အနိုင်ကျင့်ခြင်း

အနိုင်ကျင့်ခြင်း
Published 25 June 2019

မသမာမှုပြုလုပ်ရန်၊ လွှမ်းမိုးရန်၊ ခြောက်လှန့်ရန်အစရှိသည်တို့အတွက် အကျပ်ကိုင်ခြင်း၊ အင်အားသုံးခြင်း၊ ခြိမ်းခြောက်ခြင်းတို့အား အသုံးပြုမှုကို အနိုင်ကျင့်ခြင်း (Bullying) ဟုခေါ်သည်။ ယင်းအမူအကျင့်ကို ထပ်ကာတလဲလဲပြုလုပ်ခြင်း သို့မဟုတ် အလေ့အထဖြစ်သွားခြင်း ဖြစ်နိုင်သည်။ အနိုင်ကျင့်ခြင်းဖြစ်ပေါ်ရန်အတွက် ကြိုတင်ရှိနေသည့်အရာမှာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လူမှုပိုင်းဆိုင်ရာ ပါ၀ါမညီမျှမှုဖြစ်သည်။ ယင်းမညီမျှမှုဖြင့်သာ အနိုင်ကျင့်ခြင်းကို ပဋိပက္ခဖြစ်ပေါ်ခြင်းမှနေ၍ ခွဲခြားနိုင်သည်။ အနိုင်ကျင့်ခြင်းကို ရန်လိုသောအမူအကျင့်၏ အမျိုးအစားခွဲတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားသည်။ အနိုင်ကျင့်ခြင်းဟုခေါ်ဆိုရန် (၁) ရန်လိုသောရည်ရွယ်ချက်၊ (၂) ပါ၀ါမညီမျှမှု၊ (၃) အချိန်အတိုင်းအတာတစ်ခုအတွင်း ထပ်ကာပြုလုပ်ခြင်းဟူသည့် အနည်းဆုံး သတ်မှတ်ချက်သုံးရပ်နှင့် ညီရမည်ဖြစ်သည်။ ထို့ကြောင့် အနိုင်ကျင့်ခြင်းကို အခြားသူတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာအရ၊ စိတ်ပိုင်းဆိုင်ရာအရ သို့မဟုတ် စိတ်ခံစားမှုအရ ထိခိုက်နာကျင်စေရန် ရည်ရွယ်သည့် ထပ်ကာပြုလုပ်သော ရန်လိုသည့်အပြုအမူနှင့်ပတ်သက်သော လုပ်ရပ်အဖြစ် သတ်မှတ်နိုင်သည်။

အနိုင်ကျင့်ခြင်းသည် တစ်ဦးချင်းအနိုင်ကျင့်မှုမှသည် အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း (Mobbing) အထိ အတိုင်းအတာကျယ်ပြောသည်။ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းတွင် မူလအနိုင်ကျင့်မှုအပေါ် ဝင်ရောက်ထောက်ကူပါဝင်မှုများကို တွေ့နိုင်သည်။ ကျောင်းများနှင့် အလုပ်ခွင်များ၌ အနိုင်ကျင့်ခြင်းကို Peer abuse ဟုုလည်း ခေါ်ဆိုကြသည်။ နော်ဝေနိုင်ငံသား သုတေသနပြုသူ ဒန်အိုဝီယုစ်က လူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသည့် အခြားသူများအပေါ် မကောင်းသောလုပ်ရပ်များ အချိန်အတိုင်းအတာတစ်ခုအတွင်း ထပ်ကာပြုလုပ်သည့်အခါ အနိုင်ကျင့်ခြင်းဖြစ်ပေါ်သည်ဟု ဆိုသည်။ လူတစ်ဦးက အခြားသူတစ်ဦးအပေါ် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမှတစ်ဆင့်၊ စကားလုံးများမှတစ်ဆင့် သို့မဟုတ် အခြားနည်းလမ်းများအားဖြင့် ဒဏ်ရာ သို့မဟုတ် မသက်မသာဖြစ်စေမှုအား ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခြင်းကို မကောင်းသောလုပ်ရပ်ဟု အိုဝီယုစ်က ခေါ်ဆိုသည်။ လူတစ်ဦးက အခြားလူတစ်ဦးအပေါ် အာဏာရှိရန် နည်းလမ်းတစ်ရပ်ရပ်ဖြင့် ပြုမူခြင်းကို တစ်ဦးချင်းအလိုက် အနိုင်ကျင့်ခြင်းဟု သတ်မှတ်လေ့ရှိသည်။

