IPP သို့ ပေးရသည့်ဈေးနှုန်းနှင့် ပြည်သူလူထုသို့ ပြန်လည်ဖြန့်ဖြူးသည့် လျှပ်စစ်ဈေးနှုန်း ကွာဟချက်ကြောင့် တစ်နှစ်လျှင် ကျပ်ဘီလျံ ၆၀၀ နီးပါး အစိုးရအနေဖြင့် စိုက်ထုတ်နေရ

IPP သို့ ပေးရသည့်ဈေးနှုန်းနှင့် ပြည်သူလူထုသို့ ပြန်လည်ဖြန့်ဖြူးသည့် လျှပ်စစ်ဈေးနှုန်း ကွာဟချက်ကြောင့် တစ်နှစ်လျှင် ကျပ်ဘီလျံ ၆၀၀ နီးပါး အစိုးရအနေဖြင့် စိုက်ထုတ်နေရ
Published 26 September 2018

နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ကမ်းလွန်လုပ်ကွက် အမှတ် (A-6) ၌ တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့ တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို တွေ့ရစဉ်

IPP (Independence Power Producer) သို့ပေးရသည့် ဈေးနှုန်းနှင့် ပြည်သူလူထုသို့ ပြန်လည်ဖြန့်ဖြူးသည့် လျှပ်စစ်ဈေးနှုန်း ကွာဟချက်ကြောင့် တစ်နှစ်လျှင် ကျပ်ဘီလျံ ၆၀၀ နီးပါးရှိသည့် ပမာဏငွေကို အစိုးရအနေဖြင့် စိုက်ထုတ်နေရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

၎င်းက “ကျွန်တော်တို့ IPP ကို ပေးရတဲ့ဈေးနဲ့ ကျွန်တော်တို့ ပြည်သူလူထုကိုပြန်ပြီးတော့ ဖြန့်ဖြူးတဲ့ဈေးနဲ့ ဒီမှာ Gap ကတော့ ရှိပါတယ်။ ရှိလို့လည်း အားလုံးသိတဲ့ အတိုင်းပါပဲ။ တစ်နှစ်တစ်နှစ်ကို ဘီလျံ ၆၀၀ နီးပါး ကျွန်တော်တို့ စိုက်ပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ကမ်းလွန်လုပ်ကွက် အမှတ် (A-6) တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှသဘာဝဓာတ်ငွေ့ တွေ့ရှိမှုသတင်း ထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

“ပေါ်လစီအရတော့ လောလောဆယ်တော့ ကျွန်တော်တို့ စိုက်ထားပါတယ်။ ဈေးကွက်ထဲမှာတော့ ကျွန်တော်တို့ သတ်မှတ်တဲ့ သူတို့ကမ္ဘာရှိတဲ့ IPP ဆိုရင် Market Price တစ်ခုတော့ ပေးရပါတယ်။ အဲဒီလောက်မှ မပေးလည်း ဘယ်သူမှလာပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ပါဘူး။ တစ်ဖက်ကလည်း Generation Mix ကို အမြဲထိန်းပြီး လုပ်ရပါတယ်။ ဈေးသက်သာတဲ့ ဟိုက်ဒရိုပါဝါဒါကိုလည်း တစ်ဖက်က ကျွန်တော်တို့က အမြဲဆောင်ရွက် နေရပါတယ်။ တစ်ဖက်ကလည်း သဘာဝဓာတ်ငွေ့။ သဘောဝဓာတ်ငွေ့ကတော့ ဟိုက်ဒရိုပါဝါထက် စာရင်တော့ Production ဈေးနည်းနည်းလေးတော့ ပိုကြီးပါတယ်။ ဒီနှစ်ခုကိုမျှပြီးတော့မှ ဈေးနည်းနည်း ကြီးတာရယ်၊ ဈေးသက်သာတာရယ် ဒီနှစ်ခု ပေါင်းစပ်ပြီးတော့မှ မျှတတဲ့ဈေးတစ်ခု ကျွန်တော်တို့ ရပါတယ်။ ဒီလိုလည်း လျှပ်စစ်ဈေးကို ထိန်းပေးဖို့လိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်တွင်း လျှပ်စစ်ဓာတ်အား လိုအပ်များကြောင့် တိုင်းပြည်လူဦးရေနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု အချိုးသည် နည်းပါးနေသေးကြောင်း၊ ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ထားသော်လည်း စနစ်တကျ အချိန်မီ ထုတ်ယူနိုင်ခြင်း မရှိသည့်အတွက် လက်ရှိတွင် ပြည်သူများ တောင်းဆိုနေသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ဝန်ကြီးဌာနက ပေးနိုင်သည့် လျှပ်စစ်ဓာတ်အား ပမာဏသည် ကွာဟချက်ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးက “လက်ရှိဒီနေ့ အချိန်မှာဆိုရင် ကျွန်တော်တို့ ၃၉၀၀ မဂ္ဂါဝပ် လောက်အထိကို တိုးတက်လာတယ်။ ဆိုလို တာက တစ်နှစ်ခွဲနှစ်နှစ်အတွင်းမှာ ကျွန် တော်တို့ဘက်ကလည်း အားစိုက်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ပေးတယ်။ စနစ် ပိုင်း၊ ဖြန့်ဖြူးရေးပိုင်း၊ ထုတ်လုပ်ရေးပိုင်းမှ အတတ်နိုင်ဆုံး ကျွန်တော်တို့မှာရှိတဲ့ အင်အား ဘတ်ဂျက်အင်အားပေါ့။ စက်စွမ်းအင် အင်အားပေါ့။ဒါတွေနဲ့ကျွန်တော်တို့ ကြိုးစား ထုတ်လိုက်တဲ့အတွက် တိုးတက်မှုရှိလာတဲ့ အမျှ ပြည်သူလူထုကလည်း ပိုပိုပြီးတော့ သုံး စွဲလာပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် ပြီးခဲ့သည့် နှစ်အတွင်းက ထက် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သည့် အိမ် ထောင်စုပေါင်း နှစ်သိန်းခွဲကျော် တိုးတက် လာပြီး မဂ္ဂါဝပ်အနေဖြင့် ၃၀၀ နီးပါး တိုးမြှင့် သုံးစွဲလာနိုင်ကြောင်း၊ ပြည်သူများ လျှပ်စစ်ဓာတ်အား ဆက်လက် တိုးမြှင့်သုံးစွဲနိုင်ရန် အတွက်လည်း ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးက ‘ဒီလိုလုပ်တဲ့ အခါမှာ ကျွန်တော်တို့တွေ ရေအားလျှပ်စစ်ပေါ့။ အဓိက ရေအားလျှပ်စစ်နဲ့ ကျွန်တော်တို့ သုံးပုံနှစ်ပုံလောက်ကတော့ ထုတ်ပေးနေတယ်။ သို့ပေမယ့် မလောက်ဘူး။ ကျွန်တော်တို့ တည်ဆောက်ဆဲ ရေအားလျှပ်စစ်စက်ရုံတွေ ကလည်း ဘတ်ဂျက်မရတဲ့အတွက် မပြီးဘူး။ ဆောက်တော့ ဆောက်နေတယ်။ ဒါပေမဲ့ မပြီးဘူး။ ကျွန်တော်တို့ ဒီဘက်အစိုးရသစ် တက်လာပြီး နောက်ပိုင်းကျမှ ဒီလုပ်ငန်းတွေ ကို ကျွန်တော်တို့ဘက်ဂျက်တွေဖြည့်ပေးပြီးတော့ ပြီးသင့်တဲ့အချိန်ထက်တော့ နောက်ကျ သွားပြီးပေါ့။ သို့သော်လည်းပဲ တချို့တွေ ရာ ခိုင်နှုန်း ၃၀၊ တချို့တွေ ရာခိုင်နှုန်း ၄၀ စသဖြင့်ပေါ့။ ဒီလိုအခြေအနေတွေမှာ ဖြစ်နေတဲ့ဟာကို ကျွန်တော်တို့ ဒီဟာတွေလည်း ဘက်ဂျက်တွေ ထည့်ပြီးတော့ ဆောင်ရွက်ပေးနေရတယ်။ ဒါတွေကလည်း နောက်ထပ် သုံးလေးငါးနှစ်နေမှ အကောင်အထည် ပေါ်မယ်” ဟု ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ် အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ဆောင်ရာတွင် ပြည်ထောင်စု အစိုးရအား ထုတ်လုပ်ကုန်ကျသည့် စရိတ်နှင့် ပို့ဆောင်ဖြန့်ဖြူးသည့် စရိတ်များ တင်ပြပြီး အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် လျှပ်စစ်မီး မရရှိသေးသည့် လူဦးရေ သန်း ၃၀ နီးပါးကိုလည်း လျှပ်စစ်မီး သုံးစွဲနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ အနောက်ဘက်ကမ်းလွန်ရှိ လုပ်ကွက်အမှတ် A-6 တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် MPRLE & P Pte., Ltd တို့အကြား ထုတ်လုပ်မှုအပေါ် မူတည်ပြီး ခွဲဝေခံစားရေး စာချုပ် (Production Sharing) ချုပ်ဆိုကာ ကမ်းလွန်ရေနံ ရှာဖွေရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းလုပ်ကွက်တွင် သြစတြေးလျနိုင်ငံ အခြေစိုက် Woodside Energy (Myanmar) Pte., Ltd၊ ပြင်သစ်နိုင်ငံအခြေစိုက် Total E&P Myanmar Co.,Ltd တို့မှ MPRL E&P Pte.,  နှင့် ပူးပေါင်း၍ ရွှေရည် ထွန်း-၂ အား ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်က စတင်တူးဖော်ခဲ့ပြီး ရည်မှန်းအနက် ၄၈၅၀ မီတာအထိ တူးဖော်ခဲ့ပြီး စီးပွားဖြစ် သဘာ၀ ဓာတ်ငွေ့အသားတင် ထုတ်ယူနိုင်မည့် သဲကြာအထူ မီတာ ၄၀ ခန့်အား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုကတော့ ဒီနေ့ကြေညာတာကတော့ တွေ့ပြီဆိုတာ အဓိက ကြေညာတာ ဖြစ်ပါတယ်။ PSC စာချုပ်အရကတော့ နိုင်ငံတော်ကတော့ ရာခိုင်နှုန်း ခပ်များများ ရပါတယ်။ ကျွန်တော်တို့လည်း ယခင် PSC စာ ချုပ်တွေအရ။ ဒါပေမဲ့ တစ်တွင်းနဲ့ တစ်တွင်း ခုနက ပြောသလို Search Spa တို့၊ တူးဖော်ရတာ ခက်ခဲတာတို့၊ ရေအတိမ်အနက်တို့အပေါ် မူတည်ပြီးတော့ တွင်းအလိုက်ကတော့ ပြန်ပြီးတော့ တစ်ဦးနဲ့တစ်ဦး ပြန်ပြီးတော့ ဆွေးနွေး ညှိနှိုင်းရတာ ရှိပါတယ်။ နောက် ကျွန်တော်တို့ရဲ့ Petroleum Profits ထုပ်လုပ်မှုအပေါ်မှာ  ကုန်ကျစရိတ်တွေ ဘာတွေနုတ်ပြီးရရှိတဲ့ အချိုးနဲ့ဆိုရင် အရင်ကျွန်တော်တို့ တွေ့ရတဲ့ အတွေ့အကြုံအရ ဆိုရင်တော့ နိုင်ငံတော်ရဲ့ အချိုးက တော်တော်လေး များပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြော ကြားသည်။

ဆက်လက်၍ “ဆိုလိုတာကတော့ သူတို့ဘက်လည်း အခုကတော့ ခေတ်ရဲ့ အနေ အထားပေါ့လေ၊ အပြင်မှာ ကမ္ဘာ့ရေနံဈေး တို့၊ ဘာတို့ အနေအထားတွေ။ ဒါလေးတွေ လည်း ကျွန်တော်တို့ တွက်ချက်ပြီးတော့ သူတို့လည်း လုပ်သာကိုင်သာအောင်၊ ကျွန် တော်တို့လည်း ခုနကပြောတဲ့ ရရှိအောင်ပေါ့၊ ကျွန်တော်တို့ကလည်း ဒီကနေပြီးတော့ ၂၅ ရာခိုင်နှုန်း ပြည်တွင်းသုံးအတွက် ကျွန်တော်တို့ ရရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က Discounted တို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ကို လျှော့ဈေးတစ်ခုနဲ့ ရပါတယ်။ ကမ္ဘာ့ဈေး ကျွန်တော်တို့က ပေးဖို့မလိုပါဘူး။ ဒီအပေါ် မှာလည်း ကျွန်တော်တို့ ပြည်တွင်းအတွက် လိုအပ်ချက် တွေမှာလည်း အများကြီး အ ထောက်အကူရှိပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် တွင်းအမှတ် ရွှေရည်ထွန်း -၂ အား စမ်းသပ်ထုတ်ယူသည့် အနေအထား ဖြစ်ခြင်းကြောင့် ဓာတ်ငွေ့ပမာဏ မည်မျှအထိ ထုတ်ယူနိုင်မည်ကို မသိရှိရသေးသော် လည်း စမ်းသပ်ထုတ်လုပ်မှုများအရ တစ်ရက်လျှင် ကုဗပေ သန်း ၅၀ အထိ စမ်းသပ်ထုတ်ယူ နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။