စပါးစျေးကျဆင်းနေမှုက လယ်သမားများဘဝ ပိုမိုကျပ်တည်းစေပြီလား

စပါးစျေးကျဆင်းနေမှုက လယ်သမားများဘဝ ပိုမိုကျပ်တည်းစေပြီလား
 စပါးစျေးမြှင့်ဝယ်ယူရေး ဇီးကုန်းမြို့နယ်တောင်သူများ မေ ၂၄ ရက်က ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဝေလင်း)
စပါးစျေးမြှင့်ဝယ်ယူရေး ဇီးကုန်းမြို့နယ်တောင်သူများ မေ ၂၄ ရက်က ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဝေလင်း)
Published 26 May 2019
ဝေလင်း(ပြည်)

စပါးစျေးကျဆင်းနေမှုကြောင့် စျေးမြှင့်ဝယ်ယူပေးရန် နိုင်ငံတော်အစိုးရနှင့် ဆန်စပါးကုန်သည်များကို  တောင်းဆိုဆန္ဒထုတ်ဖော်မှုတစ်ခုကို မေ ၂၄ ရက်က ပြုလုပ်ခဲ့သည်။ ယင်းဆန္ဒထုတ်ဖော်ခဲ့ရာ ဇီးကုန်းမြို့နယ်မှာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင်တွင်ရှိပြီး ဆန်စပါးအဓိကထား စိုက်ပျိုးလုပ်ကိုင်ရာ ဒေသတစ်ခုလည်းဖြစ်သည်။

ယခင်နှစ်နွေစပါးစျေးနှုန်းမှာ တင်း ၁၀၀ လျှင် ကျပ်ငါးသိန်းနှင့်အထက် ရောင်းချခဲ့ရပြီး နိုင်ငံတော်က သတ်မှတ်ခဲ့သည့် ကြမ်းခင်းစျေးမှာ ကျပ်ငါးသိန်းစျေးဖြစ်သည်။ ယခုနှစ် နွေစပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀ ကို အမျိုးအစားပေါ်မူတည်၍ ကျပ် ၄၁၀၀၀၀ မှ ကျပ် ၄၅၀၀၀၀ နှုန်းသာ ပေါက်စျေးရှိခဲ့သည်။ အချို့ဒေသများတွင် ဝယ်ယူမည့်သူပင်မရှိ၍ အိမ်များတွင် သိုလှောင်၍ အခြောက်လှန်းထားရသည်ဟု ဒေသခံများက ဆိုသည်။ ယခုနှစ်၏ စပါးကြမ်းခင်းစျေးကို သတ်မှတ်နိုင်ခြင်းမရှိသေးရာ ယခင်နှစ်၏ကြမ်းခင်းစျေး ကျပ်ငါးသိန်းမှာ တရားဝင်ဖြစ်နေပြီး လက်ရှိတွင် ယင်းစျေးဖြင့် ဝယ်ယူရန်မှာ အစိုးရနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့တွင် များစွာအခက်အခဲဖြစ်နေကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။

အိုင်ဗရီကို့စ်ဂယက်နှင့် တရုတ်သို့ ဆန်တင်ပို့မှု ရပ်ဆိုင်းခံရ

အိုင်ဗရီကို့စ်နိုင်ငံရှိ ကျန်းမာရေးတာဝန်ရှိသူများက မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်တန်ချိန် ၁၈၀၀၀ ကို လူစားသုံးရန်မသင့်ဟုဆိုသော သတင်းဖော်ပြချက်များမှာ မြန်မာ့ဆန်ကို နာမည်ပျက်စေခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မီဒီယာများကို ဖြေကြားထားသည်။

