စတော့အိတ်ချိန်းတွင် ပထမပုဂ္ဂလိက ဘဏ်ရှယ်ယာတစ်စု ကျပ် ၂၃၅၀၀ အထိ ကျဆင်းနေသော်လည်း ဘဏ်ရှိငွေသား၊ မြေနှင့်အဆောက်အအုံများကို ထည့်သွင်းတွက်ချက်ပါက ရှယ်ယာတစ်စု ကျပ် ၃၃၄၇၀ အထိ တန်ဖိုးရှိနေ

စတော့အိတ်ချိန်းတွင် ပထမပုဂ္ဂလိက ဘဏ်ရှယ်ယာတစ်စု ကျပ် ၂၃၅၀၀ အထိ ကျဆင်းနေသော်လည်း ဘဏ်ရှိငွေသား၊ မြေနှင့်အဆောက်အအုံများကို ထည့်သွင်းတွက်ချက်ပါက ရှယ်ယာတစ်စု ကျပ် ၃၃၄၇၀ အထိ တန်ဖိုးရှိနေ
Published 10 August 2017

ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမ ပုဂ္ဂလိကဘဏ်ရှယ်ယာတစ်စု ကျပ် ၂၃၅၀၀ အထိ ကျဆင်းနေသော်လည်း ဘဏ်တွင်ရှိနေသည့် ငွေသား၊ မြေနှင့်အဆောက်အအုံ ပိုင်ဆိုင်မှုများကို ထည့်သွင်းတွက်ချက်ပါက  ရှယ်ယာတစ်စုလျင် ကျပ် ၃၃၄၇၀ အထိ တန်ဖိုးရှိနေကြောင်း ပထမပုဂ္ဂလိက၏ ၂၆ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးသို့တင်ပြသည့် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

ပထမပုဂ္ဂလိကဘဏ်၌၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရှယ်ယာဆုကြေး (Share Bonus ) အပါအဝင် အစုရှယ်ယာအရေအတွက် ၂၃၆၆၁၉၄ စု တန်ဖိုးငွေ ကျပ် ၂၃၆၆၁ ဒသမ ၉၄သန်းရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်ကုန် ၂၀၁၇ ခုနှစ် မတ်လတွင် အစုပေါင်း ၂၄၇၂၀၅၃ စု၊ တန်ဖိုးငွေကျပ်၂၄၇၂၀ ဒသမ ၅၃ သန်းအထိ တိုးတက်ခဲ့သည်။ တိုးလာသည့် အစုရှယ်ယာအရေအတွက်မှာ  ၁၀၅၈၅၉ စုဖြစ်ပြီး ၄ ဒသမ ၄၇ ရာခိုင်နှုန်းတိုးတက်ရောင်းချခဲ့ကာ အစုရှယ်ယာရှင် ၈၄၃၃ ဦးရှိနေကြောင်း ဖော်ပြထားသည်။

ပထမပုဂ္ဂလိကဘဏ်၏ ပြင်ပစာရင်း စစ်အစီရင်ခံစာအရအစုတစ်စုတန်ဖိုး (Book Value per Share) မှာ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၂၁၉၈၄ ကျပ်ကျော်ရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၂၃၂၈၉  ကျော်ရှိနေသည့်အတွက် ၅ ဒသမ ၉၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

အစုတစ်စုတန်ဖိုး (Value per Share) ကိုတွက်ချက်ရာတွင် ဘဏ်ပိုင်မြေနှင့် အဆောက်အအုံများ၏ ကာလတန်ဖိုးများတိုးလာခြင်းကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိဘဲ ဘဏ်လက်ဝယ်ရှိ ငွေသားကိုသာ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ပြီး ဘဏ်မှဝယ်ယူထားသည့် ဘဏ်ပိုင်မြေနှင့် အဆောက်အအုံများ၏ အသားတင်တိုးလာသည့် တန်ဖိုး ကျပ်၂၅၁၆၆ ဒသမ ၀၃ သန်းကို ထည့်သွင်းတွက်ချက်မည်ဆိုပါက မတ် ၃၁ ရက်တွင် အစုရှယ်ယာတစ်စုတန်ဖိုးမှာ ကျပ် ၃၃ç၄၇၀ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာဈေးနှုန်းမှာ လက်ရှိအချိန်တွင် ကျဆင်းမှု ဖြစ်ပေါ်နေပြီး ရှယ်ယာတစ်စု ကျပ် ၂၃၅၀၀ နှင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သြဂုတ် ၁၀ ရက်တွင် ဖြစ်ပေါ်သည့် ရှယ်ယာအရောင်း အဝယ်ပြုလုပ်မှုများအရ သိရသည်။

ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာတန်ဖိုးမှာ စတင်ရောင်းချသည့် လေးရက်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀ အောက်သို့ ဇန်နဝါရီ ၂၅ ရက်တွင် ရောက်ရှိခဲ့ပြီး ကျပ် ၃၃၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ သြဂုတ် ၂ ရက်တွင် ကျပ် ၂၃၅၀၀ အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရှယ်ယာဈေးနှုန်း စံချိန်တင်ကျဆင်းမှု ဖြစ်ပေါ်နေသော်လည်း ပထမပုဂ္ဂလိကဘဏ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမြတ်ရှယ်ယာကိုမူ ရှယ်ယာတစ်စု ကျပ် ၂၀၀၀ အထိ ဝေစုခွဲဝေပေးနိုင်ခဲ့သည်။