ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ငါးရုံ ပြင်ဆင် အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးယူရန်  ပြည်ထောင်စုလွှတ်တော် အတည်ပြု

ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ငါးရုံ ပြင်ဆင် အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးယူရန်  ပြည်ထောင်စုလွှတ်တော် အတည်ပြု
မေ ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (Photo: Pyidaungsu Hluttaw Facebook)
မေ ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (Photo: Pyidaungsu Hluttaw Facebook)
Published 17 May 2019
   စိုင်းမင်းထိုက်၊ စည်သူ

ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ငါးရုံ ပြင်ဆင် အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးယူရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် အထက်ပါ ချေးငွေကိစ္စအား နေပြည်တော်၌ မေ ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပြီး လွှတ်တော် အဆုံးအဖြတ်ရယူ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းချေးငွေနှင့် ပတ်သက်၍ ပထမ လုပ်ငန်းအနေဖြင့် လုပ်ငန်းတစ်ခုလုံး ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ ငှားရမ်းနိုင်ရန်၊ တင်ဒါ ခေါ်ယူရန် ပြင်ဆင် ဆောင်ရွက်ခြင်းနှင့် တင်ဒါ ခေါ်ယူခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ကာ ဒုတိယလုပ်ငန်း အနေဖြင့် ရွေးချယ်ခံရသော အတိုင်ပင်ခံမှ စက်ရုံ ငါးရုံကို အလုံးစုံပြင်ဆင် မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါပြုစုခြင်း၊ တင်ဒါ ခေါ်ယူခြင်း၊ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီမှ လုပ်ငန်း ဆောင်ရွက်ခြင်း စသည်တို့ကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ထို့ပြင် တတိယလုပ်ငန်း အနေဖြင့် ရေလှောင်တမံများအတွက် လေ့လာ စူးစမ်း စောင့်ကြည့်မှုစနစ်နှင့် ပစ္စည်းကိရိယာများ တပ်ဆင်ခြင်း၊ ရေဝင်ရောက်မှု အခြေအနေ၊ ဘူမိ အခြေအနေများ လေ့လာခြင်း၊ အရေးပေါ် အခြေအနေများအတွက် အစီအစဉ်များ လေ့လာမှု ဆောင်ရွက်ခြင်းတို့ ပါဝင်မည် ဖြစ်ကာ ယခု စီမံကိန်း မစတင်မီကပင် AFC မှ ပညာရှင်များအဖွဲ့နှင့် ဝန်ကြီးဌာနအဖွဲ့များ ပူးပေါင်း၍​ အဆိုပြု ဆောင်ရွက်မည့် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများနှင့် ရေလှောင်တမံများသို့ ကွင်းဆင်း သွားရောက်ပြီး အကြိုစူးစမ်း လေ့လာမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ပြင်သစ်ချေးငွေနှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့က ဧပြီ ၃၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ကာ အတည်ပြုရန် စက်ခလုတ်နှိပ် အသုံးပြုသောနည်းဖြင့် လွှတ်တော် သဘောထား ရယူရာတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ ၆၀၆ ဦးတွင် ထောက်ခံဆန္ဒမဲ ၅၄၆ မဲ၊ ကန့်ကွက်မဲ ခုနစ်မဲ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြင်သစ် ချေးငွေဖြင့် ပဲခူးတိုင်းဒေသကြီး ရဲနွယ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ဇောင်းတူ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ မကွေးတိုင်းဒေသကြီး မုန်းချောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ၊ မန္တလေးတိုင်းဒေသကြီး ကင်းတား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် စစ်ကိုင်းတိုင်းဒေသကြီး သဖန်းဆိပ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စုစုပေါင်း ငါးရုံကို ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်ပြစဉ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး စီမံကိန်း တစ်ခုလုံးအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုကို Tractebel Engineering အဖွဲ့က ပထမအကြိမ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ လည်းကောင်း၊ ဒုတိယအကြိမ်ကို ယင်းအဖွဲ့ကပင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ လည်းကောင်း၊ တတိယအကြိမ် အနေဖြင့် ISL Engineering ကုမ္ပဏီက ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့ကြောင်းနှင့် စီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ငါးနှစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် စီမံကိန်းကို အဓိက တာဝန်ခံ၍ ဆောင်ရွက်မည့် ဌာနသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ထိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနကရယူခဲ့သည့် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၆၂၀၂ ဒသမ ၀၃၆ သန်းတွင် ပေးဆပ်ရန် လက်ကျန်မှာ အမေရိကန်ဒေါ်လာ ၃၀၂၆ ဒသမ ၇၉၄ သန်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ပြည်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ  (French Development Agency - AFD) ချေးငွေဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များအရ ဆိုင်းငံ့ကာလ ခုနစ်နှစ်၊ ပြန်ဆပ်ကာလ ၁၃ နှစ် စုစုပေါင်း ချေးငွေသက်တမ်း ၂၀ နှစ်ဖြစ်ပြီး အတိုးနှုန်းသည် တစ်နှစ်လျှင်  EURIBOR-40 bps ဖြစ်ကာ EURIBOR ဆိုသည်မှာ ဥရောပသမဂ္ဂဘဏ် အချင်းချင်း ချေးငွေအပေါ် သတ်မှတ်သည့် အတိုးနှုန်းအပေါ် အခြေခံ၍ European Money Market Institute မှ နေ့စဉ် ထုတ်ပြန်သော အတိုးနှုန်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က တင်ပြခဲ့သည်။

European Interbank Offered Rate ခြောက်လ ချေးငွေအပေါ် အတိုးနှုန်းမှ ၀ ဒသမ ၄ နုတ်ရန်ဟု အဓိပ္ပာယ်ရပြီး AFD နှင့် ညှိနှိုင်းတွက်ချက်မှုအရ ၎င်းတို့နှင့် ဆွေးနွေးစဉ်အချိန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလခန့်တွင် အတိုးနှုန်းမှာ ၀ ဒသမ ၆၈ ရာခိုင်နှုန်းခန့်ရှိကာ ယခုစီမံကိန်း ချေးငွေ၏ Grant Element ကို တွက်ချက်ရာ ၄၃ ဒသမ ၉ ရာခိုင်နှုန်း ရရှိသည့်အတွက် သက်သာမှု ရှိသော ချေးငွေ (Concessional Loan) ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။      

Most Read

Most Recent