ပညာဖြင့် တည်ဆောက်ရမည့် နိုင်ငံတော်

ပညာဖြင့် တည်ဆောက်ရမည့် နိုင်ငံတော်
Published 23 May 2019

ပညာဖြင့် တည်ဆောက်အပ်သော နိုင်ငံတစ်ခုသည် ကမ္ဘာ့အလယ်တွင် တင့်တယ်သည်။ တည်ငြိမ်၍ တိုးတက် စည်ပင်ကာ ခေတ်မီသော နိုင်ငံဂုဏ်သိက္ခာကြီးသော နိုင်ငံအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။ ဆင်းရဲသော တိုင်းပြည်နိုင်ငံများကို ကြည့်လျှင် ခေတ်မမီသော ပညာစနစ်နှင့် လုံးချာ လိုက်နေကြရပေသည်။ ပညာရေး အားနည်း ချိနဲ့သောအခါ ၎င်း၏ အကျိုးဆက်အဖြစ် တိုင်းပြည်သည်လည်း ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်တော့ပေ။ ယင်းကြောင့် တိုင်းပြည် စီးပွားရေးနှင့် အနာဂတ် ရှင်သန်ရေးတို့အတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု ပြုကြသည်။ ပညာရေးတွင် မြှုပ်နှံခြင်းသည် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်သည်။

ဆင်းရဲသော တိုင်းပြည်နှင့် တိုးတက်ဖွံ့ဖြိုးသော တိုင်းပြည်တို့အကြားတွင် ပညာရေး၏ ကွာဟမှုမြင့်မားခြင်းကို တွေ့ရပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် အဓိက လုပ်ဆောင်ကြရသော ကဏ္ဍများတွင် ပညာရေး ကဏ္ဍသည် ထိပ်ဆုံးမ ှပါဝင်သည်ဖြစ်ရာ ပညာရေးကဏ္ဍကို ပြုပြင် ပြောင်းလဲရသည့်အခါ ရေတို ပြုပြင်ပြောင်းလဲမှုနှင့် ရေရှည် ပြုပြင်ပြောင်းလဲမှုတို့ကို ချိန်သားကိုက် လုပ်ဆောင်နိုင်မှသာ သိသာသော ရလဒ်ကို ရပေလိမ့်မည်။ ပညာရေးကဏ္ဍကို ပြောင်းလဲရာ၌ အတိမ်းအစောင်း အနည်းငယ်သည်ပင်လျှင် ကြီးစွာသော သက်ရောက်မှုမျိုးကို ဖြစ်စေနိုင်သည်။ နိုင်ငံရေးသည် ကျောင်းခန်းထဲမှ လာသည်။ တိုင်းပြည်၏ အနာဂတ် ခေါင်းဆောင်များသည် စာသင်ခန်းများအတွင်းမှ ထွက်ပေါ်လာကြသည်။ ထို့ကြောင့် အမြော်အမြင် ကြီးမားသော ခေါင်းဆောင်တိုင်းသည် ပညာရေး တိုးတက်အောင် မဖြစ်မနေ ကြိုးစား လုပ်ဆောင်ကြခြင်း ဖြစ်သည်။

