မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့သို့ ထိုင်းနိုင်ငံမှ မြေအောက်ကေဘယ်လ်ကြိုးဖြင့် လျှပ်စစ်မီးသွယ်တန်းပြီး ဖြန့်ဝေမည့် အစီအစဉ် စတင်မည်

မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့သို့ ထိုင်းနိုင်ငံမှ မြေအောက်ကေဘယ်လ်ကြိုးဖြင့် လျှပ်စစ်မီးသွယ်တန်းပြီး ဖြန့်ဝေမည့် အစီအစဉ် စတင်မည်
Published 16 September 2018

နယ်စပ်မောတောင်မြို့ကို တွေ့ရစဉ်

မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့သို့ ထိုင်းနိုင်ငံမှ မြေအောက်ကေဘယ်လ်ကြိုးဖြင့် လျှပ်စစ်မီးသွယ်တန်းကာ ဖြန့်ဝေပေးမည့်အစီ အစဉ်ကို စတင်နိုင်တော့မည်ဖြစ်ကြောင်း နယ်စပ်အစည်းအဝေးမှ သိရသည်။

မြိတ်ခရိုင်နှင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီ ခန်ခရိုင်မှတာဝန်ရှိသူများ၊ ကုန်သည်များ တွေ့ဆုံသည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေး ကဏ္ဍများအတွက် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက်က ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်မြို့နယ်၊ ပရာကျွတ်ဂရင်း ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လျှပ်စစ်မီး သွယ်တန်းပေးမည့် ကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ထိုင်းနိုင်ငံကနေ လျှပ်စစ်မီးကို သွယ်တန်းဖို့ ကြိုးစားလာတာ ခြောက်နှစ်လောက်ရှိပါပြီ။ ဒီနေ့အစည်းအဝေးမှာ ကောင်းတဲ့အဖြေ တစ်ခုတော့ ရရှိလာပါတယ်။ ထိုင်းနိုင်ငံ လုံခြုံရေးကောင်စီ အနေနှင့် သဘောတူတဲ့အကြောင်း ပြန်လည်ပြောကြားလာတာ ရှိပါတယ်။ နောက်တစ်ပတ် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်ပေးမယ်လို့ ဖြေကြားထားတာ ရှိပါတယ်။ အခုလုပ်မယ့် အစီအစဉ်က မြေအောက်ကေဘယ်လ်လိုင်းနှင့် သွယ်တန်းမှာပါ။ လောလောဆယ် မောတောင်ဒေသကိုပဲအရင် လျှပ်စစ်ဖြန့်ဖြူး ပေးမှာပါ။ ထိုင်းနိုင်ငံမှ ခွင့်ပြုထားတာက ၂ မီဂါဝပ် ဖြစ်ပါတယ်” ဟု ဖိုးသီးချိုလျှပ်စစ်ကုမ္ပဏီမှ တာဝန်ခံ ဦးလွမ်းကိုကိုက ပြောကြားသည်။

မြန်မာ-ထိုင်း နယ်စပ်မြို့လေးတစ်မြို့ ဖြစ်သည့် မောတောင်မြို့တွင် လျှပ်စစ်မီးသုံးစွဲသည့် အိမ်ခြေ ၈၀၀ ကျော်ရှိနေပြီး လျှပ်စစ်မီးကို ဒီဇယ်ဆီဖြင့် ခုတ်မောင်းကာ ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း၊ နယ်စပ်မြို့ ဖြစ်သည့်အတွက် ကုန်သွယ်မှုလုပ်ငန်းများနှင့် ရင်းနှီးမြုှပ်နှံမှု လုပ်ငန်းများအတွက် လျှပ်စစ်မီးမှာ အရေးပါနေသည့်အတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီး ဝယ်ယူသုံးစွဲခွင့်ရရှိရန် လွန်ခဲ့သည့် ခြောက်နှစ်ခန့်မှ စတင်ကြိုးစား နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မောတောင်မြို့အတွက် လျှပ်စစ်မီးဝယ်ယူဖို့ တင်ပြထားတယ်။ အစည်းဝေးမှာလည်း ထိုင်းဘက်က တင်ပြလာတာရှိတယ်။ မောတောင်ကို လျှပ်စစ်မီးသွယ်တန်းဖို့ ထိုင်းဘက်ခွင့်ပြုပေးလိုက်ပြီလို့ ကြားသိရပါတယ်။ ဒါကြောင့် မောတောင်မြို့က မကြာမီမှာ ဖွံ့ဖြိုး တိုးတက်လာပါလိမ့်မယ်။ မြို့အနေနှင့် သတ်မှတ်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် အချိန်တိုအတွင်းမှာပဲ မောတောင်မြို့လေးက အတော်လေး ဖွံ့ဖြိုးတိုးတက် လာလိမ့်မယ်လို့ ကျွန်တော့်အနေနှင့် ယုံကြည်ပါတယ်” ဟု မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလှသန်းကဆိုသည်။

မောတောင်မြို့သို့ လျှပ်စစ်မီးပေးရန် အစီအစဉ် ရေးဆွဲနေကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ လျှပ်စစ်မီးပေးရန် လုပ်ဆောင်နေပြီး နယ်စပ်ကိစ္စရပ်များတွင် အခက်အခဲတချို့ ရှိနေသည့်အတွက် ဓာတ်တိုင်များ စိုက်ထူကာ လျှပ်စစ်မီးသွယ်တန်းပေးခြင်း မရှိဘဲ မြေသွင်းပိုက်လိုင်းဖြင့် သွယ်တန်းကာ လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန် ဒုတိယခရိုင်ဝန်က ပြောကြားသည်။

မြန်မာနိုင်ငံမှ လိုအပ်ချက် တစ်ခုဖြစ်သည့် လျှပ်စစ်မီးကို ထိုင်းနိုင်ငံမှ သွယ်တန်းရာတွင် မြန်မာတာဝန်ရှိသူများက သဘောတူကြောင်း၊ ကန့်ကွက်ရန် မရှိသည့် ထောက်ခံချက်ကို လိုအပ်မည်ဖြစ်ရာ ဒေသဖွံ့ဖြိုးရေးနှင့်  ဒေသခံပြည်သူများ လျှပ်စစ်မီး ဈေးနှုန်းသက်သာစွာ သုံးစွဲခွင့်ရရန်အတွက် ကူညီပေးပါရန် ဦးလွမ်းကိုကိုက ပြောကြားသည်။

လက်ရှိထိုင်းနိုင်ငံဘက်တွင် လျှပ်စစ်မီး တစ်ယူနစ်လျှင် ၆ ဘတ် (မြန်မာငွေ ၂၈၀ ခန့်) ကျသင့်နေပြီး သွင်းကုန်အခွန်များ၊ မီးသွယ်တန်းစရိတ်များ၊ တခြားကုန်ကျစရိတ်များကို တာဝန်ရှိသူများနှင့် တွက်ချက်ပြီး တစ်ယူနစ်လျှင် မည်မျှဖြင့် ဖြန့်ဝေပေးမည်ကို သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။