ယင်းနောက်ဆက်တွဲအရ ရန်ကုန်ဆန်စျေးကွက်တွင် ဧပြီလဆန်းမှစတင်ကာ အရောင်းအဝယ်အေးခဲ့သည်ဟု ဆန်ကုန်သည်များက ဆိုသည်။ ဆန်စျေးကွက်တွင်လည်း မတ်လစျေးနှင့် ဧပြီလနှောင်းပိုင်း စျေးများကို ယှဉ်ကြည့်ပါက ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ၁၇၀၀ စျေးကျခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုကို အီးယူ၊ အာဖရိကနှင့် မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည်။ တင်ပို့မှု ရာခိုင်နှုန်း ၅၀ မှာ အာဖရိကကို သွားနေခြင်းကြောင့် အိုင်ဗရီကို့စ်ဂယက်က မြန်မာဆန်စျေးကွက်ကို ထိခိုက်စေကြောင်း ဧပြီ  ၂၂ ရက်ထုတ် Weekly Eleven ဂျာနယ် ဆောင်းပေါင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

“တရုတ်ဘက်ကို နှစ်စဉ်တန်ချိန် တစ်သန်းနဲ့ တစ်သန်းခွဲခြားမှာနှစ်စဉ်တင်ပို့တယ်။ လွန်ခဲ့တဲ့ လေး၊ ငါး၊ ခြောက်နှစ်ကတည်းက ပို့နေတာ။ ဒီနှစ်မှာ တရုတ်ဘက်က ရုတ်တရက်ကြီး သူရဲ့ပေါ်လစီအရ ဒီနယ်စပ်ကြီးကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့လိုက်တဲ့အခါမှာ ဆန်မှမဟုတ်ပါဘူး။ တခြား ပြောင်းတို ့၊ သကြားတို့ သီးနှံတွေအားလုံး ရပ်တန့်သလောက်နီးပါး ဖြစ်သွားတော့ ဆန်ရဲ့တင်ပို့မှုက ၁ ဒသမ ၅ ဘီလျံနီးပါး လောက်ရှိတဲ့ဟာက နယ်စပ်ဘက်ကို သွားလို့မရတော့တဲ့အခါမှာ ဒီအမောင့်ကြီးက အဲဒီရိုက်ခတ်မှုက ပထမဆုံးအကြီးမားဆုံး အချက်လို့ ထင်တယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးလူမော်က ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံက စစ်ဆေးမှု တင်းကျပ်နေသည့်အတွက် တရုတ်နိုင်ငံသို့တင်ပို့မည့် မူဆယ်နယ်စပ်တွင် အရောင်းအဝယ်တန့်ကာ ပိတ်မိနေသည့်အတွက် ရောက်ရှိနေပြီး ဆန်များတင်ပို့ခွင့်ရရန် ဆန်စပါး အသင်းချုပ်အနေဖြင့် အကောင်းဆုံးကြိုးစားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆန်စက်များတွင်ပိတ်မိနေသော စပါးများ

ဆန်တင်ပို့မှုကို တရုတ်ဘက်မှ ရပ်ဆိုင်းထားခြင်းကြောင့် မူဆယ်ကုန်သည်များက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ လာရောက်အကူအညီတောင်းခံမှုများ ရှိကြောင်း သိရသည်။ ယင်းအခြေအနေတွင် ဒေသအသီးသီးမှ နွေစပါးများ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခြင်းဖြစ်ပြီး ဆန်စက်များတွင်လည်း စပါးများ ပြည်နှက်နေပြီး ကြိတ်ခွဲရောင်းချနိုင်ခြင်းမရှိ၍ ထပ်မံဝယ်ယူရန် အခက် အခဲဖြစ်နေကြောင်း ဆန်စက်လုပ်ငန်းရှင်များက ပြောကြားသည်။

“အခုတစ်လောက အပြောင်းအလဲ အရမ်းများသွားတယ်။ တောင်သူတွေက စပါးထွက်ပြီဟေ့ဆိုရင် ရိတ်သိမ်းခြွေလှေ့စက်တွေနဲ့ အကုန်ရိတ်ပြီး စက်ကိုသွားတယ်။ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကကျတော့ လက်နဲ့ရိတ်တယ်။ သူတို့အိမ်မှာထားတယ် တစ်ရက်နှစ်ရက်လောက် မစိုအောင် သူတို့နည်းနဲ့ ထိန်းသိမ်းပေးတယ် အခုနှစ်ကျတော့ အဆိုးဆုံးဖြစ်သွားတယ်။ အခုကအားလုံးက စက်နဲ့ရိတ်တယ်။ ဆန်စက်တွေကိုပို့တယ်။ ဆန်စက်တွေမနိုင်ဘူး။ မနိုင်တဲ့အခါကျတော့ မဝယ်နိုင်တော့ စျေးကျတယ်။ ကျွန်တော်တို့ ပြဿနာဖြစ်တာကတော့ တစ်ခါတလေ စပါးကြိတ်တဲ့အခါမှာ မီးက ၁၅ မိနစ်လာ နာရီဝက်ပြန်ပျက် အဲဒီလိုဖြစ်နေတယ်” ဟု ဦးမင်းလွင်ဦးက ပြောကြားသည်။

