တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် တရားမဝင်လေလံစုမဲနှင့် ပတ်သက်၍ ဒေသခံများ ဆန္ဒထုတ်ဖော်

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် တရားမဝင်လေလံစုမဲနှင့် ပတ်သက်၍ ဒေသခံများ ဆန္ဒထုတ်ဖော်
Published 13 September 2018

တရားမဝင်လေလံစုမဲနှင့် ပတ်သက်၍ စက်တင်ဘာ ၁၂ ရက်က လောင်းလုံးမြို့နယ်တွင် ဆန္ဒထုတ်ဖော်နေစဉ်

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် တရားမဝင်လေလံစုမဲနှင့် ပတ်သက်၍ မတရား ဖိနှိပ်ချုပ်ချယ်နေမှုများ ချက်ချင်းရပ်ဆိုင်းပေးရန်နှင့် မြို့နယ်တရားသူကြီးအား အရေးယူပေးရန် ဒေသခံ ၁၅၀ ခန့်က စက်တင်ဘာ ၁၂ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ယင်းဆန္ဒထုတ်ဖော်မှုကို လောင်းလုံးမြို့ သဗျာဘောလုံးကွင်း၌ မွန်းလွဲ ၁၂ နာရီခွဲတွင် စတင်ခဲ့ပြီး သဗျာဘောလုံးကွင်းမှ လောင်းလုံးမြို့အဝင်လမ်းအတိုင်း လောင်းလုံးမြို့တွင်းလမ်းမှ မြို့နယ်တရားရုံးရှိရာသို့ လမ်းလျှောက်ချီတက်ခဲ့ကြကာ လမ်းတစ်လျှောက်တွင် တရားဥပဒေစိုးမိုးရေး (ဒို့အရေး)၊ လောင်းလုံးမြို့နယ်တရားသူကြီးအား အရေးယူပေးရေး (ဒို့အရေး)၊ လူကိုထောင်ချ၊ အိမ်ကိုဝရမ်းကပ် မတရားဖိနှိပ်ချုပ်ချယ်နေမှု (ချက်ချင်းရပ်)၊ အမှုတွဲတွင် ပါဝင်မှုမရှိသောသူများအား တရားစွဲဆိုခြင်းကို (ချက်ချင်းရပ်)၊ သံကို သံဖျက် သံချေးတက် တရားရုံးကို တရားသူကြီးဖျက် (ပြည်သူတွေဘဝပျက်)၊ ဥပဒေကို လက်တစ်လုံးခြားလုပ်၊ ပြည်သူတွေ ဘဝပျက်အောင် လုပ်နေသော တရားစီရင်ရေး (အလိုမရှိ)၊ တရားဥပဒေနှင့် ဆန့်ကျင်သော တရားစီရင်ရေး(အလိုမရှိ)၊ တရားမဝင်လေလံစုမဲဖြင့် အနိုင်ဒီဂရီအား ပယ်ဖျက်ပေးရေး(ဒို့အရေး) စသော ပိုစတာများကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မွန်းလွဲ ၁ နာရီခွဲတွင် လောင်းလုံးမြို့နယ်တရားရုံးရှိရာ မြို့မဘောလုံးကွင်းလမ်းသို့ ရောက်ရှိခဲ့ပြီး မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ဒေသခံများ ကြုံတွေ့နေရသည့် ပြဿနာများနှင့် တရားစီရင်ရေးစနစ်အကြောင်း ဟောပြောခဲ့သည့်အပြင် တရားမဝင် လေလံစုမဲကြောင့် တရားစွဲဆိုခံရသူများနှင့် ထောင်ဒဏ်ချမှတ်ခံရသူများ၊ နေအိမ်ဝရမ်းကပ်၍ အသိမ်းခံခဲ့ရသူများက ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ဟောပြောခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ဆန္ဒထုတ်ဖော်မှုကို ရပ်နားခဲ့ကြသည်။ ယင်းဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သည့် အောက်ရေဖြူရွာနေ ကိုဇော်မင်းထိုက်က “ပြည်သူတွေ ဒုက္ခဖြစ်နေတဲ့ဟာတွေကို ကူညီချင်တဲ့သဘောလည်း ပါတယ်။ ကျွန်တော့်မိန်းမ ကိုယ်တိုင်လည်း ဖြစ်နေတယ်။ ကျွန်တော့်အိမ်မှာလည်း လာလုပ်တာ (တရားရုံးမှ အိမ်ကိုဝရမ်းကပ်၍ ဆွဲချမှု) ရှိပါတယ်။ ကျွန်တော် လေလံကိစ္စနဲ့ မပတ်သက်ပါဘူး။ ဒါကိုအိမ်ထဲအထိ ဝင်ပြီးတော့ ကျွန်တော့်ကို ခုခံပါတယ်ဆိုပြီးတော့ တရားရုံးမှာ စွဲချက်တင်ပြီးတော့ တရားစွဲဆိုထားပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်ကိုယ်တိုင်လည်း ဒုက္ခရောက်နေတာကို မကျေနပ်တာလည်းပါတယ်။ ပြည်သူတွေ ဒုက္ခမရောက်အောင် ကူညီချင်တဲ့စိတ်လည်းပါတယ်။ ဒါကြောင့် အခုလို လုပ်ရခြင်း ဖြစ်ပါတယ်။ တရားမဝင် လေလံစုမဲ ပြဿနာက ၂၀၁၁ လောက်ကတည်းက ဖြစ်နေတဲ့ပြဿနာတွေပါ။ အခု ၂၀၁၈ ဆိုတော့ ခုနစ်နှစ်လောက် ရှိပါပြီ။ ဒုက္ခရောက်နေတာ အများကြီးပါပဲ။ ကျန်တဲ့ရွာတွေလည်း ဒုက္ခဖြစ်နေတယ်။ အဘိုးကြီးတွေ အဘွားကြီးတွေပဲ ဖြစ်နေတာများတယ်။ ကျွန်တော်ကတော့ အကုန်လုံး ငြိမ်းချမ်းအောင် ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ဖြစ်တာကိုပဲ လိုချင်တယ်။ အမှုအမှန်ပေါ်ပေါက်တာကိုပဲ လိုချင်တယ်” ဟု ပြောကြားသည်။

ထို့ပြင် တရားမဝင် လေလံစုမဲကိစ္စနှင့် ပတ်သက်၍ တရားစွဲဆိုခံရပြီး ထောင်ဒဏ်ချမှတ်ခံရခြင်း၊ နေအိမ်ကို ဝရမ်းကပ်ကာ နေထိုင်သူများကို ဆွဲထုတ်ခြင်း စသည့် ပြဿနာများကြောင့် ဒုက္ခဖြစ်နေသည်မှာ လောင်းလုံးမြို့နယ်အတွင်း၌ ၁၀ ရွာခန့်ရှိပြီး သက်ကြီးရွယ်အိုများကို နေအိမ်ပေါ်မှဆွဲချခြင်း၊ တရားမဝင် လေလံစုမဲလုပ်သူကတစ်ဦး၊ ဝရမ်းကပ်၍ တရားစွဲခံရသူကတစ်ဦး ဖြစ်နေခြင်းများမှာ ပိုမိုများပြားနေ၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တည့်မတ်အောင် ဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု ကိုဇော်မင်းထိုက်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲသို့ လာရောက်၍ ဟောပြောခဲ့သည့် မကွေးကျောင်းဆရာတော်ဦးပါ မောက္ခကလည်း ယခုကဲ့သို့ဆန္ဒထုတ်ဖော်ပွဲတွင် လာရောက် ဟောပြောခဲ့ရခြင်းမှာ ဒေသခံများ အနေဖြင့် တစ်ဖက်နိုင်ငံတွင် ခက်ခဲပင်ပန်းစွာ သွားရောက်လုပ်ကိုင် ရှာဖွေနေရချိန်တွင် ယခုကဲ့သို့ တရားသူကြီး၊ ရဲနှင့်ဥပဒေအရာရှိများ ပူးပေါင်း၍ တရားလိုများက အနိုင်ကျင့်သည့်ဝါဒကို ၎င်းအနေဖြင့် တနင်္သာရီတိုင်းရှိ ဒေသခံပြည်သူများအပေါ် သနားငဲ့ညှာသောအားဖြင့် တရားဥပဒေ၏ အစောင့်အရှောက်ကို ရရှိစေချင်သောကြောင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း မိန့်ကြားသည်။

ဆန္ဒထုတ်ဖော်ပွဲအပြီးတွင် ဒေသခံများက လေလံစုမဲကိစ္စရပ်အပေါ် အခြေခံ၍ တရားစွဲဆိုထားသောအမှုများကို ပြန်လည်စိစစ်ပေးနိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးရန်၊ ပြန်လည်စိစစ်ဆဲ ကာလအတွင်း၌ လေလံတင် ရောင်းချခြင်း၊ အပ်ဝရမ်းအတည်ပြု ဆောင်ရွက်ခြင်းများ ယာယီဆိုင်းငံ့ထားပေးရန်၊ တရားမဝင် လေလံစုမဲကိစ္စရပ်အပေါ် အခြေခံ၍ ချမှတ်ထားသော အနိုင်ဒီဂရီများကို ပြန်လည်ပယ်ဖျက်ပေးရန်၊ ကာလပေါက်ဈေးထက် လွန်စွာကွာဟသောဈေးဖြင့် လေလံတင်ရောင်းချခဲ့ပြီး အရောင်းသက်သေခံ လက်မှတ်များ ထုတ်ပေးခဲ့သည့် ကိစ္စရပ်များအပေါ် ပယ်ဖျက်ပေးရန်နှင့် အမှုတွဲတွင် ပါဝင်ပတ်သက်ခြင်း မရှိသူများကို အမှုတွဲမှ ပယ်ဖျက်ပေးပါရန် ထုတ်ပြန် ကြေညာခဲ့သည်။