ငွေကြေးဖောင်းပွမှုနှုန်းနှင့်ပတ်သက်၍ . . .

ငွေကြေးဖောင်းပွမှုနှုန်းနှင့်ပတ်သက်၍ . . .
Published 24 May 2019

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း လေးလဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော်၊ နှစ်လဆက်တိုက် ခုနစ်ရာခိုင်နှုန်းကျော်ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၂ ဒသမ ၄၇ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ် အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း အထိရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် မတ်အထိ ၁၂ လ ဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေခြင်း ဖြစ်သည်။

အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေးတစ်ရပ်အတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အထွေထွေစျေးနှုန်းအဆင့် အဆက်မပြတ် မြင့်တက်နေမှုကို ငွေကြေးဖောင်းပွမှုဟု ခေါ်သည်။ အထွေထွေ ကုန်စျေးနှုန်းအဆင့် မြင့်တက်လာသည့်အခါ ငွေကြေးယူနစ်အသီးသီးအနေဖြင့် ပိုမိုနည်းပါးသော ကုန်ပစ္စည်းပမာဏနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်တော့မည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ငွေကြေးဖောင်းပွမှုသည် ဝယ်ယူနိုင်မှု ပါ၀ါ/ငွေကြေးယူနစ် လျော့ကျမှုကို ထပ်ဟပ်ပြခြင်းဖြစ်သည်။ ကုန်ဖလှယ်မှုကြားခံ၌ အမှန်တကယ်ရှိသည့်တန်ဖိုး ဆုံးရှုံးရခြင်းဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းအား ငွေကြေးဖောင်းပွမှုနှုန်းဟုခေါ်ပြီး အထွေထွေစျေးနှုန်းအညွှန်းတစ်ရပ်၌ နှစ်စဉ်ရာခိုင်နှုန်း အပြောင်းအလဲကို ဖော်ပြသည်။ ယင်းအညွှန်းသည် စားသုံးသူစျေးနှုန်း အညွှန်း (CPI) ဖြစ်လေ့ရှိသည်။

ငွေကြေးဖောင်းပွမှုသည် စီးပွားရေးတို့အား အပေါင်းလက္ခဏာဆောင်သော နည်းလမ်း၊ အနုတ်လက္ခဏာဆောင်သော နည်းလမ်း နှစ်ရပ်စလုံးဖြင့် သက်ရောက်မှု အမျိုးမျိုး ရှိနိုင်သည်။ အနုတ်လက္ခဏာဆောင်သော သက်ရောက်မှု၌ ငွေကြေးကို ကိုင်ထားခြင်းနှင့် ပတ်သက်သော အခွင့်အလမ်းအရ ကုန်ကျမှု မြင့်တက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေကြေးစုဆောင်းခြင်းများကို ကျဆင်းစေနိုင်သော အနာဂတ်နှင့်ပတ်သက်သည့် မရေရာမှုကို ဖြစ်စေခြင်း၊ (ငွေကြေးဖောင်းပွမှုသည် မြန်ဆန်ပါက) အနာဂတ်တွင် စျေးထပ်တက်မည် စိုးသောကြောင့် စားသုံးသူများက ကုန်ပစ္စည်းများကို စတင်၍ လှောင်လာကြသောကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုဖြစ်ပေါ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ အပေါင်း လက္ခဏာဆောင်သော သက်ရောက်မှုများ၌ အမည်ခံ လုပ်ခမြင့်မားခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်မှုကို လျှော့ချနိုင်ခြေရှိခြင်း၊ ငွေကြေးဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ရန် ဗဟိုဘဏ်အတွက် လူးသာလွန့်သာ အနေအထား ဖြစ်စေခြင်း၊ ငွေကြေးကိုင်ထားခြင်းထက် ရင်းနှီးမြှုပ်နှံရန်နှင့် ငွေထုတ်ချေးရန် အားပေးမှုကို ဖြစ်စေခြင်း အစရှိသည်တို့ ပါဝင်သည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်းနှင့် အလွန်အကျွံ မြင့်မားခြင်းတို့သည် ငွေကြေးထောက်ပံ့မှု အလွန်အကျွံ ကြီးထွားမှုကြောင့် ဖြစ်ရသည်ဟု ယေဘုယျအားဖြင့် စီးပွားရေးပညာရှင်များက ယုံကြည်ကြသည်။ ယနေ့ခေတ်၌ စီးပွားရေး ပညာရှင်အများစုက ငွေကြေးဖောင်းပွမှုနှုန်း နိမ့်ပါးစွာနှင့် မှန်မှန်ဖြစ်ပေါ်မှုကို ပို၍ကြိုက်နှစ်သက်ကြသည်။ (သုည သို့မဟုတ် အနုတ်မဟုတ်သည့်) နိမ့်းပါးသော ငွေကြေးဖောင်းပွမှုသည် အကျဘက်သို့ ပုံစံတစ်ရပ်၌ လုပ်သားစျေးကွက်ကို ပိုမိုလျင်မြန်စွာ ထိန်းညှိနိုင်ခြင်းဖြင့် စီးပွားရေး ဆုတ်ယုတ်မှု၏ ပြင်းအားကို လျော့ပါးစေခြင်း၊ ငွေပေါ်လွယ်မှု ထောင်ချောက်က ငွေကြေးမူဝါဒအား စီးပွားရေး တည်ငြိမ်ရေးမလုပ်နိုင်အောင် ဟန့်တားနိုင်ခြေကို လျှော့ချပေးခြင်းတို့ ဖြစ်စေနိုင်သည်။ မည်သို့ပင်ဆိုစေ ငွေကြေးဖောင်းပွမှုနှုန်းကို နိမ့်ပါးစွာနှင့် တည်ငြိမ်စွာ ထိန်းထားနိုင်ရေးသည် ငွေကြေးဆိုင်ရာ အာဏာပိုင်များအနေဖြင့် မဖြစ်မနေ  ထမ်းဆောင်ရမည့် တာဝန်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent