ရခိုင်ပြည်နယ် ကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီသို့ မတက်နိုင်ရန် မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြောကြား

ရခိုင်ပြည်နယ် ကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီသို့ မတက်နိုင်ရန် မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြောကြား
Published 7 September 2017

ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီသို့ မတက်နိုင်ရန် မိတ်ဆွေ နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၆ ရက်တွင် နေပြည်တော်ရှိ အတိုင်ပင်ခံဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်အခြေအနေဆိုင်ရာများနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ မီဒီယာများနှင့် သတင်းစာရှင်းလင်းစဉ် ပြော ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီသို့ တက်ပါက မည်သို့ဖြေရှင်းဆောင်ရွက်သွားဖို့ ရှိပါသလဲဟု မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ဦးသောင်းထွန်းက “ပြည်ပမှာ ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ကတော့ ကုလသမဂ္ဂကို အရင်ဆုံးရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂညီလာခံက မကြာခင် ကျင်းပတော့မှာဆိုတော့လေ။ အဲဒီမှာလည်း လုံခြုံရေးကောင်စီ တက်မယ်ဆိုရင် လုံခြုံရေးကောင်စီမှာ မတက်နိုင်အောင် မိတ်ဆွေနိုင်ငံတွေနဲ့ထိတွေ့ပြီး ညှိနှိုင်းဆွေးနွေးနေတာ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားပြောနေတာတွေ ရှိပါတယ်။ စည်းရုံးနေတာရှိပါတယ်။ အကယ်လို့ လုံခြုံရေးကောင်စီမှာ တက်လာမယ်။ ဆုံးဖြတ်ချက်ချမယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ ကြေညာချက်တစ်ခု ထုတ်မယ်ဆိုလို့ရှိရင်တော့ မဲခွဲရပါတယ်။ အဲဒီလို မဲခွဲတဲ့အခါကျရင် လုံခြုံရေးကောင်စီက ၁၅ နိုင်ငံရှိတယ်။ ၁၅ နိုင်ငံကို အမြဲတမ်းလုံခြုံရေး ကောင်စီအဖွဲ့ဝင်က ငါးနိုင်ငံ၊ အဲဒီငါးနိုင်ငံထဲမှာ တရုတ်နဲ့ ရုရှားပါတယ်။ တရုတ်နဲ့ ရှရှားက သဘောမတူဘူးဆိုရင် သူတို့ ဆက်လုပ်လို့ မရဘူး။ အဲဒီတော့ ကျွန်တော်တို့နဲ့ကတော့ တရုတ်နဲ့ကလည်း ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံဖြစ်တယ်။ ရုရှားနဲ့လည်း အလားတူ ရင်းနှီးမှုရှိတဲ့အတွက် ဒီဟာကတော့ ရှေ့တိုးဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့က အတိုက်ခံရတဲ့ လူပါ။ ကျွန်တော်တို့က လိုက်တိုက်နေတာ မဟုတ်ဘူး။ ဒီစခန်း ၃၀ ကို လာတိုက်တယ် ဆိုတာ သူတို့ကလာတိုက်တာ။ ဒီဟာကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေပါတယ်။ ကိုယ့်ကို လာတိုက်တဲ့အခါ ပြန်တိုက်ခွင့်ဆိုတာ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ရှိပြီးသားပါ။ ကုလသမဂ္ဂမှာလည်း ရှိတယ်။ နိုင်ငံတကာ ဥပဒေမှာလည်းရှိတယ်။ သို့သော် တိုက်တဲ့အခါမှာ ဗုံးပေါလအော လက်နက်တွေကိုင်ပြီး တိုက်နေတာမဟုတ်ဘူး။ ကျွန်တော်တို့က စနစ်တကျလုပ်နေတယ်။ ဒါကြောင့် ဒီဥစ္စာကို အလွန်အကြူးအားသုံးပြီး လုပ်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ အခုဆို လူမှုရေးအကူ အညီပေးဖို့ဘက်ကို ပိုပြီးတော့ ဦးတည်ပြီးတော့ လုပ်နေပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅    နိုင်ငံရှိကြောင်း၊ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပါဝင်ကြောင်း၊ ယင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိကြောင်း၊ ထို့အတွက် မိတ်ဆွေနိုင်ငံများနှင့် ထိတွေ့ဆက်ဆံကာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ အကျိုးကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် အရေးကြီးကြောင်း၊ ထို့အတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေး အင်အားများ တိုးမြှင့်ချထားကာ လုံခြုံရေးကို ဆောင်ရွက်လျက်ရှိကြောင်း ဦးသောင်းထွန်း  ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ၏ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ရခိုင်တိုင်းရင်းသားများ သေဆုံးခဲ့ကြောင်း၊ မီဒီယာများအနေဖြင့် သတင်းမှန်များကို ဖြန့်ကြက်စေလိုကြောင်း၊ သတင်းမှန်များဖြန့်ကြက်နိုင်မှသာ နိုင်ငံတကာမှ အဖြစ်မှန်များကို သိရှိမည်ဖြစ်ကြောင်း၊ ထို့အတွက် သတင်းမှန်များဖြန့်ပေးခြင်းဖြင့် ကူညီရန် ဦးသောင်းထွန်းက ပြောကြားသည်။