မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကပ်ရောဂါခံစားနေရသော ဆင်းရဲနွမ်းပါးသော ဝေဒနာရှင်များအား အနုပညာရှင်များပါဝင်သည့် မေတ္တာသင်္ဂဟအဖွဲ့က အလှူငွေသွားရောက်လှူဒါန်းမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကပ်ရောဂါခံစားနေရသော ဆင်းရဲနွမ်းပါးသော ဝေဒနာရှင်များအား အနုပညာရှင်များပါဝင်သည့် မေတ္တာသင်္ဂဟအဖွဲ့က အလှူငွေသွားရောက်လှူဒါန်းမည်
Published 2 January 2018

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကပ်ရောဂါခံစားနေရသည့် ဆင်းရဲ နွမ်းပါးသော ဝေဒနာရှင်များအား အနုပညာရှင်များ ပါဝင်သည့် မေတ္တာသင်္ဂဟအဖွဲ့က အလှူငွေသွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုကို ဇန်နဝါရီ ၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၌ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မေတ္တာသင်္ဂဟအဖွဲ့ရဲ့ နှစ်သစ်အလှူကို ဇန်နဝါရီ ၄ ရက်မှာ ပြုလုပ်သွားမှာပါ။ ဒီတစ်ခါလှူဒါန်းမှာက မန္တလေးတိုင်းဒေသကြီးက ကျောက်ကပ်ရောဂါဝေဒနာ ခံစားနေရတဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် လှူဒါန်းသွားမှာပါ။ အလှူငွေတွေလည်း ရရှိထားပြီးပါပြီ။ ထပ်မံရရှိလာတဲ့ အလှူငွေတွေအားလုံးစုပေါင်းပြီး ကိုယ်တိုင်သွားရောက် လှူဒါန်းကြမှာဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်အတိုင်းပဲ လိုအပ်တဲ့နေရာတွေမှာ လိုအပ်တဲ့သူတွေကို လှူဒါန်းတာဖြစ်ပါတယ်။ နောက်ထပ်လည်း လစဉ်လှူဒါန်းမှုတွေ ပြုလုပ်သွားဦးမှာပါ။ နှစ်သစ်မှာကျန်းမာရွှင်လန်းစွာနဲ့ လိုရာဆန္ဒတွေအားလုံးပြည့်ဝကြပါစေ။ ဘေးအန္တရာယ်ကင်းရှင်းပြီး ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။” ဟု သရုပ်ဆောင် အကယ်ဒမီခန့်စည် သူက ဆိုသည်။

မေတ္တာသင်္ဂဟအဖွဲ့အား အနုပညာရှင်များနှင့် စေတနာရှင်များစုပေါင်းဖွဲ့စည်းကာ အမှန်တကယ်လိုအပ်နေသည့်နေရာများကို လစဉ်ရွေးချယ်ကာ လှူဒါန်းမှုများပြုလုပ်နေခြင်းဖြစ်သည်။ နေရာအများအပြားအား ခွဲဝေလှူဒါန်းမှုများပြုလုပ်ပြီးဖြစ်ကာ ယခုအခါ ၂၀၁၈ နှစ်သစ်အလှူအဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကပ်ရောဂါ ခံစားနေရသော ဆင်းရဲနွမ်းပါးသူများအတွက် အထောက်အပံ့ဖြစ်စေရန် ငွေကြေးလှူဒါန်းရန် စီစဉ်ထားခြင်းဖြစ်သည်။ မေတ္တာသင်္ဂဟ အဖွဲ့ဝင်များအနေဖြင့် ကိုယ်တိုင်သွားရောက် လှူဒါန်းကြရန်လည်း စီစဉ်ထားကြောင်း သိရသည်။

မေတ္တာသင်္ဂဟအဖွဲ့မှ လှူဒါန်းမှုများ ပြုလုပ်ရာတွင် ရန်ကုန်ဆေးရုံကြီး၊ အင်းစိန် အကျဉ်းထောင်၊ စိတ်ကျန်းမာရေးဆေးရုံ၊ ရေအခက်အခဲဖြစ်သည့်နေရာများ စသည့် လိုအပ်သည့်နေရာများအား ခွဲဝေလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ၂၀၁၈ နှစ်သစ်အလှူအတွက်လည်း အလှူငွေများအား အနုပညာရှင်များသာမက စေတနာရှင်များကပါ ပါဝင်လှူဒါန်းလျက်ရှိနေပြီး ထပ်မံပါဝင်လှူဒါန်းလိုသူများအနေဖြင့်လည်း လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။