လွှတ်တော်တွင် အတည်ပြုထားသည့် အဆိုများသည် ရေပေါ်အရုပ်ရေးသလိုဖြစ်နေပြီး လုပ်ငန်းရှင်များက တိုင်းဒေသကြီးအစိုးရကို လိမ်ညာနေခြင်းလား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအဆင့်ကို ဂရုမစိုက်ခြင်းလားဆိုသည်ကို ကော်မတီအနေဖြင့် တွန်းအားပေးသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

လွှတ်တော်တွင် အတည်ပြုထားသည့် အဆိုများသည် ရေပေါ်အရုပ်ရေးသလိုဖြစ်နေပြီး လုပ်ငန်းရှင်များက တိုင်းဒေသကြီးအစိုးရကို လိမ်ညာနေခြင်းလား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအဆင့်ကို ဂရုမစိုက်ခြင်းလားဆိုသည်ကို ကော်မတီအနေဖြင့် တွန်းအားပေးသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 1 April 2018

လွှတ်တော်တွင် အတည်ပြုထားသည့် အဆိုများသည် ရေပေါ်အရုပ်ရေးသလိုဖြစ်နေပြီး လုပ်ငန်းရှင်များက တိုင်းဒေသကြီးအစိုးရကို လိမ်ညာနေခြင်းလား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအဆင့်ကို ဂရုမစိုက်ခြင်းလားဆိုသည်ကို ကော်မတီအနေဖြင့် တွန်းအားပေးသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမျိုးသားလွှတ်တော်မှာ ကတိဖြစ်ထားတဲ့အဆိုဟာ ရေပေါ်မှာ အရုပ်ရေးသလိုဖြစ်နေဆဲပါ။ ဒါကြောင့်မို့ လုပ်ငန်းရှင်တွေကပဲ တိုင်းဒေသကြီးအစိုးရကို လိမ်ညာနေတာလား။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကပဲ ပြည်ထောင်စုအဆင့်ကို ဂရုမစိုက်တာပဲလားဆိုတာကို ဥပဒေပြုရေး ပြည်သူ့ကိုယ်စားပြုရေးနဲ့ စောင့်ကြည့်ထိန်းညှိရေးတာဝန်တို့အရ အမျိုးသားလွှတ်တော်ကြီးကနေ အခုလိုထောက်ပြတာကို အာမခံကတိကော်မတီအနေနဲ့ အလေးအနက်ထားတွန်းအားပေးဖို့ အကြံပြုလိုပါတယ်။ ကတိဖြစ်ခဲ့တဲ့အဆိုနဲ့ မေးခွန်းတွေအပေါ် အရေးယူဆောင်ရွက်ရာမှာ ဟိုကိစ္စက အရေးကြီးလို့၊ ဒီကိစ္စကသေးလို့ဆိုတဲ့ အမည်ခွဲခြားအလေးမထားသလို မဖြစ်စေဘဲ၊ သားသမင်ကို ကျားဘုရင်က အားအင်အရာမှာ ကြီးကြီးသေးသေးတစ်ပြေးညီ ခွန်အားစိုက်ထုတ်ဖမ်းယူသလိုမျိုး ကြိုးပမ်းဆောင်ရွက်စေချင်ပါတယ်။ ဒါမှသာ လျော့တိလျော့ရဲဖြစ်နေတဲ့ ဌာနဆိုင်ရာအချို့ကို ပိုမိတာဝန်ယူလိုစိတ် ပြည့်ဝလာစေပြီး နိုင်ငံရဲ့အခွန်ဘဏ္ဍာငွေ ဆုံးရှုံးလစ်ဟာနေခြင်းမှ ကာကွယ်နိုင်မှာဖြစ်လို့ အခုလို အကြံပြုဆွေးနွေးထောက်ပြရခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောကြားသည်။

ထို့ပြင် ကော်မတီ၏အစီရင်ခံစာသည် မိုးထိမိုးမိအစီရင်ခံစာဟု အမည်တပ်ရလောက်အောင် လေ့လာသုံးသပ်ထားသည်ကို တွေ့ရကြောင်း၊ သို့သော် လွှတ်တော်တွင် အတည်ပြုထားခဲ့သည့်အဆိုများဖြစ်သည့် MICA၊ ငါးတက္ကသိုလ်၊ ဆေးလိပ်ဆေးရွက်ကြီး၊ လောင်းကစားကိစ္စနှင့် ငါးတင်ငါးချဆိပ်ကမ်းတွင် Catch Certificate စနစ်တကျထုတ်ပေးခြင်းကိစ္စများ၌ အစိုးရဌာနများ၏ လက်ရှိဆောင်ရွက်မှု၊ လိုအပ်ချက်နှင့် အားသာချက်၊ အားနည်းချက်များကို ထောက်ပြသုံးသပ်ထားသည်ကို မတွေ့ရသလောက်ဖြစ်ကြောင်း ဒေါက်တာခွန်ဝင်းသောင်းက ပြောကြားသည်။

ဒေါက်တာခွန်ဝင်းသောင်းက “စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ကတိဖြစ်ခဲ့တဲ့ အဆိုနဲ့ပတ်သက်လို့ စက်ရုံ သို့မဟုတ် ပြည်ပသို့ FOB၊ CIF တို့နဲ့ပို့ဆောင်ဖို့ ကတိဖြစ်တဲ့အဆိုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ လျော့တိလျော့ရဲဖြစ်နေတာကို အာမခံကတိကော်မတီအနေနဲ့ အလေးပြုစောင့်ကြည့် ထိန်းညှိတွန်းအားပေးစေလိုပါတယ်” ဟုပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များက အာပေါက်လုမတတ် ခဏခဏထောက်ပြခဲ့သည့် One Stop Service (OSS) စစ်ဆေးရေးစခန်းဆိုသည်မှာ နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်အခများ ပြည့်ပြည့်၀၀ရနိုင်ရန်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ငါးလုပ်ငန်းဦးစီးဌာနဖြစ်ပြီး MIC အနေဖြင့် လွန်ခဲ့သည့် ၁၇ နှစ်ကတည်းက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတွက် နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံတော်နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များပါသည့် ကုမ္ပဏီတို့က တစ်ထောက်နား စစ်ဆေးရေးစခန်းအတွက် မြေနေရာ၊ အဆောက်အအုံနှင့် ရုံးသုံးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း၊ ယနေ့အထိ မြိတ်တွင်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။

“MIC ရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ ဘောင်ကျော်မလုပ်သင့်တဲ့ ပြည်ထောင်စုအဆင့်ကနေ စိစစ်ခွင့်ပြုရမယ့် လုပ်ငန်းတစ်ခုကို တိုင်းဒေသကြီးဦးစီးမှူးအဆင့်က ခွင့်ပြုချက်ပေးခဲ့တဲ့ မြိတ်အရှေ့ဘက်ကမ်း ပထော်ပထက် ငါးလေလံဈေး၊ ငါးတင်ငါးချဆိပ်ကမ်းရဲ့ MIC ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြု ချိုးဖောက်နေခြင်းကိုတော့ ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနက မမြင်ဟန်ဆောင်နေသလားလို့ မှတ်ချက်ပြုချင်ပါတယ်။ ငါးလုပ်ငန်းဥပဒေမှာလည်း Catch Certificate ဆိုတာ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ အဖွဲ့စုံရှိရာ ငါးတင်ငါးချဆိပ်ကမ်းမှာ မျက်မြင်တင်ချ စစ်ဆေးပြီးမှသာ ထုတ်ပေးရမယ်လို့ အတိအကျပါထားပါလျက်နဲ့ ဥပဒေမလိုက်နာမှုကို အရေးမယူတဲ့အပြင် အားပေးအားမြှောက်ပြုရာရောက်အောင် မသိကျိုးကျွန်ပြုပေးနေမှတော့ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာငွေပြည့်ဝစွာ ဘယ်လိုနည်းနဲ့မှမရနိုင်ပါဘူး” ဟု ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန်အစည်းအဝေးထိ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား မတ် ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကော်မတီက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ် ၂၉ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

Most Read

Most Recent