ရွှေတိဂုံစေတီတော် ရွှေပြားသင်္ကန်းကိစ္စ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သတင်းစာရှင်းလင်း

ရွှေတိဂုံစေတီတော် ရွှေပြားသင်္ကန်းကိစ္စ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သတင်းစာရှင်းလင်း
Published 21 September 2018

ရွှေတိဂုံစေတီတော် ရွှေပြားသင်္ကန်းကိစ္စ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သတင်းစာရှင်းလင်းနေစဉ်

ရွှေတိဂုံစေတီတော် ကြာမှောက်ကြာလှန်ဧရိယာ Gold Coating ရွှေပြားသင်္ကန်းကိစ္စ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် စက်တင်ဘာ ၂၀ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်၏ ကြာမှောက်ကြာလှန် ဧရိယာတွင် Gold Coating ရွှေပြားသင်္ကန်း ကပ်လှူခြင်းကို ရတနာကျွန်း ပန်းထိမ်လုပ်ငန်းက တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး စာချုပ်စာတမ်းများဖြင့် ၁၅ နှစ် အာမခံထားရှိ၍ လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ပြောကြားသည်။

ဘဏ္ဍာတော် ဂေါပကအလှည့်ကျ သဘာပတိနှင့် အဖွဲ့ဝင်ဖြစ်ပြီး ရွှေနှင့် ရတနာတာဝန်ခံ ဦးညိုထွန်းက “ပြည်ထောင်စုဝန်ကြီး လာတုန်းက ပြည်ထောင်စု အဆင့်ပေါ့နော်။ ဝန်ကြီးဌာနတွေပါတဲ့ ပညာရှင်တွေနဲ့ ဖွဲ့ပြီးတော့ လာစစ်ပြီးတော့ အဖြေထုတ်မှာပါ။ ကျွန်တော်တို့ ဂေါပကအဖွဲ့တွေလည်း မပါပါဘူး။ သူတို့တွေ့ရှိချက်ပေါ် မူတည်ပြီးတော့မှ ဘာဆက်လုပ်မလဲ ဆိုတာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အဓိက တာဝန်ရှိတာတော့ ဆောင်ရွက်တဲ့အဖွဲ့ ရတနာကျွန်းမှာတော့ တာဝန်ရှိပါတယ်။ စာချုပ်စာတမ်း ထိုးပြီးတော့ လုပ်တာဖြစ်တဲ့အတွက် စာချုပ်ထဲမှာ ပါတဲ့အတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ပြောကြားသည်။

ထိုသု့ိ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်ခြင်းကို စေတီတော် ငြမ်းထိုးခြင်း ပြီးစီးပါက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကြာမှောက်ကြာလှန် ဧရိယာမှ ရွှေပြားများကို ဖြုတ်ပြီး စစ်ဆေးမည် ဖြစ်ကြောင်း၊ ဆက်လက်၍ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က တာဝန်ရှိသူအနေဖြင့် တာဝန်ယူရမည်ဖြစ်ပြီး တာဝန်ရှိလျက်သားနှင့် လျစ်လျူရှုမည် မဟုတ်ကြောင်း ပြောကြားသည်။

ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က “အရင် တာဝန်ယူခဲ့တဲ့ ဂေါပကတွေလည်း သူတို့ ကုသိုလ်ကောင်းမှု စေတနာတွေနဲ့ တတ်နိုင်သမျှ လုပ်သွားတယ်။ တကယ့် တကယ် ဂေါပကအဖွဲ့ တာဝန်ရှိတာထက် အဲဒီအလုပ်ကို တာဝန်ခံပြီး စာချုပ်ပြီး လုပ်တဲ့သူကပဲ အဓိကအကျဆုံး ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ပြန်ခေါ်ပြီး ခင်ဗျား ဘာလုပ်ခဲ့တာလဲ။ သူကလည်း ဘယ်လိုလုပ်ပါတယ် ဆိုပြီး ဖြေတယ်” ဟု ပြောကြားသည်။

၂၀၁၈-၂၀၁၉ ရွှေတိဂုံစေတီတော် ရွှေပြားသင်္ကန်း ကပ်လှူပူဇော်ခြင်းကို ဂေါပကအဖွဲ့ တစ်ဖွဲ့တည်းက ဆောင်ရွက်မည် မဟုတ်ဘဲ နိုင်ငံတော်အဆင့် ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းပြီး တင်ပြ ဆောင်ရွက်မည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က ပြောကြားသည်။

စုံစမ်းစစ်ဆေးခြင်း၏ အဖြေကို မူတည်၍ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းတာဝန်ယူ ဆောင်ရွက်ခဲ့သော ရတနာကျွန်း ပန်းထိမ်လုပ်ငန်းအနေဖြင့်လည်း စစ်ဆေးပြီးပါက ရွှေမရှိလျှင် ရွှေပြန်လျော်ခြင်း၊ အရေးယူခံဖို့ လိုအပ်သည် ဆိုလျှင်လည်း အရေးယူခံမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။

“ဘာကြောင့်ဖြစ်သလဲလို့ မေးတဲ့အခါ မှာ ရောင်တော်ဖွင့်တဲ့အချိန်မှာ ဓာတ်ဆေးရည် သုံးလိုက်တယ်။ အဲဒီ ဓာတ်ဆေးရည်သည် ရေချက်ချင်း ပြန်ဆေးရမယ့်ဟာ။ ရေများများ ဆေးရမယ့်ဟာ။ မဆေးခဲ့နိုင်ဘူး။ မဆေးခဲ့နိုင်တော့ ငြမ်းဖြုတ်ပြီးတဲ့အခါမှာ သြင်္ကန်မိုး တစ်ဖြိုက်နှစ်ဖြိုက် ရွာတဲ့အခါမှာ ဒီဟာတွေ မည်းကုန်တာ။ အမည်းကြောင်းတွေ စင်းလာတယ်။ အဲဒီလို သူ့အဖြေ ကျွန်တော်တို့ ရတယ်။ သို့သော်လည်း မှန်၊ မမှန် ရွှေရှိ၊ မရှိကတော့ ငြမ်းထိုးရင် အဲဒီအပေါ် ရောက်ပြီဆိုတာနဲ့ ဖြုတ်မယ်။ အခုထိ မဖြုတ်ရသေးပါဘူး။ ပြီးရင် နိုင်ငံတော်အဆင့် ပညာရှင်တွေနဲ့ စစ်မယ်။ စစ်ပြီးတော့မှ အဖြေကိုရတယ့်အပေါ် မှာ အဖြေကို မူတည်ပြီးတော့မှ တရားစွဲတာ၊ မစွဲတာ။ လျော်တာ မလျော်တာ ဆက်ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ အဖြေမရသေးဘူး။ ဟိုဘက်ကလည်း မငြင်းပါဘူး။ စစ်ပါ စစ်လို့ ရွှေမရှိရင် ရွှေပြန်လျော်ပေးမယ်။ လုပ်စရာရှိရင် ဆက်လုပ်ပေးပါ။ အရေးယူခံဖို့ လိုတယ် သူ့ဘက်က အားနည်းချက်၊ မှားယွင်းခဲ့တယ် ဆိုရင် ဘာနဲ့အရေးယူယူ ခံဖို့အဆင်သင့်ပါပဲ”ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး အဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။

 

Most Read

Most Recent