လီဗာပူးလ်အသင်းကို ပေါင်(၂)ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်

လီဗာပူးလ်အသင်းကို ပေါင်(၂)ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်
Published 24 August 2018

photo: AFP

လီဗာပူးလ်အသင်းကို ပြီးခဲ့သည့်ရာသီက ပေါင်(၂)ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။လီဗာပူးလ်အသင်းကို ပြီးခဲ့သည့်ရာသီက ပေါင်(၂)ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်၏ ညီအစ်ကိုဝမ်းကွဲတစ်ဦးဖြစ်သော ရှိတ်ခါလက်သည် လီဗာပူးလ်အသင်းကို ဝယ်ယူရန် ၂၀၁၇ ခုနှစ်တွင် စတင်ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်အစောပိုင်းအထိ ထပ်မံကြိုးပမ်းခဲ့ကြောင်းလည်း သိရှိရသည်။

Sheik Khaled (Photo: AFP)

ရှိတ်ခါလက်သည် ပင်လယ်ကွေ့ဒေသ၏ အအောင်မြင်ဆုံး စီးပွားရေးသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ပရီးမီးယားလိဂ်ဘောလုံးလောကတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်အားထက်သန်နေသူဖြစ်သည်။ ရှိတ်ခါလက်သည် လီဗာပူးလ်အသင်းကို ပေါင်(၂)ဘီလီယံဖြင့် ကမ်းလှမ်းခဲ့ခြင်းမှာ ဘောလုံးလောကတွင် တန်ဖိုးအကြီးဆုံး ကမ်းလှမ်းမှုဖြစ်ခဲ့ကြောင်း လည်းသိရှိရသည်။  လီဗာပူးလ်အသင်း၏ ပိုင်ရှင်များသည် ရှိတ်ခါလက်၏ ကိုယ်စားလှယ်အဖွဲ့ကို နယူးယောက်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း အလုံးစုံရောင်းချရန် ဆန္ဒမရှိ သည့်အတွက် အရောင်းအဝယ်မဖြစ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

လီဗာပူးလ်အသင်းကို လက်ရှိပိုင်ဆိုင်ထားသော FSG က ရင်းနှီးမြှုပ်နှံမှုအသစ်များကို အလိုရှိသော်လည်း အသင်းကို ရောင်းထုတ်လိုခြင်း မရှိကြောင်း သိရှိရသည်။ သို့သော် ရှိတ်ခါလက်သည် လီဗာပူးလ်အသင်းကို ဝယ်ယူရန် ဆက်လက်ကြိုးပမ်းသွားဖွယ်ရှိနေပြီး ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားရန် စီစဉ်နေဆဲဖြစ်ကြောင်း သိရှိရသည်။ ရှိတ်ခါလက်သည် တရုတ်နိုင်ငံမှ စီးပွားရေးသမားများနှင့် ပူးပေါင်းကာ လီဗာပူးလ်အသင်းကို ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး ပိုမိုမြင့်မားသည့် ပမာဏဖြင့် ကမ်းလှမ်းလာဖွယ်ရှိနေကြောင်းလည်း ဗြိတိန်မီဒီယာများက သုံးသပ်လျက်ရှိသည်။  လီဗာပူးလ်အသင်းကို လက်ရှိအချိန်တွင် အမေရိကန်လုပ်ငန်းရှင်များက ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့စဉ်က ပေါင်သန်း(၂၈၀)ဝန်းကျင်သာ အသုံးပြုခဲ့ရကြောင်းလည်း သိရှိရသည်။