နွေစပါးစိုက်ပျိုးရာဒေသများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် မတ်လမတိုင်မီကာလကတည်းက နွေစပါးထွက်ရှိနေပြီး ယင်းဒေသမှာ စပါးစျေးကျဆင်းမှုဒဏ်နှင့် လွတ်ကင်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီးမှာ ဧရာဝတီတိုင်းပြီးပါက နွေစပါးအများအပြားထွက်ရှိရာဒေသဖြစ်ပြီး မတ်လမှ မေလအထိ ဝယ်ယူသူမရှိ၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆင်းဝယ်ယူပေးနေရကြောင်း သိရသည်။ ယင်းဝယ်ယူမှုမှာလည်း ပဲခူးတိုင်း၏ စပါးအထွက်ဆုံးဖြစ်သည့် ဒိုက်ဦးမြို့နယ်တွင်ဖြစ်ပြီး အသွယ်စတင်း ၁၀၀ လျှင် ကျပ် ၄၄၀၀၀၀ စျေးသာ ပေးဝယ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလဆန်းပိုင်းမှ စတင်ကာ လက်ရှိကာလအထိ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင် မြို့နယ်များဖြစ်သည့် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနှင့် နတ္တလင်းမြို့နယ်၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်တို့တွင် နွေစပါးမျိုးအသွယ် အုပ်စုများဖြစ်သည့် ရတနာတိုး၊ ပခန်း၊ ဒဂုန် (၂) တို့ကို အများဆုံး ထွက်ရှိနေပြီး စပါးအမျိုးအစားလိုက် အရည်အသွေးပေါ်မူတည်၍ စျေးနှုန်းကွာဟသော်လည်း အချို့မျိုးများမှာ ဝယ်ယူမည့်သူပင်မရှိကြောင်း ဒေသခံများက ဆိုသည်။

“စပါးစျေးတွေကျနေတာကတော့ ဆရာတို့မြင်တဲ့အတိုင်းပဲ။ ဇီးကုန်းမြို့ပေါ်ကိုတက်ရောင်းတော့လည်း ဝယ်တဲ့ကုန်သည်တွေက နေပြီးတော့ လှိုင်လှိုင်ဝယ်မပေးဘူး။ ရင်းနှီးတဲ့သူကို ဝယ်ပေးတယ်။ စပါးစျေးက လုံးလုံးကျနေတဲ့အတွက် လုပ်အားခသွင်းစုတွေနဲ့ လုပ်အားခနေနဲ့ စပါးရောင်းရငွေနဲ့ ကျွန်တော်တို့မှာ လုံးလုံးအရှုံးပေါ်နေတယ်” ဟု ဇီးကုန်း မြို့ခံ လယ်သမားဦးစန်းအောင်က ပြောကြားသည်။

လယ်သမားများ၏ ကျပ်တည်းလာသော အခြေအနေ

ယခုနှစ်နွေစပါး၏ သွင်းအားစုကုန်ကျမှုစရိတ်မှာ တစ်ဧကလျှင် ကျပ် ၃၈၆၀၀၀ ကုန်ကျပြီး တစ်ဧက ပျမ်းမျှထွက်နှုန်း တင်း ၇၀ နှုန်းဖြင့် ထွက်ပါက တင်း ၁၀၀ ကျပ် ၄၂၀၀၀၀ နှုန်းဖြင့် ရောင်းချရခြင်းကြောင့် တစ်ဧကလျှင် ကျပ် ၂၉၄၀၀၀ ရရှိမည်ဖြစ်ရာ ကျပ် ၉၂၀၀၀ အရှုံးပေါ်နေကြောင်း ဒေသခံလယ်သမားများက ဆိုသည်။

