ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ SME စမတ်ကတ် ကိုင်ဆောင်ထားသူများအနက် အလားအလာရှိ လုပ်ငန်း ၁၀၀ အား ချေးငွေထုတ်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ SME စမတ်ကတ် ကိုင်ဆောင်ထားသူများအနက် အလားအလာရှိ လုပ်ငန်း ၁၀၀ အား ချေးငွေထုတ်ပေးမည်
Published 21 September 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်း စမတ်ကတ် ကိုင်ဆောင်ထားသူများအနက် အလားအလာရှိသည့်လုပ်ငန်း ၁၀၀ အား ချေးငွေများ ထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ငန်းသတ်သေခံကတ်ပြားများကို ၂၀၁၈ မေ ၁၇ ရက်အထိ မြို့နယ်ပေါင်း ၄၄ မြို့နယ်မှာ လုပ်ငန်းပေါင်း ၃၁၃၉၁ ကတ် ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကတ်ပြားတွေပေါ်မှာ မူတည်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ လက်အောက်မှာ ဖွဲ့စည်းထားတဲ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး SME အေဂျင်စီနဲ့ ချေးငွေစိစစ်ရေးကော်မတီတို့ကို ၂၀၁၈ ဖေဖော်ဝါရီ ၁၈ ရက်က ဖွဲ့စည်းပြီးတော့ စိစစ်ပြီး ချေးငွေထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ အထူးသဖြင့် အလားအလာရှိတဲ့လုပ်ငန်း ၁၀၀ ကို ရွေးချယ်ပြီးတော့ ချေးငွေများရရှိဖို့ စီစဉ် ဆောင်ရွက်နေပါတယ်” ဟု ဦးမြင့်သောင်းက ပြောကြားသည်။

ဘဏ်တိုးနှုန်းမှာ ကိုးရာခိုင်နှုန်း၊ ဝန်ဆောင်ခ တစ်ရာခိုင်နှုန်း၊ အပေါင်ခံပစ္စည်း မတင်ပြနိုင်ပါက မြန်မာ့အာမခံတွင် သုံးရာခိုင်နှုန်း အာမခံထားသည်။ စုစုပေါင်း ၁၃ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်သည်။