အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ အင်အား စုဆောင်းခြင်း၊ စီတန်း လှည့်လည်ခြင်း၊ စည်းရုံး ဟောပြောခြင်း ပြုလုပ်သည်ဟု ဆိုကာ အရေးယူပေးရန် အောင်လံမြို့နယ် NLD ပါတီဥက္ကဋ္ဌက မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား

အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ အင်အား စုဆောင်းခြင်း၊ စီတန်း လှည့်လည်ခြင်း၊ စည်းရုံး ဟောပြောခြင်း ပြုလုပ်သည်ဟု ဆိုကာ အရေးယူပေးရန် အောင်လံမြို့နယ် NLD ပါတီဥက္ကဋ္ဌက မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား
Published 5 July 2018

ဇူလိုင် ၂ ရက်က အောင်လံမြို့နယ်ပြလို့ ကျေးရွာရှစ်မျက်နှာ ကျောင်းတိုက်သာသနာ့ ဗိမာန်တွင် ပြုလုပ်သည့် အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ အင်အား စုဆောင်းခြင်း၊ စီတန်း လှည့်လည်ခြင်း၊ စည်းရုံး ဟောပြောခြင်းများ ပြုလုပ်ခဲ့သဖြင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အရေးယူပေးရန် တိုင်ကြားထားကြောင်း အောင်လံမြို့နယ် NLD ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထူးမြင့်က ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထူးမြင့်က “မြို့နယ် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ညွှန်ကြားချက်တစ်ခုကို ၂၀၁၇ ခုနှစ် သြဂုတ်လပိုင်းက ထုတ်ပြန်ထားပါတယ်။ အဲဒါက နိုင်ငံရေးပါတီများအနေနဲ့ ပါတီရုံးခန်းပြင်ပ ပြုလုပ်မယ့် အင်အား စုဆောင်းခြင်း၊ စည်ရုံးရေးအတွက် ဟောပြောခြင်း၊ စုရုံးခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေထံ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် တင်ပြပြီးမှ လုပ်ရမယ်လို့ ညွှန်ကြားထားပါတယ်။ အဲဒီနေ့က သူတို့လုပ်တဲ့ပွဲကို ပါတီဝင် ၁၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ပါတီ တာဝန်ရှိသူတွေလည်း ဟောပြောမှုတွေ လုပ်ခဲ့ပါတယ်။ ဒါကို ရွေးကောက်ပွဲ ကော်မရှင်နဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ဒီပွဲလုပ်ဖို့ ခွင့်ပြုချက်တင်ခဲ့လားလို့ မေးကြည့်တော့ ရွေးကောက်ပွဲ ကော်မရှင်ကိုတော့ အသိပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ကိုတော့ မတင်ခဲ့ဘူးလို့ အုပ်ချူပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့် ဥပဒေနဲ့ မညီညွတ်ဘဲ အင်အား စုဆောင်းခြင်း၊ စီတန်း လှည့်လည်ခြင်း၊ စည်းရုံး ဟောပြောခြင်းတွေ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ကို ရွေးကောက်ပွဲကော်မရှင်က လိုအပ်သလို အရေးယူပေးဖို့ တိုင်ကြားတာပါ”ဟု ပြောကြားသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်းလွင် က “ကျွန်တော်တို့ ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို တည်ဆဲဥပဒေနဲ့အညီ လုပ်ခဲ့တာပါ။ တိုင်ကြားခံရတယ် ဆိုတာတော့ သိပါတယ်။ အကြောင်းအရာကို ကောင်းကောင်း မသိသေးပါဘူး။ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး ပြန်လည်ချေပမှုတွေ လုပ်သွားမှာပါ။ ဒီကိစ္စကို ဘယ်လိုမြင်လဲဆိုတော့ နိုင်ငံရေးပါတီ အချင်းချင်း မိတ်ဖက် သဘောထားရမှာကို ရန်ဘက်လို သဘောထားနေတယ်လို့ မြင်ပါတယ်”ဟု ပြောကြားသည်။ အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ အောင်လံမြို့နယ် ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးဆွေးနွေးမှုများ ပြုလုပ်နေပြီး အထက်အဆင့်ဆင့်သို့ တင်ပြ ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်စိုးလေးက ပြောကြားသည်။