ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး လာမည့် မေ ၁၄ ရက် စတင်ကျင်းပရန် ပြည်ထောင်စုလွှတ်တော် ကြေညာ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး လာမည့် မေ ၁၄ ရက် စတင်ကျင်းပရန် ပြည်ထောင်စုလွှတ်တော် ကြေညာ
Published 23 April 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို လာမည့် မေ ၁၄ ရက်တွင် စတင်ကျင်းပရန် ပြည်ထောင်စုလွှတ်တော်က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၁၃ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို မေ ၁၄ ရက်တွင် နေပြည်တော်၌ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး၏ ကြေညာချက်အမှတ် ၃/၂၀၁၈ ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ မတ် ၃၀ ရက်အထိ အစည်းအဝေး ကျင်းပရက် ၂၂ ရက်ရှိခဲ့ရာ အဆိုပါအစည်းအဝေး ကျင်းပချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည့် ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက်) အမျိုးသားစီမံကိန်းဥပဒေ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပေးပို့ထားကြောင်း၊ ထို့ပြင် အရင်လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းများ မှန်ကန်ခိုင်မာပြီး သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥပဒေအပါအဝင် ဥပဒေခုနစ်ခု ဆွေးနွေးအတည်ပြုခြင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများကိုလည်း လွှတ်တော်နှစ်ရပ် သဘောတူညီသည့်အတိုင်း ပြင်ဆင်အတည်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးများကိုလည်း မေ ၁၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်အသီးသီးက ထုတ်ပြန်ကြေညာထားသည်။ ပြီးခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့က စတင်ကျင်းပခဲ့ပြီး အစည်းအဝေးပြီးစုံးသည့် မတ် ၂၉ ရက်အထိ အစည်းအဝေးကျင်းပရက် ၃၂ ရက်ရှိခဲ့သလို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးသည်လည်း အထက်ပါ ကျင်းပရက်အတိုင်း ကျင်းပခဲ့ရာ အစည်းအဝေးပြီးဆုံးချိန်တွင် အစည်းအဝေးကျင်းပရက် ၃၃ ရက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သတ္တမပုံမှန်အစည်းအဝေးအတွင်း ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၁၉၁ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၆၂၈ ခု ဖြေကြားခြင်း အဆိုကိုးခု တင်သွင်းခဲ့ရာ အတည်ပြုအဆိုနှစ်ခုနှင့် မှတ်တမ်းတင်အဆို ခုနစ်ခုရှိခဲ့ကြောင်း သိရပြီး အမျိုးသားလွှတ်တော်တွင်လည်း ကြယ်ပွင့်ပြမေးခွန်း ၁၀၆ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၈၄ ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြောင်း၊ အဆိုလေးခု တင်သွင်းသည့်အနက် အတည်ပြုအဆိုတစ်ခု၊ အတည်မပြုအဆို နှစ်ခုနှင့် မှတ်တမ်းတင်အဆို တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မတီ ၁၄ ခု၏ သက်တမ်းအား တိုးမြှင့်ခြင်းနှင့် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မတီ၏ အစီရင်ခံစာကို အတည်ပြုခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီး ဥပဒေကြမ်းများအနေဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၃၅ ခုရှိရာ ဥပဒေကြမ်း ၁၄ ခုကို အတည်ပြု၍ ဆက်လက်ဆောင်ရွက်ရာ ဥပဒေကြမ်း ၂၁ ခု ကျန်ရှိကြောင်း သိရသည်။

Most Read

Most Recent