ရခိုင်အရေး ကိစ္စရပ်များအား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်တို့ နယူးယောက်မြို့၌ တွေ့ဆုံ ဆွေးနွေး

ရခိုင်အရေး ကိစ္စရပ်များအား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်တို့ နယူးယောက်မြို့၌ တွေ့ဆုံ ဆွေးနွေး
Published 14 October 2017

အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်တို့ ရခိုင်ကိစ္စ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Ms. Nikki Haley ၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာ)

ရခိုင်အရေး ကိစ္စရပ်များအား ပြည်ထောင်စု အစိုးရ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Ms. Nikki Haley တို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Nikki Haley ၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာတွင် အောက်တိုဘာ ၁၂ ရက်တွင် ဖော်ပြထားသည်။

ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ရေးသား) များအပေါ် အနိုင်အထက် ပြုခံရမှုနှင့် စိုးရွံ့ထိတ်လန့်ဖွယ် အခြေအနေဖြစ်သော အကျပ်အတည်းများကို အကောင်းဆုံး ရှေ့ဆက်ဆောင်ရွက် လုပ်ကိုင်မည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သံအမတ်ကြီး Nikki Haley က ရေးသားထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် အရေးပေါ် ဖြေရှင်းရန် လိုအပ်သည့် ဒုက္ခသည် အရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုအတွင်း အကြမ်းဖက်မှုများကို ဘက်အားလုံးက အမြန်ဆုံးရပ်ရန် လိုအပ်ကြောင်းကို အလေးထား ပြောကြားခဲ့ကြောင်း၊ အိုးအိမ်ပစ် ထွက်ပြေးခဲ့ရသူ အားလုံး လုံခြုံသိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရက အဆင်ပြေအောင် ဆောင်ရွက်ပေးရန် ပန်ကြားခဲ့သလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် နေရာများတွင် လူသားချင်း စာနာသည့် အကူအညီများ ပေးနိုင်ခွင့်ရရန်လည်း တောင်းဆိုခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် ထိခိုက်ခဲ့သည့် လူမှုအသိုင်းအဝိုင်း အားလုံးအပေါ် တိုက်ခိုက်ကျူးလွန်ခဲ့သူများနှင့် အခြားသူများကို ၎င်းတို့ လုပ်ရပ်များအတွက် အရေးယူရန်လည်း အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းအား အမေရိကန် သံအမတ်ကြီး Nikki Haley က တိုက်တွန်းပြောကြားခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်တွင် VOA သတင်းဌာန မြန်မာပိုင်းက သတင်းဖော်ပြထားသည်။ ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley သည် စက်တင်ဘာ ၂၈ ရက်က မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့် အစည်းအဝေးတွင် နိုင်ငံသားများအကြား အမုန်းတရားများကို မီးမွှေးပေးကာ မတော်တရားမှုများ၌ ပါဝင်ပတ်သက်သူများကို အရေးယူရေး စဉ်းစားရန်၊ မြန်မာနိုင်ငံသို့ လက်နက် ရောင်းရန်ရှိသည့် နိုင်ငံများ အနေဖြင့် မြန်မာတပ်မတော်အား တာဝန်ယူမှုရှိသည့် အချိန်အထိ လက်နက်များ ဖြန့်ဝေမှုကို ရပ်ဆိုင်းထားရန်၊ မြန်မာ့တပ်မတော် အနေဖြင့် လူ့အခွင့်အရေးများနှင့် အခြေခံ လွတ်လပ်ခွင့်များကို လေးစားရန်တို့ တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးဖွင့် အစည်းအဝေးတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်စား တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသူများ ပြန်လည်ခေါ်ယူရေး ဆွေးနွေးရန် မြန်မာအစိုးရတွင် စိတ်ဆန္ဒရှိမှုသည် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခြင်းဟူသော စွပ်စွဲချက် မှားယွင်းကြောင်း သက်သေဖြစ်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ထိုသို့ တုံ့ပြန်ရာတွင် ဦးသောင်းထွန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ၏ ပြောကြားချက်များကို မိမိအနေဖြင့် ဂရုတစိုက် နားထောင်ခဲ့ကြောင်း၊ ပြောကြားချက်များကို ခြုံငုံသုံးသပ် ကြည့်ပါက ရခိုင်ပြည်နယ်အတွင်း အလွန် ဆိုးရွားနေသည့် ကိစ္စတစ်ရပ် ဖြစ်ပေါ်နေသည် ဟူ၍ ထင်ထောင်ထင်မှား ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကြောက်မက်ဖွယ် ထိုးစစ်ဆင်မှုတစ်ရပ် ဆောင်ရွက်နေကြောင်း၊ အပြစ်မဲ့သူများအား မပြောပြနိုင်အောင် ဆိုးရွားသည့် ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သတင်းမီဒီယာများ၌ ထင်မြင်ယူဆချက်များကို ဖော်ပြနေမှုကြောင့် နိုင်ငံတကာ အသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများ ပိုမို မြင့်မားစေခဲ့ကြောင်း၊ ကနဦး အမြင်အရ သာမန်လေ့လာသူ တစ်ဦးအတွက် ယင်းသို့ သဘောထား ယူဆချက်မှာ အဓိပ္ပာယ် ရှိသယောင် ရှိသော်လည်း မြန်မာနိုင်ငံ သမိုင်းကြောင်းကို သိနားလည်ပြီး အကြမ်းဖက်သမားများ၏ ဝါဒဖြန့်ချိရေးလုပ်ငန်း နည်းဗျူဟာကို သိရှိသော ကျွမ်းကျင်လေ့လာသူများ အနေဖြင့်မူ အဆိုပါ သဘောထား အချက်အလက်များကို အမှန်ပကတိအတိုင်း သိမြင်နိုင်မည် ဖြစ်ကြောင်းနှင့် ယင်းမှာ သက်သေ အထောက်အထား မရှိဘဲ စိတ်ခံစားမှုဖြင့် သမာသမတ် မရှိ လိုရာဆွဲတွေး ပြောကြားမှုသာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ထို့အတူ အောက်တိုဘာ ၅ ရက်က အမေရိကန် အောက်လွှတ်တော်တွင် ကြားနာပွဲတစ်ရပ် ကျင်းပခဲ့ပြီး ကြားနာပွဲ၌ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Ed Royce က လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်နေသည့် ပြဿနာများသည် လူမျိုးသုဉ်း သတ်ဖြတ်မှု အခြေအနေအထိ ဖြစ်နေသည်ဟုဆိုကာ ဝေဖန်ပြောကြားထားသည်။

ထို့ပြင် အဆိုပါ ကြားနာပွဲ မတင်မီမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီသည် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး တွေ့ရှိမှုကို တင်ပြရာတွင် ရခိုင်အရေးအပေါ် အစိုးရ၏ ကိုင်တွယ်မှုအား သဘောမတွေ့သည့် အခြေအနေများကိုသာ အဓိက အစီရင်ခံစာ တင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်းမှုအပေါ် လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှုအဖြစ် တိတိကျကျ မဖော်ပြခဲ့ဘဲ ကြေကွဲဖွယ် လူသားဘေးဒုက္ခတစ်ခု အဖြစ်သာ ၎င်းက ဖြေကြားသည့်အတွက် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင်များနှင့် အခြားလွှတ်တော် အမတ်များကပါ ဘဝင်မကျ ဖြစ်ခဲ့ပြီး အမေရိကန် အစိုးရနှင့် လွှတ်တော်အမတ်များအကြား လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှု စကားရပ်အပေါ် သဘောကွဲလွဲသည့် အခြေအနေ ဖြစ်ခဲ့သည်။

Most Read

Most Recent