ဘင်္ဂါလီမွတ်စလင်များအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ICC က မြန်မာနိုင်ငံကို အကြိုစုံစမ်းစစ်ဆေးမှု စတင်

ဘင်္ဂါလီမွတ်စလင်များအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ICC က မြန်မာနိုင်ငံကို အကြိုစုံစမ်းစစ်ဆေးမှု စတင်
Published 20 September 2018

လူသတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အတင်းအကျပ် နှင်ထုတ်ခြင်းများ အပါအဝင် ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာမွတ်စလင်ဟု ဖော်ပြ ထား) များအပေါ် မြန်မာနိုင်ငံ၏ ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး၏ ရှေ့နေက စက်တင်ဘာ ၁၈ ရက်တွင် အကြိုစုံစမ်း စစ်ဆေးမှု စတင်ခဲ့သည်။

အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ ၇၀၀၀၀၀ ခန့် ထွက်ပြေးသွားစေခဲ့ရသည့် မြန်မာ့စစ်တပ်၏ ဖြိုခွင်းမှုကို အပြည့်အဝစုံ စမ်းစစ်ဆေးမည့် ဝရမ်းထုတ်ပေးရန် လုံလောက်သော သက်သေအထောက်အထား ရှိ၊ မရှိ ရှေ့နေဖာတူးဘင်ဆူဒါက စုံစမ်း စစ်ဆေးသွားလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် သည်ဟိဂ်အခြေစိုက် ICC နှင့် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်တိုင် ဘင်္ဂလားဒေ့ရှ်သည် ICC အဖွဲ့ဝင်ဖြစ်သောကြောင့် ဘင်္ဂါလီများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး အနေဖြင့် တရားစီရင်ခွင့်ရှိနေဆဲဖြစ်ကြောင်း တရားသူကြီးများက ဆုံးဖြတ်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်နီးပါးအကြာတွင် အကြိုစုံစမ်း စစ်ဆေးမှုကို စတင်ခဲ့ခြင်းဖြစ်သည်။ “လုပ်ငန်းစဉ်ရဲ့ နောက်တစ်ဆင့်ကို ဆက်လက် ဆောင်ရွက်သွားဖို့နဲ့ အခြေအနေကို လက်တွေ့ကျကျ အပြည့်အ၀ အကြိုစုံစမ်း စစ်ဆေးတာကို လုပ်ဆောင်ဖို့ ကျွန်မဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဘင်ဆူဒါက ကြေညာချက်တွင် ပြောကြားထားသည်။

ဘင်္ဂါလီမွတ်စလင်တို့ကို အတင်းအကျပ်အိမ်ရာ စွန့်ပစ်ပေးစေခဲ့ရသည့် နိုင်ထက်စီးနင်းပြုမူမှုများကို ကနဦးစုံစမ်း စစ်ဆေးမှုက ထည့်သွင်းစဉ်းစားဖွယ်ရှိနေပြီး ထိုအထဲတွင် ဘင်္ဂါလီတို့၏ အခြေခံ အခွင့်အရေးများ ကိုပိတ်ပင်ထားခြင်း၊ သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခိုးယူခြင်းတို့လည်း ပါဝင်သည်ဟု ဘင်ဆူဒါက ပြောကြားခဲ့သည်။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အခြားလူမဆန်သောလုပ်ရပ်များ စသည်တို့ကဲ့သို့ အခြားရာဇဝတ်မှုများကို ဘင်္ဂါလီများ၏ အတိဒုက္ခတွင် ထည့်သွင်းခြင်းပြုမပြုဆိုသည်ကိုလည်း စဉ်းစားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ပဏာမစုံစမ်းစစ်ဆေးမှုသည် စစ်ရာဇဝတ်မှုများနှင့် လူသားအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန် ၂၀၀၂ ခုနှစ်တွင် ထူထောင်ခဲ့သော ICC အတွက် တရားဝင်စုံစမ်းစစ်ဆေးမှုဆီသို့ ဦးတည်သွားစေနိုင်ပြီး ယင်းနောက်စွဲချက်တင်မှုများ ဖြစ်လာနိုင်စရာ ရှိနေသည်။

မြန်မာစစ်တပ်သည် ဘင်္ဂလီမွတ်စလင်များအပေါ် နားလည်ရန် အလွန်ခက်ခဲသော အကြမ်းဖက်နည်း အဆင့်ဆင့်ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး လူမျိုးဖြုတ်သတ်ဖြတ်သည့်အတွက် တရားစီရင်သင့်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည့် နေ့နှင့်တစ်ရက်တည်းမှာပင် ICC ကြေညာချက် ထွက်ပေါ်လာခဲ့သည်။ ဘင်္ဂါလီများအပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းများအား ICC သို့ လွဲှပြောင်းပေးရမည်ဆိုသော အကြံပြုချက်များကို ကုလမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က ထပ်တလဲလဲ ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံးက ဘင်္ဂါလီများအတွက် တရားမျှတမှုဆီသွားသော အရေးပါသည့်လမ်းကြောင်းကို ဖွင့်ပေးခဲ့ခြင်းသည် ကြီးကျယ်လှကြောင်း အပြည်ပြည်ဆိုင် ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့သည်။ “နိုင်တကာဥပဒေအရ ရာဇဝတ်မှုအားလုံးကို စုံစမ်းစစ်ဆေးနိုင်အောင်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံက အခြေအနေကို ICC ထံလွဲှပြောင်းပေးဖို့ လိုအပ်တယ်ဆိုတဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းထားပါ” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ၎င်းတို့၏ တွစ်တာတွင် ပြောကြားခဲ့သည်။

Ref: AFP