မြန်မာ့မွေးမြူရေးငါး မေ ၁ ရက်မှစ၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခွင့်ရမည်

မြန်မာ့မွေးမြူရေးငါး မေ ၁ ရက်မှစ၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခွင့်ရမည်
Published 25 April 2019
သိင်္ဂီဝင်းတင်

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ မေ ၁ ရက်မှစတင်ပြီး မြန်မာ့မွေးမြူရေးငါး တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန်အရည်အသွေးစစ်ဆေးရေးဌာနစု တာဝန်ခံဒုတိယ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။

EU နိုင်ငံများသို့ မွေးမြူရေးငါး တင်ပို့ခွင့်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်က EU Website တွင် ကြေညာထားသော်လည်း အဆိုပါနိုင်ငံများ၏ လိုအပ်ချက်အတိုင်း လုပ်ကိုင်ရသည့် အပိုင်းများရှိသဖြင့် မေ ၁ ရက်မှ စတင်ပြီး မွေးမြူရေးငါးများ တင်ပို့ခွင့်ရမည်ဖြစ်ပြီး အီးယူ Website  တွင်လည်း တင်ပို့ခွင့်ရကြောင်း ဧပြီ ၁၈ ရက်က ဖော်ပြထားသည်ဟု သိရသည်။

“မွေးမြူရေးငါး တင်ပို့ခွင့်ရဖို့ဆိုတာ တော်တော်လေးခက်ပါတယ်။ အာရှမှာတောင်မှ တင်ပို့ခွင့်ရရှိတဲ့နိုင်ငံ နည်းနည်းပဲရှိတယ်။ အီးယူအတွက်ကို စျေးကွက်ပိုပွင့်တဲ့အတွက် ပြည်ပတင်ပို့မှု ပိုတက်လာမယ်လို့ မျှော်လင့်တယ်။ သဘာဝငါးကို တင်ပို့တာလည်း ရာခိုင်နှုန်း နည်းနည်းပဲရှိတယ်” ဟု ဦးသက်နိုင်က ပြောကြားသည်။

လက်ရှိတွင် သဘာဝမှရရှိသည် မွေးမြူရေးငါးများကို စက်ရုံ ၂၃ ရုံမှ တင်ပို့လျက်ရှိပြီး အဆိုပါစက်ရုံများမှ ၁၇ ရုံသည် သဘာဝမှ ရရှိသည့်ငါးအပြင် မွေးမြူရေးငါးပါ တင်ပို့ခွင့်ရရှိရန် စစ်ဆေးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

“အီးယူနိုင်ငံကို မွေးမြူရေးငါး တင်ပို့ခွင့်ရဖို့က ၂၀၁၄၊ ၂၀၁၅ ကတည်းက ကြိုးစားနေတာ နှစ်တိုင်းကို အမျိုးသားဓာတ်ကြွင်း စောင့်ကြည့်မှုအစီအစဉ်ကို ဘရပ်ဆဲအထိ တင်ပြပြီးတော့ နှစ်တိုင်း မတ် ၃၁ ရက်မတိုင်ခင်ကို နှစ်စဉ်ထုတ်ကုန်စာရင်းနဲ့ လာမယ့်နှစ် အစီအစဉ်ကို အမြဲတမ်းတင်တယ်။ လေးနှစ် လောက်လုပ်ပြီးနောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က မြန်မာနိုင်ငံ မွေးမြူရေးငါးတွေကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ပို့လို့ရတယ်ဆိုတာကို သူတို့ Website မှာ ကြေညာတယ်” ဟု ဦးသက်နိုင်က ပြောကြားသည်။

သဘာဝမှရရှိသည့် မွေးမြူရေးငါးများကို ၂၀၁၇ ခုနှစ်ကတည်းက အီးယူနိုင်ငံပေါင်း ၂၈ နိုင်ငံမှ ၁၀ နိုင်ငံကို ငါး၊ ပုစွန်တင်ပို့ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ငါး၊ ပုစွန်တင်ပို့မှုတွင် ငါးအများဆုံးတင်ပို့နိုင်ခဲ့ရာ တန်ချိန် တစ်သောင်းကျော်နှင့် တန်ဖိုးအားဖြင့် ဒေါ်လာ သန်း၂၀ ကျော် တင်ပို့နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မေ ၁ ရက်တွင် စတင်တင်ပို့မည့် မွေးမြူရေးငါး ၁ဝမျိုးမှာ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ခေါင်းပွ၊ ရွှေဝါ၊ ငါးတန်၊ ငါးခုံးမကြီး၊ တီလားဗီးရား၊ ပုစွန်ကြား၊ ပုစွန်ဖြူ၊ ဂဏန်းပျော့ဖြစ်ပြီး UK ၊ အီတလီ၊ ပြင်သစ်၊ ဆိုက်ပရပ်စ်၊ နယ်သာလန်၊ ဆွီဒင်၊ ဂရိ၊ ဘယ်ဂျီယံ၊ ဂျာမနီစသည့် နိုင်ငံများကို တင်ပို့မည်ဟု သိရသည်။

 

Most Read

Most Recent