မိုင်းခေါင်စစ်ရှောင်စခန်းမှ အသတ်ခံရသူသုံးဦးအမှု တပ်မတော်က စစ်ဆေးနေ

မိုင်းခေါင်စစ်ရှောင်စခန်းမှ အသတ်ခံရသူသုံးဦးအမှု တပ်မတော်က စစ်ဆေးနေ
Published 9 September 2017

ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင် စစ်ရှောင်စခန်းမှ အသတ်ခံရသူသုံးဦး၏ အမှုကို မန်စီမြို့အခြေစိုက် ခမရ (၃၁၉) တွင် စုံခွဲဖွဲ့ စစ်ဆေးမှုနှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း မိုင်းခေါင် KBC စစ်ရှောင်စခန်းမှ ဦးနော်မိုင်က ဆိုသည်။

ဦးနော်မိုင်က “ကျွန်တော်တို့ကို မံစီမြို့ ခေါ်ပြီးစစ်တာ နှစ်ကြိမ်ရှိပြီ။ ဗိုလ်ကြီးတစ်ဦး၊ တပ်သားနှစ်ဦးကို ဖမ်းထားတယ်။ တပ်ရင်းမှူးကိုလည်း မန်စီမြို့ပေါ် တပ်ရင်းကိုခေါ်ပြီး မေးမြန်းမှုလုပ်တယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ သုံးဦးကို မသေဆုံးခင်တွေ့ခဲ့တဲ့ ဦးလနန်ရဲ့ ပြောပြချက်ကို ပြောပြတယ်။ အလောင်းဖော်တဲ့အခါ တွေ့တဲ့အခြေအနေကို ပြောပြတယ်။ စစ်ဆေးတဲ့သူက သူတို့ပြောတာ ဟုတ်သလားဆိုတော့ ဟုတ်ပါတယ်ပေါ့။ ဝန်ခံတယ်။ ကျွန်တော်တို့ နောက်တစ်ခါတော့ လာရဦးမယ်။ အဲဒီအခါမှ အမိန့်ချမယ်လို့ ပြောတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ် မေးမြန်းသော်လည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်အကျဉ်းချုပ်ကို ရေးမှတ်ပြီးနောက် တပ်ဘက်ဆိုင်ရာတရားရုံးသို့ လွှဲပြောင်းထားကြောင်း ပြောကြားသည်။

၂၀၁၇ ခုနှစ် မေ ၂၅ ရက် ညနေပိုင်းက ပျောက်သွားခဲ့သည့် ကိုမရန်ဘရန်ဆိုင်း၊ ကိုအင်ခွမ်ဂမ်အောင်နှင့် ကိုလဗျနော်ခွမ်နှင့် ဦးလနန်တို့လေးဦးသည် ခါ့ပရာရွာမှ ဆိုင်ကယ်ဖြင့် မိုင်းခေါင်သို့အပြန်တွင် မေ ၂၅ ရက် ညပိုင်းက ခမရ (၃၁၉) မှ ဖမ်းဆီးခြင်းခံရခြင်းဖြစ်ပြီး ဦးလနန်မှာမေ ၂၆ ရက်က လွတ်မြောက်လာ ရာကျန်သုံးဦးကို စစ်ရှောင်စခန်းမှ လူ ၃၀ ခန့်ဖြင့် လိုက်လံရှာဖွေရာ မေ ၂၈ ရက် ညနေပိုင်းတွင် မိုင်နောင်မှ သုံးမိုင်ခန့်အကွာတောတွင်း တစ်နေရာတွင် မြေစာပုံကို တူးဖော်ကြည့်ရာမှ အလောင်းသုံးလောင်းကို တွေ့ရခြင်းဖြစ်ကြောင်း ရှာဖွေရာတွင် ပါဝင်ခဲ့သည့် စခန်းတာဝန်ခံများက ဆိုသည်။