တရားဥပဒေစိုးမိုးမှု ရှိမှသာ ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရား ဖြစ်လာမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု မရှိပါက နိုင်ငံသားများ၏ သာတူညီမျှ အခွင့်အရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအတွက် ခက်ခဲသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြား

တရားဥပဒေစိုးမိုးမှု ရှိမှသာ ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရား ဖြစ်လာမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု မရှိပါက နိုင်ငံသားများ၏ သာတူညီမျှ အခွင့်အရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအတွက် ခက်ခဲသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြား
ဓာတ်ပုံ - Myanmar President Office
ဓာတ်ပုံ - Myanmar President Office
Published 25 May 2019
နေရိုင်း၊ အောင်မင်းသိန်း

အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး တည်ဆောက်မည်ဟု ကြွေးကြော်နေခြင်းသည် တရားဥပဒေ စိုးမိုးမှု ရှိမှသာ ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရား ဖြစ်လာမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု မရှိပါက နိုင်ငံသားများ၏ သာတူညီမျှ အခွင့်အရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအတွက် ခက်ခဲသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

မေ ၂၄ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီရုံးရှိ ဇမ္ဗူသီရိခန်းမ၌ ပြုလုပ်သည့် နိုင်ငံတော် သမ္မတနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်  ဌာနဆိုင်ရာ တွေ့ဆုံပွဲ အခမ်းအနား လမ်းညွှန်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“တရားစီရင်ရေးနဲ့ ပတ်သက်ရင် ဥပဒေအတိုင်းနဲ့အညီ ဆောင်ရွက်မှသာလျှင် ကိုယ့်တာကိုယ်လုံမယ်။ ဟိုလူပြောလို့၊ ဒီလူပြောလို့ ဥပဒေမဲ့ လုပ်တယ်ဆိုရင် တိုင်လာလို့ ရှိရင်တော့ ကျွန်တော်တို့က အမှန်အတိုင်းပြောတာ ဘယ်ကိစ္စမှ ဖုံးကွယ်မထားဘူး။ ဘယ်ကိစ္စမှလည်း ဝင်ပြီးတိုင်လာလို့ဆိုပြီး အကာအကွယ် မပေးဘူး။ ဥပဒေအတိုင်းပဲ။ ဘာဖြစ်လို့ ကျွန်တော်တို့ လုပ်နေတာသည် တရားဥပဒေ စိုးမိုးရေးဆိုပြီး ကြွေးကြော်သံနဲ့ ပြောနေတာ။ တရားဥပဒေစိုးမိုးရေး တည်ဆောက်မယ်လို့ ကြွေးကြော်သံနဲ့ ဆိုတာ အလကားကြွေးကြော်နေတာ မဟုတ်ဘူး။ တရားဥပဒေ စိုးမိုးရေးရှိမှ  ဒီမိုကရေစီ အုပ်ချုပ်ရေး ယန္တရား ဖြစ်လာမှာ။ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် ဖြစ်လာမှာ တရားစီရင်ရေး ယန္တရားမရှိရင် ဒီမိုကရေစီ အုပ်ချုပ်ရေးမျိုး မရဘူး။ တရားစီရင်ရေး ယန္တရားက တရားဥပဒေ စိုးမိုးမှုမရှိရင် ဒီမိုကရေစီ အုပ်ချုပ်ရေးမဖြစ်ဘူး။ လူတွေရဲ့ သာတူညီမျှ အခွင့်အရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ခက်ခဲသွားမယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

မိမိတို့လိုလားသည့် တရားစီရင်ရေးသည် ဘက်မလိုက်သည့် တရားစီရင်ရေး၊ မျက်နှာကြီးငယ်၊ ရာထူးဂုဏ်သိမ် အရှိန်အဝါ မရွေးဘဲ ဥပဒေအတိုင်း ဖြစ်စေသည့် တရားစီရင်ရေး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတက “ဥပဒေပြုရေးပိုင်းပဲဖြစ်ဖြစ်၊ အုပ်ချုပ်ရေးပိုင်းပဲဖြစ်ဖြစ် ရာထူး၊ ဂုဏ်သိမ် အရှိန်အဝါရှိရှိ၊ မရှိရှိ တရားစီရင်ရေးက လွတ်လပ်တဲ့ တရားစီရင်ရေးပါ။ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်နဲ့ တရားစီရင် စေချင်တယ်။ ရာထူးဂုဏ်သိမ် အရှိန်အဝါရှိလို့၊ ဟိုလူစွက်ဖက်လို့၊ ဒီလူစွက်ဖက်လို့၊ သူက ဒီလိုပြောလို့၊ ဒီလူက ဒီလိုပြောလို့ မဖြစ်စေချင်ဘူး။ ပြောချင်တာကတော့ ပြစ်မှုဆိုင်ရာဥပဒေ ပြစ်မှုကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားရုံးလက်စွဲ စသဖြင့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေ စသဖြင့် တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေအတိုင်း ဆောင်ရွက်စေချင်တယ်” ဟု ပြောကြားသည်။

အုပ်ချုပ်ရေးအပိုင်းနှင့် ဥပဒေပြုရေးအပိုင်းတွင် မိမိနှင့်ပတ်သက်သည့် အသိုင်းအဝိုင်း၊ မိဘ၊ ညီအစ်ကို မောင်နှမများနှင့် ကိုယ့်ရပ်ကိုယ့်ရွာ၊ မိမိ၏ မဲဆန္ဒရှင်များက လုပ်ပေးဆိုတိုင်း လက်မခံဘဲနှင့် အမှန်အတိုင်းသာ  ဆောင်ရွက်စေလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“တရားဥပဒေစိုးမိုးမှုမရှိရင် ဒီမိုကရေစီနိုင်ငံ ဆောက်လို့မရဘူး။ ဒီမိုကရေစီဆောက်ဖို့ဆိုရင် တရားစီရင်ရေးက အခြေခံအကျဆုံး ဖြစ်ပါတယ်။ ဒါလေးကိုတော့ သတိပြုစေ။  ဒီမို ကရေစီနိုင်ငံဆောက်တဲ့အခါမှာ ကျွန်တော် တို့ ကိုယ်၌က ခုနကပြောတဲ့ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှု။ ဒါတွေကို ကျွန်တော်တို့ ကျင့်သုံးဖို့လိုတယ်။ ကျွန်တော်တို့လိုချင်တဲ့ အုပ်ချုပ်ရေး ယန္တရားသည် တရားဥပဒေစိုး မိုးရေးကို အထောက်အပံ့ပေးတဲ့ ယန္တရားပဲ  ဖြစ်စေချင်တယ်။ ကျွန်တော်တို့လိုချင်တဲ့ အုပ်ချုပ်ရေး ယန္တရားသည် ပြည်သူကို လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုပေးတဲ့ အုပ်ချုပ်ရေးစနစ်ပဲ ဖြစ်စေချင်တယ်။ ကျွန်တော်တို့ မလိုလားတဲ့ အုပ်ချုပ်ရေးယန္တရားသည် ပြည်သူကို ဖိစီးနှိပ်စက်တဲ့ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ အုပ် ချုပ်မှုယန္တရား မဖြစ်စေချင်ဘူး” ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။

မိမိတို့နိုင်ငံအား ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည် ဆိုပါက အားလုံးပြုပြင် ပြောင်းလဲရန် လိုအပ်ပြီး ကိုယ့်အတ္တကို မကြည့်သင့်ကြောင်း၊ ကိုယ့်အတ္တနှင့်ကိုယ် လုပ်ဆောင်မည် ဆိုပါက တိုင်းပြည်အတွက် အကျိုးမပေးကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတက “အတ္တကို ဗဟိုပြုပြီးတော့လုပ်တာ။ ဒါအများအတွက် မကြည့်တော့ဘူး။ နိုင်ငံတော်အတွက် မကြည့်တော့ဘူး။ နိုင်ငံသူ နိုင်ငံသားအတွက် မကြည့်တော့ဘူး။ အတ္တကို ဗဟိုပြုပြီး လုပ်တဲ့အခါကျတော့ အဲဒီကိုယ့်အတ္တနဲ့ လုပ်တဲ့အခါကျရင် အကျိုးမပေးပါဘူး။ အကျိုးမပေးရုံတင် မဟုတ်ဘူး၊ ကိုယ့်ရဲ့လုပ်ငန်းတွေလည်း မအောင်မြင်ပါဘူး။ နိုင်ငံတော်အတွက် နိုင်ငံသူ နိုင်ငံသားအတွက် အများအကျိုးကို လုပ်မယ်ဆိုရင် ပရကို ဗဟိုပြုပြီး လုပ်မယ်ဆိုရင် ကိုယ်လုပ်တဲ့ အလုပ်လည်း အောင်မြင်မယ်။ ကိုယ်လည်း သိက္ခာရှိမယ်။ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်မယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent