NCA ရေးထိုးခဲ့သည်မှာ လေးနှစ်နီးပါးရှိပြီ ဖြစ်သော်လည်း ဒီမိုကရက်တစ်ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပုံစံတစ်ခုကို မဖော်ထုတ်နိုင်သေးခြင်းသည် မိမိတို့ အားနည်းချက်ဖြစ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်ကြရန် ALP ဒုတိယဥက္ကဋ္ဌ တိုက်တွန်း

NCA ရေးထိုးခဲ့သည်မှာ လေးနှစ်နီးပါးရှိပြီ ဖြစ်သော်လည်း ဒီမိုကရက်တစ်ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပုံစံတစ်ခုကို မဖော်ထုတ်နိုင်သေးခြင်းသည် မိမိတို့ အားနည်းချက်ဖြစ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်ကြရန် ALP ဒုတိယဥက္ကဋ္ဌ တိုက်တွန်း
NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး တတိယမြောက်နေ့အား  မေလ ၁၆ ရက်က ချင်းမိုင်မြို့တွင် ပြုလုပ်နေစဉ် (ဓာတ်ပုံ-NCA-SEAO)
NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး တတိယမြောက်နေ့အား  မေလ ၁၆ ရက်က ချင်းမိုင်မြို့တွင် ပြုလုပ်နေစဉ် (ဓာတ်ပုံ-NCA-SEAO)
Published 16 May 2019
မောင်ထူး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးခဲ့သည်မှာ လေးနှစ်နီးပါး ရှိပြီဖြစ်သော်လည်း ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပုံစံ တစ်ခုကို မဖော်ထုတ်နိုင်သေးခြင်းသည် မိမိတို့ အားနည်းချက်ဖြစ်ပြီး တည်ဆောက်ရေးဆိုင်ရာ ပုံစံတစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော်ကြရန်  ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က  မေ ၁၆ ရက်တွင် တိုက်တွန်း ပြောကြားသည်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေ ၁၄ ရက်မှ စတင်ပြုလုပ်နေသည့် NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး တတိယမြောက်နေ့၌ အစည်းအဝေး သဘာပတိ မိန့်ခွန်းပြောကြားရာတွင် ခိုင်စိုးနိုင်အောင်က အထက်ပါအတိုင်း ထည့်သွင်း ပြောဆို ခြင်းဖြစ်ကြောင်း NCA-SEAO ရုံးက သတင်းထုတ်ပြန်သည်။

“NCA ကို လက်မှတ်ရေးထိုးတာ လေးနှစ်နီးပါး ရှိပြီဖြစ်ပါတယ်။ ကျွန်တော်တို့ EAO (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း) တွေ လိုချင်တဲ့ ဒီမိုကရက် တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပုံစံ တစ်ခုကို မဖော်ထုတ်နိုင်သေးတာဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်တစ်ခု ဖြစ်နေတယ်လို့ ပြောချင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ပုံစံတစ်ခုကို ကျွန်တော်တို့ အားလုံး အမြန်ဆုံး အကောင်အထည ်ဖော်ကြဖို့ ဤထိပ်သီး အစည်းအဝေးက  ဆုံးဖြတ်ချက် ချသင့်ကြောင်း ပြောကြားလိုပါတယ်”ဟု ALP ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ပြောကြားသည်။

ထို့ပြင် အချို့အဖွဲ့အစည်းများကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပြုပြီး အချို့အဖွဲ့အစည်းများကို အကြောင်းအမျိုးမျိုးပြကာ တားဆီး ပိတ်ပင်ခဲ့ခြင်းသည် NCA ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အစိုးရက အထူးသဖြင့် တပ်မတော်က အချို့အဖွဲ့အစည်းတွေကို အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့်ပြုပြီး အချို့အဖွဲ့အစည်းတွေကိုတော့ အကြောင်းအမျိုးမျိုးပြကာ ပိတ်ပင်ခဲ့ပါတယ်။ အဲဒီလို တားဆီး ပိတ်ပင်ခဲ့တာဟာ NCA ကို ချိုးဖောက်တာပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ရဲ့ ညီညွတ်ရေး တည်ဆောက်မှုကို အကဲခတ်နိုင်ပါတယ်” ဟု ခိုင်စိုးနိုင်အောင်က ပြောကြားသည်။

ကနဦး NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့အနက် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လက်ရှိအချိန်ထိ ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပေ။

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်၊ ပြည်တွင်း ပဋိပက္ခသမိုင်းကို လေ့လာကြည့်သည့် အခါတွင် ဘုံအကျိုးစီးပွား၊ ဘုံ သဘောတူညီချက်များကို အဓိကနေရာတွင် မထားဘဲ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်အတွက် နှစ်ပေါင်း ၇၀ ကျော် ရှည်ကြာခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအဖြစ်အပျက်ကို သင်ခန်းစာအဖြစ်ထားပြီး ဘုံအကျိုးစီးပွား၊ ဘုံသဘောတူညီချက်များ အပေါ်တွင် အခိုင်အမာ ရပ်တည်ကာ ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အလေးအနက် တိုက်တွန်း အကြံပြုအပ်သည်ဟု ခိုင်စိုးနိုင်အောင်က ပြောကြားသည်။

“NCA ဟာ EAO ၁၆ ဖွဲ့မှ ကိုယ်စားလှယ်တွေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်တွေ အပြန်အလှန် ဆွေးနွေးပြီး သဘောတူညီမှုက ရရှိလာတဲ့ စာချုပ်တစ်ခု ဖြစ်တယ် ဆိုတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ NCA မှာပါတဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်မှု ရှိနေရင် NCA ဘောင်အတွင်းက ပြုပြင် ပြောင်းလဲသွားကြဖို့ အလေးအနက် အကြံပြု တိုက်တွန်းအပ်ပါတယ်” ဟု ခိုင်စိုးနိုင်အောင်က ပြောကြားသည်။

NCA စာချုပ်ကြောင့် အားလုံး နိုင်ငံရေး ဆွေးနွေးခွင့် ရရှိနေခြင်း ဖြစ်ကြောင်း၊ ထိုနိုင်ငံရေး ဆွေးနွေးခွင့်များကို ရပ်တန့် မသွားအောင် သတိထားကြရန်နှင့် EAO များ၏ ညီညွတ်ရေးကိုလည်း တည်ဆောက်ကြရန် အလေးအနက် အကြံပြု တိုက်တွန်းကြောင်း ခိုင်စိုးနိုင်အောင်က ဆိုသည်။       

Most Read

Most Recent