စာမျက်နှာများတွင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အကြောင်းအရာ တစ်ခုအပေါ် ချဉ်းကပ်ရာ၌ မှားခြင်း၊ မှန်ခြင်းထက် အနိုင်ကျင့်စော်ကား တိုက်ခိုက်လိုစိတ် အလေးသာနေခြင်းမှာ မဖြစ်သင့်ပေ။

ကမ္ဘာနှင့်တစ်ဝန်း  Facebook အမြဲတစေသုံးစွဲမှု လစဉ်နှစ်ဘီလျံခန့်အထိ ရှိလာသကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လူမှုကွန်ရက် အမျိုးမျိုးကို အသုံးပြုသူနှုန်း တစ်ဟုန်ထိုး မြင့်မားလာသည်။ လူမှုကွန်ရက်သည် မြန်မာ့လူမှု အသိုက်အဝန်းတွင် လျင်မြန်စွာပျံ့နှံ့၍ သက်ရောက်မှု ကြီးစေသကဲ့သို့ အခြားဘက်တွင် ပြဿနာများစွာလည်း ရှိနေသည်။ အချို့မှာ ရည်ရွယ်ချက် အမျိုးမျိုးအတွက် လက်နက် တစ်ခုအသွင် အသုံးပြုလာခြင်းကြောင့် နောက်ဆက်တွဲ အန္တရာယ်များနှင့် ကြုံတွေ့ရင်ဆိုင်ရပြန်သည်။ ခေတ်အဆက်ဆက် ထိတွေ့မှု နည်းလွန်းခဲ့သည့် အင်တာနက် အသုံးပြုနိုင်မှု အခြေအနေသည် ယခုအချိန်တွင် ပြည်သူလူထု ရာခိုင်နှုန်း အနည်းငယ်၏ နေ့စဉ်ဘဝထဲမှ မရှိမဖြစ် အရာတစ်ခု ဖြစ်လာခဲ့သည်။ နည်းပညာရှင် ဖြစ်စရာ မလိုဘဲ လွယ်ကူစွာ အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်ရေးသားခြင်းများ ဖွံ့ဖြိုးလာခဲ့သည့် အတွက် အချင်းချင်း ကူးလူးဆက်ဆံမှု လျင်မြန်လာပြီး အခြားသူများ၏ အတွေးအခေါ် အသိအမြင်များကို လွယ်ကူစွာ သိမြင်လာနိုင် သကဲ့သို့ မိမိ၏ အတွေးအခေါ် အသိအမြင်များကိုလည်း အလွယ်တကူ ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖြန့်ဝေ လာနိုင်သည်။ မည်သည့် အရာမဆို အကောင်းရှိလျှင် အဆိုးလည်း ရှိမည်သာ။ ကြီးမားသော ကောင်းကျိုးကို လက်ခံနိုင်မည်ဆိုလျှင် ဒွန်တွဲပါလာသော ဆိုးကျိုးများ၏ ဒဏ်ကိုလည်း ခံနိုင်ရမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုမှု တွင်ကျယ်လာပြီး လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များ ဖွံ့ဖြိုးလာခြင်း၌ ကောင်းကျိုးများနှင့် ဒွန်တွဲဖြစ်ပေါ်လာသည့် အကြီးမားဆုံး ဆိုးကျိုးမှာ ဆိုက်ဘာအနိုင်ကျင့်မှု (Cyberbullying) များဖြစ်သည်။