ပညာတတ်များ နေရာရနေသော၊ ပညာရှင်များ ပေါများသော နိုင်ငံသည် ချမ်းသာကြွယ်ဝလေ့ ရှိသည်။ ဆင်းရဲသော တိုင်းပြည်များအနေဖြင့် အနာဂတ်အတွက် ရည်မျှော်၍ ပညာတတ်များကို များနိုင်သမျှ များများ ပေါ်ထွက်စေရန် မွေးမြူတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ပညာမဲ့များသော ပညာသင်ကြားခွင့် ရရှိမှု အခြေအနေ နိမ့်ပါးသော နိုင်ငံသည် ဆင်းရဲမွဲတေသည်။ ယူနက်စကို၏ လေ့လာချက် တစ်ရပ်တွင် ဆင်းရဲမွဲတေမှုနှင့် ပညာသင်ကြားခွင့် ရရှိမှုတို့အကြား ဆက်နွှယ်မ ှုစစ်ဆေးချက် ပါရှိခဲ့သည်။ ယင်းစစ်ဆေးချက်တွင် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်တို့ ပညာရေး မပြီးဆုံးခင် ကျောင်းမှ ထွက်ရသည့်နှုန်း မြင့်မားသောကြောင့် ကမ္ဘာ့ ဆင်းရဲမွဲတေမှုနှုန်းသည်လည်း ကျဆင်းရန် လမ်းမမြင် ဖြစ်ရသည်ဟု ဆိုထားသည်။ ယူနက်စကို၏ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်တွင် ကျောင်းမှ ထွက်ရသည့် ကလေးများ၊ မြီးကောက်ပေါက်အရွယ်နှင့် လူငယ်များသည် ၂၆၄ သန်း ရှိနေသည်။ ယင်းတို့အနက် မူလတန်းကျောင်းမှ ထွက်ရသည့် ကလေး အရေအတွက်သည် ၆၁ သန်း ရှိပြီး အထက်တန်းအဆင့်မှ ထွက်ရသည့် မြီးကောက်ပေါက် အရွယ်သည် ၆၂ သန်းရှိကာ လူငယ်များမှာ ၁၄၁ သန်းရှိသည်။

ကျောင်းမှ ထွက်ခဲ့ရသည့် လူအများစုသည် ပို၍ ဆင်းရဲသော နိုင်ငံများတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း တွေ့ရပြီး ယင်းနိုင်ငံများသည် ယေဘုယျအားဖြင့် ဝင်ငွေပို၍ နိမ့်ပါးသော နိုင်ငံများဖြစ်ကာ အာဖရိက၊ ဗဟိုအာရှနှင့် တောင်အာရှ၊ အရှေ့ပိုင်းအာရှနှင့် အရှေ့တောင် အာရှ၊ အာရှ အနောက်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းဒေသများရှိ နိုင်ငံများ ဖြစ်ကြသည်။ သေချာသည်မှာ ပညာရေးနှင့် ယင်းပညာရေးကို ရရှိနိုင်မှု အခွင့်အလမ်း နိမ့်ပါးခြင်းက စီးပွားရေးဆိုင်ရာ တိုးတက် ဖြစ်ထွန်းစေမှုအပေါ် အတားအဆီး ဖြစ်နေပေသည်။ ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှု မရှိလျှင် ဆင်းရဲမွဲတေမှု လျှော့ချရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဖွံ့ဖြိုးမှု နှောင့်နှေးနေသည့် မြန်မာနိုင်ငံတွင်လည်း ပညာရေးကဏ္ဍကို မလွဲမသွေ ပြုပြင်ရန် လိုအပ်နေပေသည်။

ပညာရေးသည် အရေးကြီးပြီး ပညာရည် မြင့်မားသော တိုင်းပြည်တွင် ပြည်သူများ၏ ပျော်ရွှင်၍ တည်ငြိမ်သော ဘဝတွေ ဖန်တီးပေးနိုင်မည်။ အနာဂတ်အတွက် အာမခံချက် ပေးနိုင်မည်။ ဝင်ငွေမြင့်မားပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပို၍ များပြားသည်။ တန်းတူညီမျှ အခွင့်အရေးပေးသည့် တရားမျှတမှု ပိုမို ဖြစ်ထွန်းစေပြီး ဆင်းရဲချမ်းသာနှင့် လူတန်းစား ခြားနားမှုကို ဖယ်ရှားနိုင်မှု အားကောင်းစေသည်။ ထို့ပြင် ဘဝ ရည်မှန်းချက်များနှင့် စိတ်ကူး ပုံဖော်လိုမှုများအတွက် အထောက်အပံ့ ဖြစ်စေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း အရေးကြီးသော ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာ၌ စမ်းသပ်ခံ ကာလများဖြင့်သာ အဆုံးမသတ်သွားရန် သတိပြုသင့်ပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ရေတိုရေရှည် စီမံကိန်းများဖြင့် မှန်ကန် သင့်တော်သော မူဝါဒများ ချမှတ်နိုင်ရန်အတွက် ဘက်ပေါင်းစုံမှ လေ့လာ အကဲဖြတ်၍ ပြုပြင် ဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်း ရေးသားအပ်ပါသည်။

မေ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent