<

ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်ခွင့်ပေးရန် အမေရိကန်က မြန်မာအစိုးရကို တိုက်တွန်း

အမေရိကန်အစိုးရက မြန်မာနိုင်ငံထဲ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ရှိကြောင်း၊ မြန်မာ အာဏာပိုင်များအနေနှင့် ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ၀င်ရောက်ခွင့်ပေးရန် တိုက်တွန်းကြောင်း စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သည်။

“ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ အတော်လေး စိုးရိမ်နေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောခွင့်ရအမျိုးသမီး ဟီသာနျူအက်က ပြောကြားခဲ့သည်။

“ မြန်မာလုံခြုံရေးအဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကို အမေရိကန်က ထပ်ပြီး အပြစ်တင်လိုပါတယ်။ ဒါပေမယ့် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ကလည်း ဒေသခံ လူထုတွေထပ်ပြီး တိုက်ခိုက်ခံရမှုတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ တိုက်တွန်းလိုက်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါထုတ်ပြန်ချက်ထဲတွင် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် စဉ်းစားနေခြင်း ရှိ၊မရှိကို မဖော်ပြခဲ့ပေ။ ထို့ပြင် ယခုဖြစ်ပွားနေသည့် ပဋိပက္ခများဖြစ်စဉ်မှာလည်း မည်သူ့အမှားကြောင့်ဟု တစ်စုံတစ်ရာ ဖော်ညွှန်းခဲ့ခြင်း မရှိပေ။

အမေရိကန် သံတမန်များသည် မြန်မာအာဏာပိုင်များနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှု ရှိသော်လည်း ရခိုင်ပြည်နယ်သည် သတင်းအချက်အလက်များ ရရှိရန်၊ ၀င်ရောက်ခွင့်ရရန် ခက်ခဲသည့်နေရာ တစ်ခုဖြစ်ကြောင်းလည်း နျူအက်က ပြောကြားခဲ့သည်။

 

September 8, 2017














Copy Protected by Chetan's WP-Copyprotect.