လက်ရှိအခြေအနေမှာ ဝယ်ယူမည့်သူပင် မရှိသည့်အတွက် ရိတ်သိမ်းပြီးသူများတွင် အခက်တွေ့နေရသလို ရိတ်သိမ်းချိန်တန်၍ ရိတ်သိမ်းရတော့မည့် လယ်သမားများအနေဖြင့်လည်း ရိတ်သိမ်းသင့်၊ မသင့်ကို တွက်ဆနေရကြောင်း လယ်သမားများက ဆိုသည်။ ယင်းအခြေအနေအား နိုင်ငံတော်အစိုးနှင့် ဆန်စပါးအသင်းအဖွဲ့များက ထိန်းချုပ်ကာ ကြမ်းခင်းစျေး ကျပ်ငါးသိန်းဖြင့် ဝယ်ယူပေးရန် လယ်သမားများက တောင်းဆိုကြသည်။

“စပါးစျေးတွေကျတော့ စိုက်ခပျိုးခတွေနဲ့ ဓာတ်ဆားဖိုးတွေနဲ့ ကျွန်မတို့ အဆင်မပြေပါဘူး။ တော်တော်လည်း စိတ်ညစ်နေရတယ်။ တော်တော်လည်း အဆင်မပြေဘူး။ ဒါကြောင့် ကျွန်မသားကို သူများနိုင်ငံမှာ အလုပ်ခိုင်းနေရတယ်။ ၁၈ နှစ် အရွယ်ပဲ ရှိပါသေးတယ်။ မိဘတွေမှာ စပါးဆန်ရေစျေးတွေ မကောင်းတော့ တော်တော်လေး စိတ်မချမ်းသာပါဘူး။ စပါးစျေးလေးတွေကို သူ့စျေးနဲ့သူ အဆင်ပြေအောင် လုပ်ပေးပါလို့ နိုင်ငံတော်အစိုးရကို တောင်းဆိုချင်ပါတယ်” ဟု မီးကောက်ကျေးရွာမှ ဒေါ်အေးမာက ပြောကြားသည်။

ယင်းအခြေအနေမျိုးမှာ စိုက်/ဘဏ်များမှ ချေးယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ကျပ် ၁၅၀၀၀၀ ပြန်လည်ဆပ်ရန် အခက်တွေ့စေပြီး ဆပ်ချိန်ရောက်ပါက အခြားပုဂ္ဂလိက ငွေချေးသူများထံတွင် ချေးငှားပေါင်နှံရခြင်းများ ဖြစ်ရလေ့ရှိရာ ယခုနှစ်မှာ အဆိုးဆုံးအခြေအနေဖြစ်ကြောင်း လယ်သမားများက ပြောကြားသည်။

“စပါးစျေးတွေက အရမ်းကျနေတယ်။ ကုန်ကျစရိတ်က တက်နေတယ်။ အကြွေးတွေက တင်နေတယ်။ အခု ကျွန်မအမျိုးသားဆိုရင် ထိုင်းမှာ သွားအလုပ်လုပ်တယ်။ သုံးလလောက်ပဲရှိသေးတယ်။ သူများအကြွေးဆပ်ချင်လို့ ထိုင်းမှာလည်း အဆင်မပြေဘူး။ နောက်တစ်ချက်က ကျွန်မသမီး ၁၀ တန်းဖြေထားတယ်။ ဖြေထားတာကို ဆက်မထားနိုင်တော့ပါဘူး” ဟု မဇင်မာက ပြောကြားသည်။

အကျပ်တည်းများနှင့် လမ်းပေါ်ထွက်လာကြသူများ

စပါးစျေးကျဆင်းမှုကြောင့် စျေးမြှင့်ဝယ်ယူပေးရန် နိုင်ငံတော်အစိုးရနှင့် ဆန်စပါးအသင်းများသိ ရှိစေရန် ဆန္ဒပြမှုကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး ပြေလည်မှုများရှိပါက လမ်းပေါ်တက်လာစရာ အကြောင်းမရှိဘဲ ပြေလည်မှုမရှိသေးပါက အခြားမြို့နယ်များနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်မည်ဟု ဇီးကုန်းမြို့ဆန္ဒ ထုတ်ဖော်မှုတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သူ ကိုဝင်းဦးက ပြောကြားသည်။

“ကျွန်တော်ဆန္ဒပြပြီးပြီ။ ဒီဆန္ဒထုတ်ဖော်တာသည် ပြောင်းလဲမှုမရှိဘူးဆိုရင် နောက်ထပ် ကျွန်တော်ထပ်လုပ်မယ်။ စွမ်းသလောက်လုပ်မယ် နောက်မဆုတ်တမ်းလုပ်မယ်” ဟု ၎င်းက ဆိုသည်။

ဆန္ဒထုတ်ဖော်မှုတွင် လယ်သမားအိမ်ရှင်မများလည်း ပါဝင်ခဲ့ကြပြီး ရင်ဆိုင်နေရသည့် အခြေအနေနှင့်ပတ်သက်၍ “ကျွန်မတို့လယ် သမားတွေမှာ စပါး ၅၁ ပေါင်ကို ၄၁ နဲ့ ရောင်းချနေရတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့မှာအခက်အခဲ အရမ်းတွေ့နေရတယ်။ လူမှုရေး၊ စီးပွားရေး ပညာရေးအခက်တွေ့နေရတယ်။  အဲဒါကြောင့် ဆန္ဒထုတ်ဖော်တာပါ။ သွင်းအားစုကုန်စျေးနှုန်း တွေကကြီးတယ်။ စပါးစျေးက ငါးသိန်းအောက်ကို ချမဝယ်ဘဲ ငါးသိန်းအထက်ကိုဝယ်ဖို့ ပြောချင်တယ်။ အထက်လူကြီးတွေသိ အောင်လည်း ဆန္ဒထုတ်ဖော်ရတာပါ” ဟု ဆန္ဒ ထုတ်ဖော်သူ မမာလာအောင်က ပြောကြားသည်။

နိုင်ငံတော်အစိုးရသို့ တင်ပြအကူအညီတောင်းခံထား

လက်ရှိဖြစ်ပွားနေသည့် မြန်မာ့ဆန်စပါးအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က နိုင်ငံတော်အစိုးရသို့ အခြေအနေများတင်ပြ အကူအညီတောင်းခံထားကြောင်း အသင်းချုပ်တာဝန်ရှိသူက ဆိုသည်။

“မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဦးဆောင်မှုနဲ့ ကျွန်တော်တို့က တတ်နိုင်တဲ့ဘက်က ပုဂ္ဂလိတွေကပဲ ပိုက်ဆံတွေထုတ်ပြီး ဝယ်ရတာပဲ။  အစိုးရကိုတော့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ တင်ပြပြီးတော့ အကူအညီတောင်းခံထားပါတယ်။ တင်လည်း တင်ပြထားတယ်။ လုပ်တော့ လုပ်နေတယ်။ အစိုးရဘက်ကတော့ တတ်နိုင်တဲ့ဘက်က လုပ်ပေးမယ်လို့ ထင်ပါတယ်။ အဲဒါတွေမလာခင်မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ကုမ္ပဏီ၊ ကုန်သည်၊ စက်ပိုင်တွေရှိမယ်။ ဒါတွေအားလုံးဘက်က လယ်သမားဘက်က အခက်အခဲတွေကို တတ်နိုင်တဲ့ဘက်က ဖြေရှင်းပေးနေတာပေါ့” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူးဦးလူမော်က ပြောကြားသည်။

လက်ရှိတွင် အတတ်နိုင်ဆုံးကူ ညီဖြေရှင်းပေးနေသည်ဟု ဆိုသော်လည်း လယ်သမားအတွက် လုံလောက်သော အကူအညီအထောက်အပံ့မျိုး ဖြစ်မလာသေးကြောင်း လယ်သမားများက ပြောကြားသည်။