ဆိုက်ဘာအနိုင်ကျင့်မှု ဆိုသည်မှာ အင်တာနက်နှင့် နည်းပညာကို အသုံးပြု၍ အခြားလူတစ်ဦး တစ်ယောက်အား ထိခိုက်အရှက်ရစေမှု ဖြစ်သည်။ အင်တာနက်နှင့် နည်းပညာကို အသုံးပြု၍ လူတစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်းပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်များ၊ စွပ်စွဲချက်များဖြင့် ထိခိုက်အရှက်ရစရာ ဖြစ်အောင်၊ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်အောင် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်ရှိတွင် လူမှုကွန်ရက်နှင့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်များပေါ်၌ ဖြစ်ပွားနေသည့် ဓာတ်ပုံ၊ ဗီဒီယိုများကို ခွင့်ပြုချက် မရှိဘဲ ကူးယူကာ ညစ်ညမ်းသည့် နေရာများတွင် အသုံးပြုခြင်း၊ သတင်းအချက်အလက်မှား၊ ကောလာဟလများဖြင့် တစ်ပါးသူ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်ခြင်း အစရှိသည်တို့သည် ဆိုက်ဘာ အနိုင်ကျင့်မှုများပင် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခံရခြင်းအားဖြင့် အနိုင်ကျင့်ခံရသူတွင် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လူမှုရေး စီးပွားရေး ပြဿနာများ ဖြစ်ပေါ်ရပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်။ နည်းပညာကို အသုံးပြု၍ လူတစ်ဖက်သားအပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ထိုကဲ့သို့ အနိုင်ကျင့်ခွင့် ရှိပါသလား ဟူ၍ဖြစ်သည်။ လူမှုကွန်ရက်နှင့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် ထိုကဲ့သို့ အနိုင်ကျင့်မှုများ၊ ရေးသားဖြန့်ဝေ နေသူများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ယူ၍ အပြစ်မရှိသယောင်  ရေးသားပြောဆို လုပ်ဆောင်နေကြသည်။ အင်တာနက်ပေါ်တွင် ရေးသားဖြန့်ဝေခြင်းများ ဖြစ်သည့်အတွက် တာဝန်ယူစရာ မလိုဘဲ ဥပဒေ ကင်းလွတ်ခွင့် ရသည်ဟု ထင်မြင်ယူဆလျှင် မှားယွင်းမည်သာဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု၏ နောက်တွင် မှန်ကန်မှု စည်းဘောင်နှင့် တာဝန်ယူမှုသည်လည်း ရှိရမည်ဖြစ်သည်။

ဆိုက်ဘာ အနိုင်ကျင့်မှုမှန်း သိလျက်နှင့် ဆက်လက်ရေးသား ဖြန့်ဝေမှုများ ပြုလုပ်နေသူများ ရှိသကဲ့သို့ ရာဇဝတ်မှု မြောက်နေမှန်း မသိသောကြောင့် ရေးသားဖြန့်ဝေနေသူများလည်း ရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေ ဥပဒေတွင် မသိနားမလည်မှုကြောင့် လုပ်မိပါသည်ဆိုသည့် အချက်ကို ကင်းလွတ်ခွင့်ပေးခြင်းမျိုး မရှိသောကြောင့် ဆိုက်ဘာ အနိုင်ကျင့်မှုများ ပြုလုပ်နေသူတို့ အနေဖြင့် မိမိတို့၏ မှားယွင်းသော လုပ်ရပ်အပေါ် အချိန်မလွန်မီ သတိပြုသင့်သည်။ ဒစ်ဂျစ်တယ် နည်းပညာသည် ခေတ်သစ်ကမ္ဘာကြီးကို လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲ လာစေသည်မှာ မှန်သော်လည်း နောက်ဆက်တွဲ အန္တရာယ်များလည်း ရှိနေပြန်သည်။ ယင်းတို့ကို မည်သို့တားဆီး ကာကွယ်နိုင်မည်နည်း။ လူ့အသိုက်အဝန်းအတွက် ထိန်းချုပ်တည့်မတ်နိုင်မည်နည်း စသည်တို့ကို သက်ဆိုင်ရာ အာဏာပိုင်များက သတိပြု ဆောင်ရွက်ပေးနိုင်ရန် လိုသကဲ့သို့ ဆိုက်ဘာ အနိုင်ကျင့်မှုတိုင်းကိုလည်း အသုံးပြုသူ တစ်ဦးချင်းစီက အသိတရားဖြင့် ပူးပေါင်းတားဆီးရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent