မြောင်တောင်ယူနိုက်တက်အသင်းတွင် ခြေစွမ်းမပြနိုင်သည့် အောင်သူ လမ်းခွဲဖွယ်ရှိနေပြီး အသင်းပြောင်းရန် သတင်းထွက်ပေါ်

မြောင်တောင်ယူနိုက်တက်အသင်းတွင် ခြေစွမ်းမပြနိုင်သည့် အောင်သူ လမ်းခွဲဖွယ်ရှိနေပြီး အသင်းပြောင်းရန် သတင်းထွက်ပေါ်
Published 27 May 2019

ထိုင်းလိဂ်-၁ ကလပ် မြောင်တောင်ယူနိုက်တက်အသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး   ခြေစွမ်းပြနိုင်ခြင်းမရှိသောကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အောင်သူသည် တစ်ရာသီအငှားစာချုပ် ဖြင့် မြောင်တောင်အသင်းတွင် သွားရောက်ကစားနေပြီး ပွဲအနည်းငယ်သာ ကစားခွင့်ရသလို နောက်ပိုင်းပွဲများတွင် အရန်လူစာရင်း၌ပင် ပါဝင်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် အောင်သူသည် မြောင်တောင်ယူနိုက်တက်အသင်း နှင့် လမ်းခွဲပြီး အခြားကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းနေကြောင်း FOX Sports Asia သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

အောင်သူသည် ထိုင်းလိဂ်-၁ ကလပ် Trat အသင်းသို့ပြောင်းရွှေ့ရန် ကြိုးပမ်းနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အောင်သူပါဝင်ကစားနေသည့် မြောင်တောင်အသင်းမှာလည်း ရလဒ်များဆိုးရွားနေပြီး ဇယားအောက်ဆုံးသို့ ရောက်ရှိနေသည်။

အောင်သူသည် ပြီးခဲ့သည့်ရာသီက Police Tero အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး ပထမအကျော့တွင် ခြေစွမ်းပြကာ ဂိုးများသွင်းယူနိုင်ခဲ့သလို လအလိုက် အကောင်းဆုံးဆုများလည်း ရရှိခဲ့သည်။

သို့သော် ဒုတိယအကျော့တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရပြီး ယခုရာသီတွင် မြောင်တောင်အသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း ပွဲထွက်ခွင့်ပျောက်ဆုံးကာ လက်ရှိအချိန်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေ။

ယခုရာသီတွင် မြန်မာကစားသမားများ အနက် ကျော်ကိုကို၊ ဇော်မင်းထွန်း၊ စည်သူ အောင်နှင့် သိန်းသန်းဝင်းတို့မှာလည်း အောင် သူနှင့်အတူ ထိုင်းလိဂ်-၁ ကလပ်၌ သွားရောက် ကစားလျက်ရှိပြီး ကစားသမားအချို့မှာ ပုံမှန် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။

ကစားသမား ငါးဦးအနက် ကျော်ကိုကို (ဆာမတ်ပရာခန်)၊ ဇော်မင်းထွန်းနှင့် စည်သူအောင် (ချောင်ဘူရီ) တို့သာ ဂိုးသွင်းနိုင်သေးသည်။

Most Read

Most Recent