ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်သည့် နေရာနှင့် တစ်ရှူးငှက်ပျောခင်းများတွင် မူးယစ်ဆေးဝါး အများအပြား သုံးစွဲလျက်ရှိ

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်သည့် နေရာနှင့် တစ်ရှူးငှက်ပျောခင်းများတွင် မူးယစ်ဆေးဝါး အများအပြား သုံးစွဲလျက်ရှိ
Published 18 September 2018

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျေက်စိမ်းတူးဖော်သည့် နေရာနှင့် တစ်ရှူးငှက်ပျောခင်းများတွင် မူးယစ်ဆေးဝါး အများအပြား သုံးစွဲလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကချင်ပြည်နယ်တွင် ယခင်က တရားမဝင် ရွှေမှော်၊ ပယင်းမှော်များ ရွေ့ပြောင်းလုပ်သား အများဆုံးရှိခဲ့သော်လည်း ယခုအချိန်တွင် ယင်းတရားမဝင် မှော်များကို အစိုးရက တဖြည်းဖြည်း ပိတ်သိမ်းလာခဲ့ပြီးနောက် တစ်ရှူးငှက်ပျောခင်းများတွင် ရွှေ့ပြောင်း လုပ်သားများ စုပုံလာခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့နယ် ရွာသစ်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ အိမ်ခြေ ၁၅၀ ကျော်မှာ ၆၀ လောက်က အစိသုံးတယ်။ အထူးသဖြင့် ဒီမှာက မိရိုးဖလာ ဘိန်းမဲကို လူကြီးတွေ သုံးတယ်။ အခုလူငယ်တွေ ဆေးပြား၊ အဖြူ သုံးကြတယ်။ လက်တည့်စမ်းကြတယ်။ အလွယ်တကူလည်း ရနေတာ။ ရွာမှာ စပေါ်တာက ၂၀၁၃ က တနိုင်းပယင်းမှော်က ပြန်လာသူတွေဆီက စတာ။ အခု ၂၀၁၅ နောက်ပိုင်းတော့ တစ်ရှူးငှက်ပျောခင်းတွေ ပေါ်လာတော့ တစ်နိုင်ငံလုံးက လူမျိုးစုံ ရောက်လာတာ။ အလုပ်သမား ဦးရေကလည်း ရွာကလူတွေထက် များနေတာကို။ အခုက အခင်းသွားရင် ဆိုင်ကယ်ကို လမ်းဘေး မရပ်ထားရဲဘူး။ ညမှာ အိမ်ဝင်းထဲတင် မကဘူး။ အိမ်ခန်းထဲ၊ အိမ်အောက်ထဲကို သော့ခတ် သွင်းရတော့တာ။ ပစ္စည်းကတော့ ဘာမှမလုံခြုံတော့ဘူး။ လူကိုတော့ မလုကြသေးဘူး။ မကြာပါဘူး။ သုံးစရာမရှိရင် လုလာကြလိမ့်မယ်။ ဖားကန့်ဒေသလို ပြီးရင်တော့ ကျွန်တော်တို့ဒေသပဲ မူးယစ်ဆေး အပေါဆုံးက။ ရဲစခန်းမရှိ၊ တပ်စခန်းနဲ့ဝေး ဆိုတော့ အားလုံး လွတ်လပ်နေတာ”ဟုပြောကြားသည်။

တစ်ရှူးငှက်ပျောခင်းများတွင် မူးယစ်ဆေးဝါးများ လွတ်လပ်စွာ ရောင်းဝယ်၍ ရခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲရန် ငွေရှာရ လွယ်ကူခြင်း၊ အခြားသော ဒေသများက မူးယစ်ဆေးဝါး စွဲလမ်းသူများက လာရောက် လုပ်ကိုင်နေခြင်း တို့ကြောင့် မူးယစ်ဆေးဝါးများ အလွန်အကျွံ များပြားနေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာမှ ဒေသခံ ဦးစန်းဝေက “ ရွာမှာ အိမ်ခြေ နှစ်ထောင်ကျော်မှာ လူ သုံးရာလောက်က မူးယစ်ဆေး စွဲနေကြတယ်။ လူငယ်တွေက အများစု ဖြစ်နေတာ။ ဆက်သွယ်ရေးကောင်းတော့ ရောင်းဝယ်တာ အရမ်းလွယ်နေတယ်။ မူးယစ်ဆေး ပေါတာကတော့ ဖားကန့်ပြီးရင် ငှက်ပျောခြံတွေက ဒုတိယအကြီးဆုံး ဈေးကွက်ပဲ။ ရဲမရှိ၊ တပ်မရှိ ထိန်းသိမ်းမယ့်သူ မရှိ။ အားလုံး ဖရီး ဖြစ်နေတာ” ဟု ပြောကြားသည်။

ရွာသစ်ကျေးရွာအုပ်စုတွင် ကျင်းစား လုပ်ကိုင်သူတစ်ဦးက “ မူးယစ်သုံးသူဆိုရင် တရုတ်လောပန်းက မကြိုက်ဘူး။ မောင်းထုတ်တယ်။ ဒါပေမဲ့ လုပ်အားလိုအပ်ချက်အရ အပြင်က အလုပ်သမားတွေလည်း ခေါ်ရတယ်။ သူတို့ကို ထိန်းလို့မရဘူး။ အသီးပေါ်ချိန်ဆို အလုပ်သမားတွေက အများကြီး သုံးရတာကို။ ဆေးပြား တစ်ပြား ၁၅၀၀ တဲ့ လှည့်ရောင်းသူကို ရှိနေတာ။ ဒီမှာက အလုပ်သမားတွေချည်း နေကြတော့ အလုပ်သွားရင် ကိုယ်အခန်းမှာ ရှိတာတွေ ခိုးသွားကြတာ။ ရွာထဲမှာလည်း ဆိုင်ကယ်တွေ၊ ပစ္စည်းတွေ မကြာခဏ ပျောက်နေတာ။ မူးယစ်သုံးသူကို ဘယ်သူမှ မခိုင်းတော့ ဘေးရောက်သွားပြီး ခိုးစားတဲ့အဆင့် ရောက်သွားတာ” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် သောင်းနှင့်ချီသော ရွှေ့ပြောင်း လုပ်သားများသည် တရုတ် တစ်ရှူးငှက်ပျောခင်းများတွင် ကျင်းစား (လုပ်ကွက်အလိုက် ပြီးသည်အထိ ငှက်ပျောတန်ဖိုးကိုယူ၍ လုပ်ကိုင်သူ) နှင့် နေ့စား အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလတွင် အစိုးရမှ ကောက်ယူသည့် စာရင်းအရ ဧက ၄၀၀၀၀ ကျော် ရှိရာမှ ၂၀၁၈ ခုနှစ် သြဂုတ်လ စာရင်းအရ ဧက ၆၀၀၀၀ ကျော်အထိ ကောက်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူမှုအဖွဲ့အစည်းများ၊ ဒေသခံများက ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျော စိုက်ဧက တစ်သိန်းလေးသောင်း ဝန်းကျင် ရှိနေကြောင်း သုံးသပ်ထားပြီး စိုက်ခင်းများတွင် ဓာတု ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အလွန်အကျွံ သုံးစွဲခြင်း၊ ရေဆိုးများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းတို့ကို သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေကြောင်း၊ အခွန်နစ်နာမှု၊ မြေယာနစ်နာမှု၊ ဒေသခံများ နစ်နာမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်းမည်ကို သြဂုတ် ၂၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ဦးနိုင်ကိုကို ဆွေးနွေးတင်ပြခဲ့သည်။

တစ်ရှူး ငှက်ပျောခင်းများနှင့် ပတ်သက်၍ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကလည်း တရုတ်စိုက်ပျိုးရေး လုပ်ကိုင်သူများကို ခေါ်ယူကာ တရုတ်ယွမ်ငွေ သိန်းနှင့် ချီကာ ငွေကြေး ကောက်ခံခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်မှ ဒေသခံများ တရုတ် တစ်ရှူးငှက်ပျောခင်း အလိုမရှိကြောင်း မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၃ ရက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကေအိုင်အိုအဖွဲ့ ကလည်း တစ်ရှူး ငှက်ပျောစိုက်ခင်းများ ထပ်မံတိုးချဲ့လာမှုကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ရှောင်ကျေးရွာများ၏ မြေများ၊ ပတ်ဝန်းကျင်များကို အဓမ္မသိမ်းယူခြင်း မပြုရန် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် ဧရာဝတီမြစ်ရိုကျေးရွာများတွင် ယင်းတစ်ရှူးငှက်ပျောစိုက်ခင်းများအတွက် မြေဧက ထောင်ချီဝယ်ယူမှုများ ဖြစ်ပွားနေပြီး ကျေးရွာ စားကျက်မြေများ၊ သစ်တောမြေများ၊ မြေလွတ်မြေရိုင်းများ ရောင်းချနေသဖြင့် စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးသော ကျေးရွာများ၏ ရေရှည်အတွက် စိုးရိမ်မှုများဖြစ်နေကြောင်း သိရသည်။