ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ကျဆင်းသွားသော်လည်း စစ်ကိုင်းမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့ မြစ်ရေဝင်ရောက်ဆဲဖြစ်ကာ ရေဘေးရှောင်အိမ်ထောင်စု ၃၀၀ ခန့် နေရပ်မပြန်နိုင်သေး

ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ကျဆင်းသွားသော်လည်း စစ်ကိုင်းမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့ မြစ်ရေဝင်ရောက်ဆဲဖြစ်ကာ ရေဘေးရှောင်အိမ်ထောင်စု ၃၀၀ ခန့် နေရပ်မပြန်နိုင်သေး
Published 1 September 2017

ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်အောက် ကျဆင်းသွားသော်လည်း စစ်ကိုင်းမြို့အနိမ့်ပိုင်း ရပ်ကွက်အချို့တွင် မြစ်ရေဝင်ရောက်ဆဲဖြစ်ကာ ရေဘေးရှောင်အိမ်ထောင်စု ၃၀၀ခန့် နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ စိုးရိမ်ရေမှတ် ၁၁၅၀ အောက် ကျဆင်းသွားသော်လည်း အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော အုတ်စက်၊ ပန်းပဲတန်း၊ ဘော်ဂါ၊ ချင်းစုရပ်ကွက်များနှင့် မြို့အနောက်ဖက်ကျေးရွာများတွင် မြစ်ရေဝင်ရောက်ဆဲဖြစ်ကာ ရေဘေးရှောင်အိမ်ထောင်စု ၃၀၀ ခန့် နေရပ်သို့မပြန်နိုင်သေးပဲ စစ်ကိုင်းမြို့ငါးထပ်ကြီး ဘုရားဝင်း၊ ဆင်များရှင်ဘုရားဝင်း၊ စစ်ကိုင်း-မုံရွာကား လမ်းဘေးတွင် ခိုလှုံနေရကြောင်း သိရသည်။

“ဒီဇာတ်ရုံကြီးထဲ ခိုလှုံနေရတာ ၁၀ ရက် ကျော်သွားပါပြီ။ မြစ်ရေကပြန်ကျနေပေမယ့် အိမ်ကိုပြန်မရသေးပါဘူး။ ဒီမှာအိမ်ထောင် စု၁၇၀ ခိုလှုံနေရပါတယ်။ နေရေးထိုင်ရေး အဆင်ပြေပေမယ့် စားသောက်ရေးအခက်အခဲ ရှိပါတယ်။ သက်ဆိုင်ရာကအစပိုင်းမှာ လာရောက်ထောက်ပံ့ပေးပေမဲ့ ရက်ရှည်လာတော့ သိပ်မလာတော့ဘူး။ မနေ့ကဆို သောက်ရေပြတ်သွားတယ်။ ခုတော့ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရှိတာလေး ချက်ပြုတ်စားသောက် နေရပါတယ်။ ဘုံဆွမ်းလောင်းအသင်းတွေကတော့ စတုဒိသာကျွေးမွေးတာတွေ ရှိပါတယ်” ဟုစစ်ကိုင်းမြို့ဆင်များရှင်ဘုရား၊ အောင်ဇေယျာဇာတ်ရုံတွင် ခိုလှုံနေသူကိုတိုးက ပြောကြားသည်။

စစ်ကိုင်းမြို့ အနောက်ဘက်ရှိ ကျေးရွာများမှ ရေဘေးရှောင်သူများ ဧရာဝတီမြစ်ရေကျသွားသဖြင့် မိမိတို့ကျေးရွာသို့ပြန်သွား ကြပြီးဖြစ်သော်လည်း ငါးထပ်ကြီးဘုရားဝင်း အတွင်းတွင် နွားကုန်းတက်နေသည့် အိမ်ထောင်စု ၇၀ ကျော်ကျန်ရှိနေသေးကြောင်း သိရသည်။

“ဒီနှစ်ရေက တိုးတာမြန်ပြီးကျတာ နှေးနေတယ်။ ကျွန်တော့်အိမ်ဆို ခုရေကခါးထိရှိ နေသေးလို့ အိမ်ကိုပြန်မရသေးဘူး။ ကားလမ်းဘေးယာယီတဲ ထိုးနေရတော့ မိုးရွာရင် ဒုက္ခရောက်တယ်။ စားသောက်ရေးလည်း ကိုယ့်အစီအစဉ်နဲ့ရှိတာလေး ချက်ပြုတ်စားသောက်နေရပါတယ်။ နောက်ရေကဆက်တက်ဖို့ရှိသေးတော့ ဒီမှာပဲ ရက်ရှည်နေရဦးမယ် ထင်ပါတယ်။ လက်ရှိဒီနေရာမှာ အိမ်ထောင်စု ၄၅စု ခိုလှုံနေပါတယ်” ဟု စစ်ကိုင်း-မုံရွာ ကားလမ်းဘေးတွင် ယာယီနေထိုင်သူ ကိုဝတုတ်က ပြောကြားသည်။