အင်းဒင်ကျေးရွာလူသတ်မှုတွင် ပူးပေါင်းပါဝင်ခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည့် တပ်မတော်သား ခုနစ်ဦး ပြန်လည်လွတ်မြောက်ပြီဆိုသည့်သတင်း အတည်မပြုနိုင်သေးကြောင်း စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်မှူးကြီးအောင်ခင်သိန်း ပြောကြား

အင်းဒင်ကျေးရွာလူသတ်မှုတွင် ပူးပေါင်းပါဝင်ခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည့် တပ်မတော်သား ခုနစ်ဦး ပြန်လည်လွတ်မြောက်ပြီဆိုသည့်သတင်း အတည်မပြုနိုင်သေးကြောင်း စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်မှူးကြီးအောင်ခင်သိန်း ပြောကြား
Published 27 May 2019
နေရိုင်း၊အောင်မင်းသိန်း

အင်းဒင်ကျေးရွာလူသတ်မှုတွင် ပူးပေါင်းပါဝင်ခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည့် တပ်မတော်သားခုနစ်ဦး ပြန်လည်လွတ်မြောက်ပြီဆိုသည့်သတင်း အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်မှူးကြီး အောင်ခင်သိန်းက ပြောကြားသည်။

မေ ၂၇ ရက်ကနေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အင်းဒင်ကျေးရွာကိစ္စနှင့်ပတ်သက်၍ ထောင်ဒဏ်အပြစ်ပေးခံထားသည့် တပ်မတော်သား ခုနစ်ဦး ပြန်လည်လွတ်မြောက်လာပြီဆိုသည့် သတင်းအား အတည်ပြုနိုင်ခြင်း ရှိ၊ မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပေဒချုပ်ရုံးမှ ဗိုလ်မှူးကြီးအောင်ခင်သိန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အင်းဒင်ကိစ္စနဲ့ ပတ်သက်လို့ ခုနက အတွင်းဝန်ကြီးဖြေကြားချက်လည်း ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနဖြေကြားချက်လည်း ရှိပါတယ်။ ဒီမှာ ကျွန်တော်တင်ပြချင် တာကတော့ ကျွန်တော်တို့ စစ်တရားရုံးက အရာရှိလေးဦးနဲ့ စစ်သည်သုံးဦးကို လူသတ်မှုမှာ ပူးပေါင်းပါဝင်မှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ အရာရှိနဲ့ စစ်သည်တွေကို သက်ဆိုင်ရာနယ်ဘက် အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ခုနက သတင်းထောက်ကြီးပြောတဲ့ ပြင်ပမှာလွတ်ပြီ ဆိုတာကတော့ ကျွန်တော်တို့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး” ဟုဗိုလ်မှူးကြီးအောင်ခင်သိန်းက ပြောကြားသည်။

တရားရုံး၏ သဘောအရ နယ်ဘက် တရားရုံးများတွင် မြို့နယ်မှတိုင်း၊ အထက်ရုံး အဆင့်ဆင့်အားအယူခံဝင်ခွင့် ရှိသလိုစစ်ဘက်တရားရုံးတွင်လည်း စစ်ဘက်တရားရုံး တစ်ခုခုမှ ပြစ်ဒဏ်စီရင်ခြင်းခံရပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ အသနားခံစာတင်ခွင့်ရှိကြောင်း ဗိုလ်မှူးကြီးအောင်ခင်သိန်းက ပြောကြားသည်။

ဗိုလ်မှူးကြီးအောင်ခင်သိန်းက “အဲဒီလို တင်ပြီးတဲ့အခါမှာ ဒီမှာလျှော့ပေးခြင်းမရှိလို့ ရှိရင်လည်းပဲ နောက်ထပ် စစ်ဘက်အယူခံတ ရားရုံးဆိုတာ ရှိပါသေးတယ်။ တပ်မတော် ဥပဒေက။ အဲဒီအယူခံရုံးအဆင့်ကိုလည်း တက်နိုင်ပါသေးတယ်။ အဲဒီအယူခံရုံးမှာလည်း တပ်မတော်ကဗိုလ်မှူးကြီးအဆင့်နဲ့ အထက်အရာရှိကြီးတွေ ရုံးထိုင်ပြီးတော့ စီရင်ရတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထောင်ဒဏ်ချမှတ်ခံထားရသည့် တပ်မတော်သားခုနစ်ဦး ပြန်လည်လွတ်မြောက်လာပြီဆိုသည့် သတင်းအား သတင်းထောက်များက မေးမြန်းမှသာ သိရှိခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ ရေးသားသော အင်းဒင်ကိစ္စနှင့်ဖမ်းဆီးခံရသည့် တပ်မတော် သားခုနစ်ဦးကို လွှတ်ပေးလိုက်သည်ဆိုသည်မှာ လွတ်ငြိမ်းလား၊ ယင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဘာများပြောဖို့ ရှိလဲဆိုသည့် မေးမြန်းမှုကို “ဒါကတော့ ကျွန်တော်တို့ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ ကိစ္စတွေဖြစ်တယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာလည်း ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကနေပြီးတော့ ပေးလို့ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ ဒီလွတ်ငြိမ်းချမ်းသာထဲမှာ ဒီခုနစ်ဦးဟာ ပါကောင်းလည်း ပါသွားနိုင်ပါတယ်။ အဲဒီတော့ သူတို့သတင်းဌာနကနေပြီးတော့ ထုတ်လွှင့်လိုက်တဲ့ကိစ္စမှာ အကျဉ်းဦးစီးဌာန အနေနဲ့ ပါလား၊ မပါလား၊ စိစစ်တာတော့ အကျဉ်းဦးစီးဌာနက စိစစ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ကတော့ စိစစ်ချက်တွေ အားလုံးကို နိုင်ငံတော်သမ္မတကြီးဆီကို တင်ပေးတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ စေလွှတ်တယ်ဆို လို့ရှိရင်လည်း ကျွန်တော်တို့က ဥပဒေအရပဲ ဆောင်ရွက်ကြောင်း ဆွေးနွေးတင်ပြချင်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အကျဉ်းဦး စီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက    “အင်းဒင်ကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်မတော်သားခုနစ်ဦးလွှတ်ပေးလိုက်တဲ့ ကိစ္စက ကျွန်တော်တို့ အကျဉ်းထောင်မှာ အဲဒီတပ်မတော်သားခုနစ်ဦးနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ အင်းဒင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ထိန်းသိမ်းထားတာ မရှိပါဘူး” ဟု ပြောကြားသည်။