ခြောက်လကျော်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလျံကျော် ဝင်ရောက်

ခြောက်လကျော်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလျံကျော် ဝင်ရောက်
Published 25 April 2019

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၅ ရက်အထိ ခြောက်လကျော်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ နှစ်ဘီလျံကျော် ဝင်ရောက်ထားကြောင်း ဧပြီ ၂၃ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ ဧပြီ ၅ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄၇ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃၈၅ ဒသမ ၃၆၂ သန်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ က ဒေါ်လာ ၁၉၀၉ ဒသမ ၂၀၀ သန်း ဖြစ်ပါတယ်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၅ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၂၁ ဒသမ ၀၇၀ သန်း ဖြစ်သည်ဟု သိရသည်။

သို့ဖြစ်ရာ လက်ရှိဘဏ္ဍာနှစ် ဧပြီ ၅ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၀၃၀ ဒသမ ၂၇ သန်း ဝင်ရောက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၅/၂၀၁၉) ကို ၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်က ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း တစ်ခု၊ အတည်ပြုလုပ်ငန်း ၂၁ ခု ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အဆိုပြုလုပ်ငန်း တစ်ခုနှင့် အတည်ပြုလုပ်ငန်း တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း ၁၅ ခု၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း သုံးခု၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း တစ်ခုနှင့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း တစ်ခု ခွင့်ပြုခဲ့သဖြင့် အဆိုပါ အစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်း ၂၂ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅၃ ဒသမ ၂၇၁ သန်းကို ခွင့်ပြု/ အတည်ပြုပေးခဲ့သည်။

အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၁၆၈ ဦးကို ဖန်တီးပေးမည်ဖြစ်ပြီး ခွင့်ပြု/အတည်ပြုလုပ်ငန်း ၂၂ ခုမှာ စက်မှုကဏ္ဍမှ အခု ၂၀၊ ဟိုတယ်ကဏ္ဍမှ တစ်ခုနှင့် အခြားကဏ္ဍမှ တစ်ခုတို့ ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံအထိ ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။

 

Most Read

Most Recent