ဟင်္သာတ၌ ပြုလုပ်ခဲ့သည့် သူရဦးရွှေမန်း၏ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ တွေ့ဆုံပွဲမှာ UEC ၏ ညွှန်ကြားချက်နှင့် ကိုက်ညီမှု မရှိသဖြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲက တိုင်းကော်မရှင်အဖွဲ့ခွဲထံ တင်ပြ

ဟင်္သာတ၌ ပြုလုပ်ခဲ့သည့် သူရဦးရွှေမန်း၏ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ တွေ့ဆုံပွဲမှာ UEC ၏ ညွှန်ကြားချက်နှင့် ကိုက်ညီမှု မရှိသဖြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲက တိုင်းကော်မရှင်အဖွဲ့ခွဲထံ တင်ပြ
Published 21 May 2019
အောင်ကျော်မျိုး (ဟင်္သာတ)

သူရဦးရွှေမန်း၏ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဟင်္သာတ၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ညွှန်ကြားချက်နှင့် ကိုက်ညီမှု မရှိသဖြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ တိုင်းကော်မရှင် အဖွဲ့ခွဲထံ တင်ပြထားကြောင်း သိရသည်။

သူရဦးရွှေမန်း အပါအဝင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တာဝန်ရှိသူများနှင့် ဒေသခံများ တွေ့ဆုံပွဲကို ဟင်္သာတမြို့ ဟုန်စံစီခန်းမ၌ မေ ၁၇ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေး ပါတီများ ပါတီဝင် အင်အားစုဆောင်း ရရှိရေး ဆောင်ရွက်ရာမှာ သတ်မှတ်သည့် နေရာတွင် စုဝေးခြင်းနှင့် ဟောပြော တင်ပြခြင်း၊ ရေးသား ပုံနှိပ်ထုတ်ဝေ တင်ပြခြင်းတို့ကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရဲ့ ခွင့်ပြုချက်ကို ရယူ ဆောင်ရွက်ရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက် အမှတ် ၂/၂၀၁၀ မှာ ဖော်ပြထားပါတယ်။ အနည်းဆုံး ခုနစ်ရက် ကြိုတင်ပြီးတော့ ခရိုင်ကော်မရှင်အဖွဲ့ခွဲ ရုံးစိုက်ရာ နေရာဆိုရင် ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးမှာ ခွင့်ပြုမိန့် လျှောက်ထားရမှာ ဖြစ်ပါတယ်။ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဟင်္သာတမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက် အမှတ် ၂/၂၀၁၀ ကို လိုက်နာ ဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် တိုင်းကော်မရှင် အဖွဲ့ခွဲက သိရှိနိုင်ဖို့နဲ့ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ဖို့ တင်ပြထားပါတယ်” ဟု ဟင်္သာတခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူက ပြောကြားသည်။

ဟင်္သာတမြို့၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ ဦးကိုကိုနိုင်က “ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးလှုပ်ရှားတဲ့ ပါတီအဖြစ်နဲ့ မှတ်ပုံတင်ခွင့် ရရှိတာ ဖြစ်တဲ့အတွက် ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးလှုပ်ရှားဖို့လည်း တရားဝင် ခွင့်ပြုမိန့်ကျပြီးတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ အခုလို ပြည်နယ်နဲ့ တိုင်းတွေကို လှည့်လည်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံ၊ ပြည်သူတွေရဲ့ အကြံပြုချက်တွေ၊ ပြည်သူတွေရဲ့ လိုလားဆန္ဒတွေ ဒါတွေကို နားထောင်၊ ကိုယ့်ပါတီရဲ့ အစီအစဉ်နဲ့ သွားမယ့် လမ်းကြောင်းကိုလည်း မိတ်ဆက် ရှင်းလင်း ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြားသည်။

Most Read

Most Recent