ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့တု့ိတွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်ကိစ္စနှင့် ပတ်သက်၍ အစိုးရက လွှတ်တော်သို့တင်ပြ

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့တု့ိတွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်ကိစ္စနှင့် ပတ်သက်၍ အစိုးရက လွှတ်တော်သို့တင်ပြ
Published 28 July 2017

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့တု့ိတွင် မြန်မာနိုင်ငံမှအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်ကိစ္စတို့နှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဇူလိုင် ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန်ကိစ္စနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါသဘောတူညီချက်နှင့် ပတ်သက်၍လည်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသည့် သဝဏ်လွှာတွင်လည်း ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအတွင်းရေးမှူးရုံးမှ ကြီးမှူး၍ ၂၀၁၅ ခုနှစ်နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပခဲ့သည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၁) ကြိမ်မြောက်ညီလာခံနှင့် ကျိုတိုနောက်ဆက်တွဲ စာချုပ်အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ (၁၁) ကြိမ်မြောက်အစည်းအဝေးတို့၌ ကမ္ဘာ့အပူချိန်တိုးမြင့်လာမှုကို လျှော့ချနိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများမှ သဘောတူချမှတ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု သဘောတူညီချက် တစ်ရပ်ဖြစ်သည့် ဥပဒေကြောင်းအရ စည်းနှောင်မှုရှိသော ပါရီသဘောတူညီချက်သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပါရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ပါရီသဘောတူညီချက်အား သဘောတူလက်မှတ်ရေးထိုးပြီးနောက် Nationally Determined Contributions - NDCs အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်ဘဏ္ဍာငွေ၊ နည်းပညာနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ အခွင့်အလမ်းများကို အစိမ်းရောင်ရာသီဥတု ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အပံ့အဖွဲ့၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ စသည့်နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့တွင် မြန်မာနိုင်ငံမှအဖွဲ့ဝင်အဖြစ် ဝင်ရောက်ပါက သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲများတွင် ပိုမိုပူးပေါင်းပါဝင်နိုင်မည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဦးအုန်းဝင်းက ရှင်းပြသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးပေးသွင်းရန် ကိစ္စနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “နှစ်စဉ်ကြေးဟာ မြန်မာကျပ်ငွေခန့်မှန်း ၂၂ သန်းခန့်ရှိမှာ ဖြစ်ပါတယ်။ နှစ်စဉ်ကြေးပေးသွင်းရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ ဘတ်ဂျက်တွင် လျာထားရမည်ဖြစ်ပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ မူလခန့်မှန်းခြေတွင် လျာထားတောင်းခံခဲ့ခြင်း မရှိသေးကြောင်း တွေ့ရှိရပါတယ်။ ဘတ်ဂျက်လျာထား တောင်းခံလာပါက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” ဟုပြောကြားသည်။

ကျိုတိုနောက်ဆက်တွဲစာချုပ်၏ ဒုတိယမြောက် ကတိကဝတ်ကာလဖြစ်သည့် ဒိုဟာပြင်ဆင်ချက်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန်ကိစ္စနှင့် ပတ်သက်၍လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းသည်။

Most Read

Most Recent