လူသားများ တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံရသည့် မည်သည့်အဝန်းအဝိုင်း၌မဆို အနိုင်ကျင့်ခြင်းဓလေ့တစ်ရပ် ဖြစ်ပေါ်နိုင်သည်။ ယင်းအဝန်းအဝိုင်းထဲတွင် စာသင်ကျောင်း၊ မိသားစု၊ အလုပ်ခွင်၊ နေအိမ်နှင့် ရပ်ကွက် အစရှိသည်တို့ ပါဝင်နိုင်သည်။ ယနေ့ခေတ်၌ အနိုင်ကျင့်ရန်အတွက် အဓိကပလက်ဖောင်းသည် လူမှုမီဒီယာများ ဖြစ်၍လာသည်။ အရွယ်ရောက်ပြီးသည့် အမေရိကန် ဘောလုံးကစားသူများနှင့်ပတ်သက်သော ၂၀၁၂ ခုနှစ် လေ့လာချက်တစ်ရပ်၌ အနိုင်ကျင့်ရာ၌ အင်အားအကောင်းဆုံးသားရဲမှာ ကစားသမားဘဝ၌ သြဇာအရှိဆုံး အမျိုးသားဖြစ်သလားဟူသည့် ကြိုတင်စိတ်ကူးတစ်ရပ်အပေါ် အခြေခံခဲ့ပြီး အနိုင်ကျင့်ခြင်းအလေ့အထနှင့်ပတ်သက်၍ သက်သေပြနိုင်ခဲ့သည်။ အနိုင်ကျင့်ခြင်းကို အခြားနည်းလမ်းအမျိုးမျိုးဖြင့်လည်း သတ်မှတ်နိုင်သည်။ ဗြိတိန်နိုင်ငံတွင် အနိုင်ကျင့်ခြင်းနှင့်ပတ်သက်၍ ဥပဒေအရ တရားဝင်သတ်မှတ်ချက်မရှိသော်လည်း အမေရိကန်ပြည်ထောင်စု၏ အချို့ပြည်နယ်များတွင် အနိုင်ကျင့်ခြင်းကိုတိုက်ဖျက်ရန် ဥပဒေများ ပြဋ္ဌာန်းထားသည်။ အနိုင်ကျင့်ခြင်းကို အခြေခံအမျိုးအစားလေးမျိုး ခွဲခြားထားရာ (၁) စိတ်ခံစားမှုဆိုင်ရာ အနိုင်ကျင့်ခြင်း၊ (၂) ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း၊ (၃) နှုတ်အားဖြင့် အနိုင်ကျင့်ခြင်းနှင့် (၄) ဆိုက်ဘာအနိုင်ကျင့်ခြင်းတို့ ဖြစ်ကြသည်။ ယင်းတွင် ခြိမ်းခြောက်ခြင်းကဲ့သို့သော သိမ်မွေ့သည့် အကျပ်ကိုင်ခြင်းနည်းလမ်းများ ပါဝင်သည်။

ယင်းကဲ့သို့ သြဇာလွှမ်းမိုးနိုင်ရန် အသုံးပြုသော အပြုအမူများတွင် နှုတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု သို့မဟုတ် ခြိမ်းခြောက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိုးနှက်မှု သို့မဟုတ် အကျပ်ကိုင်မှုတို့ပါဝင်နိုင်ပြီး ယင်းကဲ့သို့သော လုပ်ရပ်များသည် သက်ဆိုင်ရာပစ်မှတ်များသို့ ထပ်ကာထပ်ကာ ဦးတည်ခြင်းဖြစ်နိုင်သည်။ တစ်ခါတစ်ရံ ယင်းကဲ့သို့ အပြုအမူများနှင့်ပတ်သက်၍ စဉ်းစားရန် အချက်များထဲတွင် လူမှုအဆင့်အတန်း၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျား/ မ၊ မိန်းမလျာ/ ယောက်ျားလျာဖြစ်မှု၊ ရုပ်အသွင်အပြင်၊ အမူအကျင့်၊ ကိုယ်ဟန်အမူအရာ၊ ကိုယ်ရည်ကိုယ်သွေး၊ ထင်ပေါ်ကျော်ကြားမှု၊ မျိုးရိုး၊ ခွန်အား၊ လူကောင်အရွယ်အစား သို့မဟုတ် စွမ်းဆောင်နိုင်စွမ်း အစရှိသည့် မတူခြားနားမှုများ ပါဝင်နိုင်သည်။

မည်သို့ပင်ဆိုစေ၊ အနိုင်ကျင့်ခြင်းသည် တိရစ္ဆာန်လောကမှ အမူအကျင့်မျိုးဖြစ်ပြီး ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်၌ လုံးဝမရှိသင့်သော အလေ့အထမျိုးသာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန် ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent