တပ်မတော်နှင့် KNU ကြား လမ်းဖောက်လုပ်မှုနှင့်ပတ်သက်၍ ပစ်ခတ်မှုကြောင့် တိမ်းရှောင်နေသည့် ဒေသခံ ၂၀၀၀ ကျော် တောထဲတွင်သာ တိမ်းရှောင်နေရဆဲဟု MEAT အဖွဲ့ပြောကြား

တပ်မတော်နှင့် KNU ကြား လမ်းဖောက်လုပ်မှုနှင့်ပတ်သက်၍ ပစ်ခတ်မှုကြောင့် တိမ်းရှောင်နေသည့် ဒေသခံ ၂၀၀၀ ကျော် တောထဲတွင်သာ တိမ်းရှောင်နေရဆဲဟု MEAT အဖွဲ့ပြောကြား
Published 29 April 2018

ဖာပွန်ဒေသတိုက်ပွဲများကြောင့် တိမ်းရှောင်လျက်ရှိသူများအား မတ်လတတိယပတ်က ရိုက်ကူးထားသည့် ဓာတ်ပုံအား တွေ့ရစဉ် (Photo: KPSN)

တပ်မတော်နှင့် NCA ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၅) ကြား လမ်းဖောက်လုပ်မှုနှင့်ပတ်သက်၍ ပစ်ခတ်မှုကြောင့် တိမ်းရှောင်နေသည့် ဒေသခံ ၂၀၀၀ ကျော်သည် တောထဲတွင်သာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း မူတြော် (ဖာပွန်) ခရိုင်အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့ (MEAT) မှ စောစိုးဒိုက ပြောကြားသည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ခေးပူ-လွယ်မူပလော လမ်းဟောင်းအား တပ်မတော်ဘက်မှ ပြုပြင်ဖောက်လုပ်မှုနှင့်ပတ်သက်၍ အဆိုပါဒေသတွင်လှုပ်ရှားနေသည့် KNLA တပ်မဟာ (၅) နှင့် တပ်မတော်တို့ မတ်လဆန်းကစတင်ကာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းဒေသရှိ ကျေးရွာများမှ ရွာခံ ၂၀၀၀ ကျော်သည် ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

အဆိုပါတိမ်းရှောင်နေသူများထဲမှ လူဦးရေ ၁၆ ဦးပါဝင်သော အိမ်ထောင်စုသုံးစုသည် ထိုင်းနိုင်ငံဘက်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခိုလှုံခဲ့သော်လည်း ထိုင်းအာဏာပိုင်များက လက်မခံဘဲ ဧပြီ ၂၆ ရက်က မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“လက်ရှိကတော့ တောထဲမှာပဲရှိပါသေးတယ်။ ရွာပြန်လို့မရသေးဘူး။ မိသားစုသုံးစု၊ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းမှာ နေမလားဆိုပြီးလာတာ ဒီကလက်မခံဘဲ ပြန်ပို့လိုက်တယ်” ဟု စောစိုးဒိုက ပြောကြားသည်။

ထိုသို့ တိမ်းရှောင်နေသူများအနက် အချို့သည် ယခင်ကတည်းက ဖာပွန်ခရိုင်တွင် ဖွင့်လှစ်ထားသည့် ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ၂၀၀၀ ကျော်ခိုလှုံလျက်ရှိသော အီးတူထာဒုက္ခသည်စခန်းတွင် သွားရောက်ခိုလှုံသူများလည်းရှိကြောင်း သိရသည်။

အီးတူထာစခန်းသည် ၂၀၀၆ ခုနှစ်က တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကြားတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်လာသူများ ခိုလှုံနေထိုင်နေသည့်စခန်းဖြစ်သည်။

“သူတို့ အဲဒီ (အီးတူထာ) မှာ ပြန်နေဖို့များတယ်။ လောလောဆယ်ကတော့ အဲဒီမှာပဲပြန်နေရမယ့်ပုံစံ။ အီးတူထာမှာလည်း စားနပ်ရိက္ခာ တအားနည်းသွားပြီးဆိုတော့ သူတို့ပြန်ဖို့ကျတော့လည်း နည်းနည်းခက်ခဲမှာပေါ့။ အဲဒါကြောင့် သူတို့ ဒီဘက် (ထိုင်း) ကိုဝင်လာတာထင်တယ်။ ဒီဘက်မှာပိုပြီး အဆင်ပြေမလားဆိုပြီးတော့ ကျွန်တော်ထင်တာပေါ့။ ဒီဘက် ထိုင်းက လက်မခံဘဲပြန်ပို့တယ်ဆိုတော့ အီးတူထာဘက်ပြန်ဖို့ အလားလာများတယ်” ဟု စောစိုးဒိုက ပြောကြားသည်။

ထို့ပြင် တပ်မတော်ဘက်မှ စစ်ကြောင်းများ လှုပ်ရှားဝင်ရောက်လာသည်မှာ လယ်မူပလောခွင်တွင် ကျယ်ပြန့်သွားပြီဖြစ်သည့်အပြင် ၎င်းတို့ စားသောက်လုပ်ကိုင်နေသည့်နေရာများတွင် တိုက်ပွဲများရှိနေသောကြောင့် နေရပ်ပြန်ရန် စိုးရိမ်နေကြကာ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရန်အတွက် တပ်မတော်၏လမ်းဖောက်လုပ်မှုကို ရပ်တန့်ထားရန်လိုကြောင်း စောစိုးဒိုက ဆက်လက်ပြောကြားသည်။

“ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ကတော့ တပ်မတော်ရဲ့လုပ်ဆောင်နေတဲ့ လမ်းဖောက်လုပ်မှုကို ရပ်ထားဖို့လိုမယ်။ ဒီအချိန်မှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်နိုင်အောင် လုပ်ဆောင်ကြမယ်ဆိုပြီးတော့ တစ်ဖက်နဲ့တစ်ဖက် သံသယစရာဖြစ်စရာ လုပ်ဆောင်ချက်တွေ မလုပ်သင့်တော့ဘူး။ NCA အရလည်း ရှိပါတယ်။ နှစ်ဖက်တပ်တွေ သူ့သတ်မှတ်တဲ့နေရာမှာ ရှိဖို့လိုတယ်။ ပြီးတော့ တစ်ဖက်က ဆုံးဖြတ်တဲ့နေရာမှာ လက်မခံဘူးဆိုရင် ခွင့်ပြုချက်မရသေးဘူး။ သဘောတူညီချက်မရသေးဘူးဆိုရင် မလုပ်ရမယ့်ဟာတွေပါတယ်။ သူတို့လုပ်လာတဲ့အတွက် အခက်အခဲဖြစ်လာတဲ့အချိန် ပြည်သူတွေက ကြောက်ကြတယ်။ အရင့်အရင်က ခါးသီးတဲ့အတွေ့အကြုံတွေကြောင့် မနေရဲတော့ဘူး။ ထွက်ပြေးကြတယ်။ တပ်မတော်က ဒါတွေမလုပ်ရင်မဖြစ်ဘူး။ အဲဒီလမ်းကိုလုပ်တာလည်း ရွာသူရွာသားတွေက မလိုလားဘူး။ သူတို့ဘာသာသူတို့ ဒီလမ်းကိုဖောက်တာကြောင့် အရှင်းဆုံး ပြဿာနာကတော့ တပ်မတော်ဘက်က ဒီကိစ္စကိုရပ်ပြီးတော့မှ ပြည်သူတွေနေတဲ့နေရာကနေ ထွက်ခွာပေးဖို့ ပြန်ဆုတ်ပေးဖို့ ဒါမှလည်း သူတို့ပြန်ရဲမှာ” ဟု စောစိုးဒိုက ပြောကြားသည်။

