ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးသည့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေးအစည်းအဝေး အခြေအနေ ကောင်းဟုဆို

ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးသည့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေးအစည်းအဝေး အခြေအနေ ကောင်းဟုဆို
Published 22 April 2018

လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အစည်းအဝေးကို နေပြည်တော်ရှိ NRPC တွင် ဧပြီ ၂၁ ရက် ပြုလုပ်နေစဉ်

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးသည့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးရေး အစည်းအဝေးမှာ အခြေအနေကောင်းသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။

အဆိုပါ လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဧပြီ ၂၁ ရက်က ပြုလုပ်ပြီး ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုဝင်းအပါအဝင် အခြားသောတာဝန်ရှိသူများ တက်ရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ ဘက်မှလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကာကွယ်ရေးတာဝန်ခံ ပဒိုစောရော်ဂျာခင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

“လုံခြုံရေးကဏ္ဍ ဆွေးနွေးချက်တွေကို ထုတ်မပြောရတော့ဘူးတဲ့။ မပြောရဘူးဆိုတော့ ကျွန်တော်တို့ ဘာမှပြောစရာမရှိဘူးဗျ။ ယေဘုယျပြောရင်တော့ အခြေအနေကောင်းတယ်လို့ ပြောလို့ရတယ်” ဟု PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို နှစ်ရက်တာပြုလုပ်ခဲ့၍ ဧပြီ ၂၀ ရက်တွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အစည်းအဝေးပြုလုပ်ပြီး ဧပြီ ၂၁ ရက်တွင် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးရေး အစည်းအဝေးပြုလုပ်ခဲ့သည်။

လုံခြုံရေးကဏ္ဍဆွေးနွေးချက်များနှင့် ပတ်သက်၍ KNU ကာကွယ်ရေးတာဝန်ခံ ပဒိုစောရော်ဂျာခင်က “ကျွန်တော်တို့ နှစ်ဖက်သဘောတူထားတာက ဘာမှမပြောရဘူးလို့ အဲဒီလိုသဘောထားရှိတယ်” ဟုပြောကြားသည်။

တတိယပင်လုံအစည်းအဝေး မတိုင်ခင် ငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား နိုင်ငံရေးကဏ္ဍနှင့် လုံခြုံရေးကဏ္ဍတို့နှင့် ပတ်သက်သည့် အလွတ်သဘောတွေ့ဆုံပွဲများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး တရားဝင်ဆွေးနွေးပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“ပင်လုံမလာခင်မှာလည်း ဆွေးနွေးရဦးမှာ။ မေလဆန်းမှာလည်း ကျွန်တော်တို့တွေ့ဦးမယ်။ အလွတ်သဘော။ အလွတ်သဘောကို ခပ်စိပ်စိပ်တွေ့သွားမယ်။ အလွတ်သဘော ခပ်စိပ်စိပ်တွေ့ပြီးတော့ တရားဝင်ကို ဆက်သွားရမှာပေါ့။ တရားဝင်ဆက်သွားရင်းနဲ့ တစ်ခါတည်း ပင်လုံကိုလည်း ဆက်သွားမှာပေါ့။ ပင်လုံမတိုင်ခင်ကတော့ တရားဝင်တော့ တွေ့ရမှာပေါ့။ တရားဝင်မှာ ချောချောမွေ့မွေ့ဖြစ်အောင် ဆိုပြီးတော့ ကျွန်တော်တို့က အလွတ်သဘောကို နည်းနည်းအရင်းအနှီး စုထားတာပေါ့ဗျာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

မူလက ဧပြီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် တွေ့ဆုံရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်မှ အဆိုပြုထားသော်လည်း အစိုးရဘက်က အချိန်မရကြောင်း အကြောင်းပြန်လာသည့်အတွက် သြင်္ကန်ကာလနောက်ပိုင်း ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ရွှေ့ဆိုင်းတွေ့ဆုံလိုက်ခြင်းဖြစ်သည်။

အလွတ်သဘောတွေ့ဆုံပွဲများသည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် များစွာအထောက်အကူပြုကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ချောမွေ့ရန်အတွက် အလားအလာကောင်းသည်ဟု ပြောနိုင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားထားသည်။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA (PC) အဖွဲ့၊ DKBA အဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ကြသည်။