တရုတ်၊ ဟောင်ကောင်နှင့် မြန်မာပါဝင်သည့် ကုမ္ပဏီအုပ်စုက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်စက်မှုဇုန်ကို ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်

တရုတ်၊ ဟောင်ကောင်နှင့် မြန်မာပါဝင်သည့် ကုမ္ပဏီအုပ်စုက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်စက်မှုဇုန်ကို ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်နေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို ပြီးခဲ့သည့်နှစ်က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်နေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို ပြီးခဲ့သည့်နှစ်က တွေ့ရစဉ်
Published 25 April 2019
နီလာ

တရုတ်၊ ဟောင်ကောင်နှင့် မြန်မာပါဝင်သည့် ကုမ္ပဏီအုပ်စုက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်စက်မှုဇုန်ကို ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ပြောကြားသည်။

“ဒေါ်လာ သန်း ၅၀၀ ဝန်းကျင်ရှိတဲ့ စီမံကိန်းက ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်းရဲ့ စည်ပင်သာယာဧရိယာပြင်ပ မြို့နယ် ၁၂ မြို့နယ် ရှိပါတယ်။ ကိုကိုးကျွန်းမြို့နယ်ဖယ်လိုက်ရင် ၁၁ မြို့နယ်ရှိပါတယ်။ အဲဒီ ၁၁ မြို့နယ်မှာ ဧက ၁၀၀၀ စီမံကိန်းတွေကို အကောင်အထည်ဖော်ထားတာရှိပါတယ်။ အဲဒီဧက ၁၀၀၀ စီမံကိန်းတွေ အကောင်အထည်ဖော်ထားတဲ့အထဲမှာ ထန်းတပင်မှာရှိတဲ့ စက်မှုဇုန်ကို ဟောင်ကောင်၊ ထိုင်ဝမ်က ရင်းနှီးမြှုပ်နှံဖို့အတွက် MoU ထိုးမှာဖြစ်ပါတယ်” ဟု နော်ပန်းသဥ္ဇာမျိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားသောစက်မှုဇုန်များတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန်အတွက် စိတ်ဝင်စားနေသည့် ရင်းနှီးမြှုပ်နှံသူများရှိကြောင်း၊ သို့သော်လည်း နှစ်ဖက်နားလည်မှုစာချွန်လွှာရေးထိုးသည့် အဆင့်သို့ မရောက်သေးဘဲ ဆွေးနွေးနေဆဲ အဆင့်သာရှိသေးကြောင်း သိရသည်။

ထန်းတပင်စက်မှုဇုန်နှင့်ပတ်သက်သည့် MoU ကိုမူ မေ ၁၀ ရက်နှင့် ၁၁ ရက်တွင် ရန်ကုန်မြို့တွင်ကျင်းပမည့် Yangon Investment Form 2019 အတွင်း လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲမှာတော့ ထန်းတပင်စက်မှုဇုန်နဲ့ ပတ်သက်ပြီး MoU ထိုးဖို့ အစီအစဉ်ရှိပါတယ်။ ဒီစက်မှုဇုန်က အချိန်ကြာမြင့်မှုဆိုရင် Development Time က ကိုးနှစ်လောက်ကြာမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှုကို တစ်သိန်းခွဲလောက် မှန်းပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာသန်း ၅၀၀ လောက် ခန့်မှန်းထားတယ်။ Phase ကို နှစ်ခုခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မေ ၁၀ ရက်မှာ MoU ထိုးမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၅ ရက်အထိ ခြောက်လကျော်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာနှစ်ဘီလျံကျော်အထိ ဝင်ရောက်ထားကြောင်း ဧပြီ ၂၃ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ ဧပြီ ၅ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု /အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄၇ ခု၊ ရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃၈၅ ဒသမ ၃၆၂ သန်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏက ဒေါ်လာ ၁၉၀၉ ဒသမ ၂၀၀ သန်း ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၅ ရက်အထိ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၂၁ ဒသမ ၀၇၀ သန်း ဖြစ်သည်ဟု သိရသည်။

သို့ဖြစ်ရာ လက်ရှိဘဏ္ဍာနှစ် ဧပြီ ၅ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၀၃၀ ဒသမ ၂၇ သန်း ဝင်ရောက်ထားကြောင်း သိရသည်။       

Most Read

Most Recent