သို့ရာတွင် လူဦးရေ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည် ဆိုသည်မှာမဟုတ်ကြောင်း၊ ကျေးရွာနှစ်ရွာမှ လူဦးရေ ၅၀၀ ခန့်သာရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့် တပ်မဟာ (၅) ကို ရန်သူဟု သဘောမထားကြောင်း မတ် ၃၀ ရက်က ပြုလုပ်သည့် (၁၃) ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) အစည်းအဝေးတွင် JMC-S (ပဲခူး)ဥက္ကဋ္ဌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ပြောကြားထားသည်။

ဖာပွန်မြို့နယ်အတွင်း ၁၅ မိုင်အရှည်ရှိ ခေးပူရွာနှင့် လွယ်မူပလောရွာ ဆက်သွယ်ထားသော ယခင်လမ်းကြောင်းဟောင်းအား ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန် အတွက်လည်းကောင်း၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေရန်လည်းကောင်း၊ ပြန်လည်ပြုပြင် မွမ်းမံရန်ရှိသဖြင့် အဆိုပါကိစ္စအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ KNLA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထံသို့ ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်း (၁၁) ကြိမ်ပြုလုပ်ခဲ့ပြီး လမ်းဖောက်လုပ်ရေး လုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ လမ်းဖောက်လုပ်ရေးလုပ်ငန်းများအား စက်ယန္တရားများနှင့် ဆောင်ရွက်ရာတွင် နယ်မြေအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့မှာ တပ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးများတွင် အသုံးပြုရန် ဖောက်လုပ်ခြင်းဟု စိုးရိမ်စိတ်များပြားပြီး လမ်းဖောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများအား မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ စတင်ဖောက်လုပ်ချိန်မှ ယနေ့ထိ စစ်သည်မိုင်းနင်းမှု သုံးကြိမ်၊ နှောင့်ယှက်ပစ်ခတ်မှု ၂၆ ကြိမ်၊ မိုင်းဖော်ထုတ်ရရှိမှု ရှစ်ကြိမ် (မိုင်း ၂၁ လုံး) ရရှိခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည်တချို့ ထိခိုက်ကျဆုံး ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းနှင့် လမ်းဟောင်းပြုပြင်ခြင်းအား ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး တစ်ဖက်တွင်လည်း စေ့စပ်ညှိနှိုင်းခြင်းဖြင့် စိုးရိမ်စိတ်နှင့် ယုံကြည်မှုလျော့နည်းမှုမဖြစ်စေရေး ဆွေးနွေးမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှ ပြန်ကြားရေးအဖွဲ့က ဧပြီ ၁၀ ရက်က ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်အပါအဝင် တပ်မတော်နှင့် KNLA တပ်မဟာ (၅) ကြားထိတွေ့မှုများ နှင့်ပတ်သက်၍ တပ်မတော်နှင့် KNU တို့ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့တွင် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း တွေ့ဆုံမှုတွင် KNU ကိုယ်စားလှယ်အဖွဲ့တွင် KNLA တပ်မဟာ (၅) တပ်မဟာမှူးမပါဝင်သည့် အကြောင်းပြချက်ဖြင့် တွေ့ဆုံမှုအား ရွှေ့ဆိုင်းထားသည်။

ထို့အတူ လမ်းဖောက်လုပ်မှုနှင့်ပတ်သက်၍ တိမ်းရှောင်လျက်ရှိသည့် ဒေသခံရွာသားများ၏ရိက္ခာများ ပြန်လည်ယူဆောင်ရေး ကိစ္စရပ်များအား JMC အရပ်သားကိုယ်စားလှယ်များက တင်ပြမှုအပေါ် အစိုးရကိုယ်စားလှယ်က လက်ခံကူညီရန် ဧပြီ ၂၃ ရက်တွင်ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း JMC-U က သတင်းထုတ်ပြန်ထားသည်။