ပိုမိုကျပ်တည်းမှုများမဖြစ်ရန်  လယ်သမားများကို ငဲ့ကြည့်ပါ

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် တွင်းထွက်သယံဇာတပေါ်တွင် မှီခိုနေရသည့် နိုင်ငံဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ နိမ့်ကျမှုနှင့် စျေးကောင်းမရဖြစ်နေခြင်းမှာ မြန်မာနိုင်ငံအား ကြီးစွာသော အခက်အခဲကို ကြုံတွေ့နေရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများအား နိုင်ငံတစ်ခုပေါ်တွင် မှီခိုနေရသည်မှာလည်း ယခုလိုအဆုံးအရှုံးများစေသည့် အချက်များကို ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း ဆန်ကုန်သယ်များက ပြောသည်။ ပြည်ပဝယ်လက်များများရှိရန် လိုအပ်နေပြီး အခြားနိုင်ငံများ၏ ထွက်ကုန်အရည်အသွေးများ နည်းတူ ထွက်ကုန်များဖြစ်ရန်လည်း နည်းပညာ၊ ငွေကြေးများ ထောက်ပံ့ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဆိုသည်။

“ကုန်ကျစားရိတ်အတူတူမှာပဲ အထွက်နှုန်းတိုးလာမည့် နည်းပညာလိုတယ် ဒါမှလည်း ကုန်ကျစားရိတ်ကာမိပြီး လယ်သမားအတွက် အဆင်ပြေစေမယ့် တစ်ခုတည်းသော ဒါကိုလည်း အားလုံးပူးပေါင်းဆောင်ရွက်ရင် လယ်သမားတွေလည်း အကျိုးရှိမယ် တစ်ဖက်က စက်ပိုင်တေ ွကုန်သယ်တွေလည်း အကျိုးရှိလာမယ်” ဟု ဦးလူမော်ကပြောသည်။

နွေစပါးအများစုမှာ ဆန်စက်များတွင်ပိတ်မိနေသော်လည်း နွေစပါးစိုက်ပျိုးရာနေရာများဖြစ်သည့် ပြည်ခရိုင်၊ ယင်းနောက်တွင် မကွေးတိုင်းနှင့် စစ်ကိုင်း၊ ရွှေဘိုတို့တွင် နွေစပါးများစွာ ဆက်လက်ထွက်ရှိနေအုံးမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် စပါးများ တရားဝင်တင်ပို့ခွင့်ရရန် တရုတ်နိုင်ငံနှင့် ညှိုနှိုင်းကာ တင်ပို့ခွင့် အနည်းငယ် ရရှိထားသော်လည်း တင်ပို့ခွင့်နှင့် ထွက်နှုန်းမှာ ကွာဟနေပြီး ထွက်နှုန်းများနေသေးကြောင်း ဆန်စက်ပို်င်ရှင်များက ဆိုသည်။

“ဆန်စပါးတွေကိုစျေးနှုန်းမှန်အောင် စျေးနှုန်းကောင်းအောင် ထိန်းသိမ်းပေးစေချင်တယ် စပါးစျေးလေးကောင်းအောင် လုပ်ပေးစေချင်တယ် တဲ့ဆန္ဒရှိတယ်။ ကျွန်တော်တို့ ကျေးရွာအနေအထားကိုကြည့်ရင် နွားတွေလည်းမရှိတော့ဘူး ပြည်သူလူထုက သားသမီးတွေက ထို်င်းဘက်ကို ရောက်ကြတယ် ရန်ကုန်စက်ရုံတွေကို ရောက်ကြတယ် ကျေးရွာမှာဆိုရင် အသက်လေးဆယ်ကျော် ငါးဆယ်ပတ်ဝန်းကျင်ပဲ ရှိတော့တယ် ကလေးတွေမရှိဘူး နိုင်ငံတော်အစိုးရမှသည် သူတောင်းစားအဆုံး ကြက်ငှက်စသည့် ဆန်စပါးသည်လူတွေ အသက်သွေးကြော တိရိစ္ဆာန်တွေအသက်သွေးကြောဖြစ်တဲ့အတွက် အဲဒီကျေးဇူးကိုမကန်းကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်” ဦးစန်းအောင်က ပြောသည်။

 

Most Read

Most Recent